ကိုဗစ်ကို ရှေ့တန်းကနေတွန်းလှန်ပေးနေတဲ့ သူတွေအတွက် ကွတ်ကီး (၁၀၀၀) ကျော် ဖုတ်လုပ်ပေးခဲ့တဲ့ (၃) နှစ်သမီးလေး

31-8-2020-yyl-002.jpg

ကိုဗစ်ကာလအတွင်းမှာ လူတော်တော်များများက ကိုယ်တတ်စွမ်းသလောက်၊ ကိုယ်တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းကနေ ကူညီလုပ်ဆောင်ပေးနေကြပါတယ်။ ကိုဗစ်ကို ရှေ့တန်းကနေ တွန်းလှန်ပေးနေတဲ့ ဝန်ထမ်းတွေကိုလည်း ပံ့ပိုးကူညီပေးနေသူတွေလည်း ရှိပါတယ်။ သူတို့တွေကို ပံ့ပိုးကူညီပေးနေတဲ့ သူတွေအထဲမှာ စတေးဝါတာမြို့ (Stillwater) က အသက် (၃) နှစ် သမီးလေးလည်း ပါဝင်ပါတယ်။ မီယာ ဗီလာ (Mia Villa) ဆိုတဲ့ (၃) နှစ်သမီးလေးက မုန့်ဖုတ်ရတာကြိုက်တဲ့သူ့ဝါသနာနဲ့ ကပ်ရောဂါအတွင်းမှာ အခြားသူတွေကို အပျော်တွေယူဆောင်လာပေးခဲ့တာပါ။ မီလာနဲ့ သူ့မိခင် ဒီဗင် ဗီလာ (Devin Villa) တို့ဟာ ကပ်ရောဂါစတင်ကတည်းက ကွတ်ကီး (၁၀၀၀) ကျော် ဖုတ်လုပ်ခဲ့ပြီး ရှေ့တန်းကနေ တွန်းလှန်နေတဲ့ ဝန်ထမ်းတွေကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

“မီယာက ကောင်တာမှာ မတ်တပ်ရပ်နိုင်နေကတည်းက မီးဖိုခန်းထဲမှာ ကျွန်မကိုကူညီပေးနေခဲ့တာပါ။ (၁၈) လသမီးအရွယ်တုန်းက ကူညီပေးနေတဲ့ပုံတွေ ကျွန်မဆီမှာရှိပါတယ်။ ကလေးတစ်ယောက်အနေနဲ့ ကျွန်မရဲ့အမေကို ကျွန်မကူညီပေးနေခဲ့တဲ့ အချိန်ကလိုပါပဲ။ သမီးကလည်း ကျွန်မလုပ်နေတဲ့ အရာတွေမှာ စိတ်ဝင်စားကြောင်းပြသခဲ့ပါတယ်။ ကျွန်မတို့ မုန့်ဖုတ်တော့ ဗြောင်းဆန်နေတာပါပဲ။ ဒါပေမဲ့ လေ့လာသင်ယူရတာ ပျော်စရာကောင်းပါတယ်”လို့ မီလာရဲ့အမေ ဒီဗင်က ပြောပါတယ်။

ကပ်ရောဂါအတွင်းမှာ ရောဂါကို ရှေ့တန်းကတွန်းလှန်ပေးနေတဲ့သူတွေအတွက် အရမ်းဖိအားများတယ်ဆိုတာ မီလာ သတိပြုမိခဲ့ပြီး တစ်ခုခုကူညီပေးချင်ခဲ့တာ ဖြစ်တယ်လို့ ဒီဗင်က ဆိုပါတယ်။ “မီလာကို ကြင်နာတရားထားတတ်ဖို့၊ ကျေးဇူးတရားထားတတ်ဖို့၊ ရက်ရောတတ်ဖို့စတဲ့ သင်ခန်းစာတွေကို သင်ကြားပေးမယ့် အရာတစ်ခုခုကို မီလာနဲ့အတူတူ လုပ်ဖို့ ကျွန်မကြိုးစားနေခဲ့တာပါ”လို့ ဒီဗင်က ပြောပါတယ်။ အဲဒီလို သင်ခန်းစာ သင်ကြားပေးဖို့ ကူညီပေးနိုင်မယ့် မုန့်ဖုတ်နည်းကို အသုံးပြုမယ်လို့ ဒီဗင် ဆုံးဖြတ်ခဲ့ပါတယ်။ မုန့်ဖုတ်တာကို တစ်ပတ် (၂) ကြိမ်လောက်လုပ်ဖြစ်ကြပါတယ်။ မီလာနဲ့ သူ့အမေတို့က သူတို့ရဲ့အစီအစဉ်ကို “Cookie Kindness” လို့ ခေါ်ပါတယ်။ သူတို့တွေက အကြင်နာတရားရှိကြတဲ့ လူတွေဆီကို ကွတ်ကီးတွေ ပို့ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ “အပြုံးနဲ့ အကြင်နာတရားတွေက လူတစ်ယောက်နဲ့တစ်ယောက်ကို ကူးစက်တတ်တယ်လို့ ကျွန်မ ယုံကြည်ထားပါတယ်။ ကမ္ဘာကြီးက ဒါတွေကို ပိုလိုအပ်ပါတယ်”လို့ ဒီဗင်က ဆိုပါတယ်။

မီလာတို့သားအမိက တစ်ပတ် (၂) ကြိမ်၊ တစ်ခါတလေဆိုရင် (၃) ကြိမ်လောက် မုန့်ဖုတ်ပြီး ရှေ့တန်းမှာ တွန်းလှန်နေတဲ့ဝန်ထမ်းတွေ အလုပ်လုပ်တဲ့နေရာတွေဖြစ်တဲ့ မီးသတ်စခန်း၊ ဆေးရုံ၊ ဆေးခန်းတွေကို ကွတ်ကီးတွေယူလာပေးပါတယ်။ Mia’s Cookie Jar အမည်နဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကိုလည်း ဖွင့်ထားပြီး ကွတ်ကီးပို့ပေးတာနဲ့ ပတ်သက်တဲ့ သတင်းတွေကို တင်ပေးပါတယ်။ “ကွတ်ကီးပို့ပေးတာလို့ အရမ်းရိုးရှင်းပုံရတဲ့ အရာတွေကလည်း တစ်စုံတစ်ယောက်ရဲ့နေ့ရက်တွေကို ဖန်တီးပေးနိုင်ပါတယ်”လို့ မီလာရဲ့အမေက ပြောပါတယ်။ သူတို့ရဲ့ကွတ်ကီးကို လက်ခံရရှိခဲ့တဲ့လူတိုင်းကလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုကြပြီး အရေးပေါ်အလုပ်က ဘယ်လိုမျိုးလဲဆိုတာကို မီလာကို ပြပေးတဲ့အပြင် မီးသတ်ကားရဲ့ အတွင်းထဲကိုလည်း ဝင်ခွင့်ပြုပေးပါတယ်။ မီလာက ကိုဗစ်ကို တွန်းလှန်နေတဲ့ ဝန်ထမ်းတွေအတွက် မုန့်ဖုတ်ပေးရတာကို ကြိုက်ပြီး ရပ်ပစ်လိုက်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

Ref: CBSNews “3-year-old bakes and delivers more than 1,000 cookies for frontline and essential workers”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top