မြန်မာပြည်ဖွား အမေရိကန် စီးပွားရေးလုပ်ငန်းရှင် မြင့်ဂျေကျော် ဒေဝါလီခံဖို့ လျှောက်ထား

13-7-2020-yyl-017.jpg

မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အဖြစ် ရပ်တည်ခဲ့သူတစ်ယောက် ဒေဝါလီခံဖို့ လျှောက်ထားခဲ့တယ်ဆိုတဲ့ သတင်းက အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ မြင့်ဂျေကျော်လို့ ခေါ်ကြတဲ့ ဂျက်ဖရေဝူကို ၁၉၆၄ ခုနှစ်က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပြီး ၉ နှစ်သားအရွယ်မှာ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်မှာ ဟောင်ကောင်စူပါမားကတ်(Hong Kong Supermarket)ကို စတင်တည်ထောင်ခဲ့ပြီး စီးပွားရေးခေတ်ကောင်းချိန်တုန်းက အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိ ချမ်းသာကြွယ်ဝခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်မှာ ဟောင်ကောင်မင်းသမီး၊ အဆိုတော် ဗီရိုနီကာယစ်ကို လက်ထပ်ခဲ့လို့ ဂျက်ဖရေဝူရဲ့နာမည်ကို အနုပညာအသိုင်းအဝိုင်းကပါ သတိထားမိလာခဲ့ပါတယ်။ ဗီရိုနီကာယစ်ဟာ ၁၉၈၅ ခုနှစ်က အာရှအလှမယ်ပြိုင်ပွဲမှာ ဒုတိယဆုရခဲ့ပြီး ညို့အားပြင်းတဲ့အခန်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ဒါပေမဲ့ သူဟာ ဂျက်ဖရေဝူနဲ့ အိမ်ထောင်ကျပြီးနောက်မှာတော့ သရုပ်ဆောင်လောကကနေ အနားယူခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ အကြီးမားဆုံး အရှေ့တိုင်းကုန်ခြောက်ရောင်းဝယ်၊ ဖြန့်ဖြူးရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Mon Chong Loong Trading Corp ကို ဂျက်ဖရေဝူက ပိုင်ဆိုင်တာပါ။ သူဟာ နယူးယော့ခ်မြို့ရဲ့ အိမ်ခြံမြေလုပ်ငန်းကြီးကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က တည်ဆောက်ခဲ့တဲ့ အခန်း ၉၉ ခန်းပါ ဗစ်တိုးရီးယားတာဝါဟာ ဂျက်ဖရေဝူရဲ့ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုဖြစ်ပြီး အခန်းတစ်ခန်းကို အမေရိကန်ဒေါ်လာ ၁ သန်းလောက်နဲ့ ရောင်းချနိုင်ခဲ့တာပါ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အသွားအလာတွေ ကန့်သတ်လိုက်ချိန်မှာ ဂျက်ဖရေဝူရဲ့ စူပါမားကတ်တွေ ရောင်းအားကျဆင်းခဲ့သလို နှာခေါင်းစည်း၊ လက်အိတ်၊ တစ်သျှူးတွေကို ဈေးတင်ရောင်းခဲ့တဲ့အတွက် အမေရိကန်နိုင်ငံ စားသုံးသူနဲ့ အလုပ်သမားကာကွယ်ရေး ဝန်ကြီးဌာနက သူ့ရဲ့ Hong Kong Supermarket ကို အမေရိကန်ဒေါ်လာ ၆၉,၅၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

အခုချိန်မှာတော့ ဂျက်ဖရေဝူဟာ ကိုယ်ရေးကိုယ်တာ ကြွေးမြီ အမေရိကန်ဒေါ်လာ ၄၈.၅ သန်း ပေးဖို့ရှိနေလို့ ဒေဝါလီခံဖို့ လျှောက်ထားခဲ့သလို အိမ်ခြံမြေကုမ္ပဏီ ၃ ခုကလည်း အမေရိကန်ဒေါ်လာ ၁၅.၃ သန်း ကြွေးမြီရှိနေလို့ အစိုးရရဲ့ စီမံခန့်ခွဲမှုခံယူဖို့ တင်ပြထားပါတယ်။ ဂျက်ဖရေဝူဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က နယူးယော့ခ်မြို့ အရှေ့ပိုင်းခရိုင် အမေရိကန်နိုင်ငံ ဒေဝါလီတရားရုံးမှာ ဒေဝါလီခံဖို့ လျှောက်ထားခဲ့တာပါ။ သူ့ရဲ့ကိုယ်ရေးကိုယ်တာ အကြွေးရှင်တွေထဲမှာ အမေရိကန်ဘဏ်လည်း ပါဝင်နေပြီး အမေရိကန်ဘဏ်တစ်ခုတည်းက အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ရဖို့ ရှိနေပါတယ်။

ဒါပေမဲ့ ဒေဝါလီခံရတာက ထင်သလောက် ဆိုးရွားတဲ့ကိစ္စမဟုတ်ဘူး၊ မိသားစုရဲ့နေ့စဉ်ဘဝကို သက်ရောက်မှုမရှိဘူး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တောင် အရင်တုန်းက မကြာခဏ ဒေဝါလီခံရဖူးတယ်လို့ ဗီရိုနီကာယစ်က ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ လူမွဲအဖြစ်ခံယူမှုဥပဒေ အခန်း ၁၁ အရ ဒေဝါလီခံလိုက်တဲ့အခါ စီးပွားရေးဆိုင်ရာ ဘဏ္ဍာရေး ပြန်လည်တည်ဆောက်မှုလုပ်ခွင့်ရှိပြီး ကြွေးမြီတွေကို တဖြည်းဖြည်းချင်း ပြန်ပေးဆပ်နိုင်တယ်လို့ ခွင့်ပြုပေးထားပါတယ်။

Ref: South China Morning Post & Jaynestars ” Veronica Yip Admits to Husband’s Bankruptcy “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top