သီချင်းဆို ပြိုင်ပွဲတွေရဲ့ တစ်ဖက်မှာ

sing.jpg

မြန်မာနိုင်ငံက ထုတ်လွှင့်ပြသနေတဲ့ ရုပ်သံလိုင်းတွေမှာ လူစိတ်ဝင်စားမှုအများဆုံး အစီအစဉ်လို့ ဆိုလိုက်ရင် သီချင်းဆိုပြိုင်ပွဲတွေဖြစ်ပါလိမ့်မယ်။

တီဗီချန်နယ်အမျိုးမျိုးက တင်ဆက်ပုံ အမျိုးမျိုး နဲ့ သီချင်းဆိုပြိုင်ပွဲတွေကို ကျင်းပနေကြတာပါ။ ပထမဆုံး ပြိုင်ပွဲ အဖြစ် ကျင်းပခဲ့ကြတဲ့ “ဆိုကြမယ် ပျော်ကြမယ်” က အစပြုလို့ အခု နောက်ဆုံး ခေတ်စားနေတဲ့ အိပ်မက်ဆုံရာ၊ Myanmar Idol၊ Galaxy Star Myanmar အထိ အဆက်မပြတ် အားပေးလာကြသူ ပရိတ်သတ်တွေလည်း မနည်းမနောရှိနေမှာပါပဲ။

အခုလို ပြိုင်ပွဲတွေ များပြားလာတာက အဆို ဝါသနာပါသူတွေအတွက် စင်ပေါ်တက်နိုင်ဖို့၊ အောင်မြင်နိုင်ဖို့ အထောက်အကူ အများကြီး ဖြစ်နိုင်တယ်ဆိုပေမယ့် အဆိုတော် အသစ်တွေ သီချင်းအသစ်တွေ အများကြီး ထွက်လာဖို့ကျ ပိုပြီး ခက်ခဲသွားနိုင်မလားလို့ စဉ်းစားမိပါတယ်။ သီချင်းဆို ပြိုင်ပွဲတွေရဲ့ ထုံးစံအရ နာမည်ကြီး ပြီးသား လူသိပြီးသား သီချင်းတွေကိုသာ အကောင်းဆုံး အနေအထားထိ ရောက်အောင် ပြန်လည် ကြိုးစား ယှဉ်ပြိုင်ရတာပါ။ အဲ့ဒီလို ယှဉ်ပြိုင်မှုတွေကိုမှ အကဲဖြတ်ဒိုင်လူကြီးတွေက အမှတ်ပေးဆုံးဖြတ်ကာ အနိုင်ရရှိသူကို တစ်ဆင့်ချင်း ရွေးချယ် ဆုံးဖြတ်ပေးတာပဲ ဖြစ်ပါတယ်။ ဒါက သီချင်းဆို ပြိုင်ပွဲတွေရဲ့ ရိုးရှင်းတဲ့ သဘော သဘာဝပါပဲ။

ဒါပေမယ့် တစ်ဖက်မှာ ကြည့်မယ်ဆိုရင်တော့ သီချင်းအသစ်တွေ နားထောင်ရဖို့ အခွင့်အလမ်းက ပိုပြီး နည်းပါးလာတယ်လို့ မြင်ပါတယ်။ အရင်က ပြိုင်ပွဲတွေ ခေတ်မစားခင်မှာဆိုရင် သီချင်း အသစ်တွေ၊ သီချင်းခွေ အသစ်တွေကို စိတ်ဝင်တစား ဝယ်ယူကြ နားထောင်ကြ မျှဝေကြနဲ့ ပိုပြီး အသစ်အသစ်သော ဖန်တီးမှု တွေကို မျှော်လင့်လို့ရခဲ့တာပါ။ အခုနောက်ပိုင်းမှာတော့ အဆိုပြိုင်ပွဲတွေရဲ့ လွှမ်းမိုးလာမှုအောက်မှာ အဆိုပြိုင်ပွဲကနေ တက်လာတဲ့ အဆိုတော် အသစ်တွေကို သာ အများဆုံး တွေ့မြင်နေရပါတယ်။ အဲ့ဒီလို ထွက်ပေါ်လာတဲ့ အနိုင်ရရှိ၊ လူသိများသွားသူတွေဟာဆိုရင်လည်း ပြိုင်ပွဲ တစ်ခု ပြိုင်နေစဉ်အတွင်းမှာတော့ အစွမ်းကုန် အားပေးခံရပေမယ့် ပြိုင်ပွဲ ပြီးသွားတဲ့နောက်မှာ ပရိသတ်တွေကလည်း နောက်ထပ် ပြိုင်ပွဲ ပွဲစဉ်တစ်ခုကို အာရုံရောက်သွားတာမျိုးတွေ ကြုံတွေ့ရမယ်ထင်ပါတယ်။

ကြည့်ရှုသူတွေကို ရင်ခုန် စိတ်လှုပ်ရှားများစရာ မျိုးစုံ ပေးစွမ်းနိုင်တဲ့ သီချင်းဆို ပြိုင်ပွဲတွေကို ကိုယ်တိုင် ကြည့်ရှုနေသူမို့ ကောင်းသည် ဆိုးသည် မပြောချင်ပေမယ့် တစ်ဖက်မှာလည်း လျော့နည်းလာတဲ့ သီချင်းအသစ်၊ ဖန်တီးမှုအသစ်တွေနဲ့ ကိုယ်ပိုင် သီချင်းအသစ်ဖန်တီးမှုတွေကို မျှော်လင့်နေမိတာလည်း အမှန်ပါပဲ။ သီချင်းဟောင်းတွေက အမြဲ ကောင်းနေဆဲ ဆိုပေမယ့် သီချင်းသစ်ကောင်းကောင်း ထွက်လာဖို့ထက် ရှိပြီးသားသီချင်းတွေကို ရုပ်သံချန်နယ်တွေကနေ အပတ်စဉ် တစ်ယောက်တစ်လှည့် တက်ဆိုနေတာက နည်းနည်းတော့ ငြီးငွေ့စရာ ကောင်းလာသလို ခံစားလာရတယ်လို့ ပြောပါရစေ။
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top