၂၀၂၁ခုနှစ်မှာ ငွေကို ဘယ်လိုချွေတာ စုဆောင်းကြမလဲ

19-1-2021-yyl-02.jpg

နှစ်တစ်နှစ်ကူးပြောင်းတာနဲ့ သင့်ကိုယ်တိုင် ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လုပ်ချင်ခဲ့တဲ့ အရာတွေ၊ မလုပ်ဖြစ်ခဲ့တဲ့အရာတွေကို အခုနှစ်မှာ လုပ်နိုင်ဖို့အတွက် အစီအစဉ်ဆွဲဖို့ လိုပါပြီ။ ကျန်းမာရေးနဲ့ညီညွှတ်စွာ နေထိုင်စားသောက်ဖို့ကတော့ နှစ်တိုင်း လုပ်သင့်တာပါ။ နှစ်ကုန်ရောက်တာနဲ့ ငွေတွေ ပိုပြီးစုဆောင်းမိဖို့အတွက် ၂၀၂၁ခုနှစ်အစမှာပဲ ငွေရေးကြေးရေးကို သေချာစီမံနိုင်ဖို့ အရေးကြီးပါတယ်။ ၂၀၂၁ခုနှစ်မှာ ငွေကို ဘယ်လိုစုဆောင်းရမလဲဆိုတဲ့ နည်းလမ်းတချို့ရှိပါတယ်။ အဲဒီနည်းလမ်းတွေကို စာဖတ်ပရိသတ်တွေအတွက် အသုံးတည့်နိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။

၁ တစ်လကို စုချင်တဲ့ငွေပမာဏ သတ်မှတ်ထားပါ

တစ်လချင်း ငွေစုဆောင်းဖို့အတွက် နည်းလမ်းတစ်ခုကတော့ သင့်ရဲ့လစာ၊ သင့်ရဲ့ပိုက်ဆံတွေကို အမျိုးအစားအလိုက်ခွဲထားဖို့ပါပဲ။ အသုံးစရိတ်အတွက် သက်သက်၊ စုငွေအတွက် သက်သက်ဆိုပြီး ခွဲထားသင့်ပါတယ်။ အသုံးစရိတ်အတွက် ပိုက်ဆံကို ဘယ်လောက်ထားမယ်၊ စုငွေအတွက် ဘယ်လောက်ထားမယ်ဆိုပြီး သီးသန့်သတ်မှတ်ခွဲခြားထားပါ။ ဥပမာ သင့်ရဲ့အသုံးစရိတ်ပေါ်မူတည်ပြီး သင့်လစာရဲ့၂၅ ရာခိုင်နှုန်းက စုဖို့အတွက်၊ ၁၀ ရာခိုင်နှုန်းက မိဘတွေအတွက် နောက်ထပ် ၁၅ ရာခိုင်နှုန်းက ဘေလ်နဲ့ စားသောက်ကုန်အတွက် သက်သက်ဖယ်ထားလို့ရပါတယ်။ သင့်ကိုယ်တိုင် ငွေပမာဏကို ရှင်းရှင်းလင်းလင်း ခွဲခြားသတ်မှတ်ထားမယ်ဆိုရင် သင် သတ်မှတ်ထားတဲ့ ငွေပမာဏကို အလွယ်တကူစုဆောင်းနိုင်မှာဖြစ်ပြီး ဘဏ်အကောင့် (သို့) ပိုက်ဆံအိတ်ထဲမှာ သင်ထင်ထားတာထက် ငွေပမာဏနည်းနေရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးတတ်တဲ့ “ငါ့ပိုက်ဆံတွေ ဘယ်ရောက်သွားတာလဲ” ဆိုတာလည်း မဖြစ်တော့ပါဘူး။

(၂) စုငွေအတွက် ဘဏ်ကတ်သက်သက်၊ အသုံးစရိတ်အတွက် ဘဏ်ကတ်သက်သက်ထားပါ


ငွေစုဆောင်းချင်ရင်တော့ ဘဏ်အကောင့်သက်သက်ဖွင့်ထားတာအကောင်းဆုံးပါပဲ။ တစ်လတာအသုံးစရိတ်အတွက် အကောင့်တစ်ခု၊ ငွေစုဆောင်းဖို့အတွက် အကောင့်တစ်ခု ခွဲထားသင့်ပါတယ်။ စုငွေနဲ့ အသုံးစရိတ်ရောမထားမှ ငွေစုဆောင်းရတာအဆင်ပြေပါလိမ့်မယ်။ စုဆောင်းထားတဲ့ငွေကို အသုံးစရိတ်အတွက် သွားမသုံးမိမှာဖြစ်ပါတယ်။ လကုန်လစာရတာနဲ့ သင် စုဆောင်းချင်တဲ့ငွေပမာဏကို အဲဒီအတွက် သီးသန့်ဖွင့်ထားတဲ့ ဘဏ်အကောင့်ထဲ ထည့်လိုက်ရုံပါပဲ။ အသုံးစရိတ်နဲ့ စုဆောင်းမယ့်ငွေ ရောမသွားမှာဖြစ်ပါတယ်။

(၃) ရေဖိုး၊ မီးဖိုးကို အချိန်မီဆောင်ပါ

ရေဖိုးမီးဖိုးဘေလ်ဆောင်ဖို့အတွက် တချို့တွေက အလုပ်ရှုပ်နေလို့ အချိန်မီမဆောင်ဖြစ်ကြသလို တချို့ကတော့ အချိန်လိုပါသေးတယ်ဆိုပြီး လျစ်လျူရှုထားတာမျိုးတွေရှိပါတယ်။ အချိန်မီပေးဆောင်လိုက်မယ်ဆိုရင် ငွေအကုန်အကျများတာကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ ဆောင်ဖို့ ကျန်နေတယ်ဆိုရင် အဲဒီစာရွက်ကို မြင်ပြီး “ငါ မီးဖိုးရေဖိုးဘေလ်ဆောင်ရဦးမှာပါ့လား၊ အကုန်အကျများလိုက်တာ” လို့ တွေးမိသွားပါလိမ့်မယ်။ မီးဖိုးရေဖိုးကို မြန်မြန်ပေးလိုက်တာ ငွေအများကြီးကုန်သလို မခံစားရမှာဖြစ်ပါတယ်။ နောက်မှဆောင်ရင်တော့ အခြားကုန်ရမယ့်အရာတွေနဲ့ပေါင်းပြီး ကုန်ကျမယ့်ပိုက်ဆံက များသွားမှာဖြစ်ပါတယ်။

(၄) မလိုအပ်တဲ့အရာတွေအတွက် ငွေမသုံးမိပါစေနဲ့

တစ်လကို သင် ဘယ်လောက်သုံးမယ်ဆိုတာမျိုးကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားသင့်သလို မလိုအပ်ဘဲ ကုန်ကျတာမျိုးတွေကိုလည်း ကန့်သတ်ပစ်သင့်ပါတယ်။ အိမ်မှာရှိပြီးသားပစ္စည်းမျိုးလို နောက်ထပ်ပစ္စည်းဝယ်တာမျိုးတွေ မလုပ်မိပါစေနဲ့။ Bubble Tea သောက်မယ်ဆိုရင်လည်း အဲဒီအတွက် ပိုက်ဆံသုံးတာက တစ်ခါတလေပဲ ကောင်းပါတယ်။ နေ့တိုင်း သောက်တာမျိုးမလုပ်ပါနဲ့။ အဲဒီလိုဖျော်ရည်မျိုးက ကျန်းမာရေးနဲ့မညီညွှတ်သလို ပိုက်ဆံကုန်တာပဲရှိပါတယ်။ ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာတွေ၊ မလိုအပ်တဲ့ ပစ္စည်းတွေအတွက် ကုန်ကျမယ့်ငွေကို စုမယ့်ပိုက်ဆံထဲ ထည့်လိုက်တာအကောင်းဆုံးပါပဲ။

Ref: 4 ways to better manage your finances in 2021
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top