သင်လျစ်လျူရှုမိနေတဲ့ လေဖြတ်ခြင်းရဲ့ လက္ခဏာများ

an-elderly-indian-man-with-heart-problems-9QPRM5C.jpg

လူသေဆုံးမှုနှုန်း အများဆုံး ရောဂါတွေထဲမှာတော့ လေဖြတ်ခြင်းက အဆင့် ၅ သေဆုံးမှု အများဆုံးနေရာမှာ ဦးဆောင်နေပါတယ်။ လေဖြတ်ခြင်းကြောင့်ဖြစ်တဲ့ ဦးနှောက် ပျက်စီးခြင်းကိုတော့ မှန်ကန်တဲ့ ကုသနည်းတွေသုံးပြီး ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုးစားလို့ရနိုင်ပေမယ့် လေဖြတ်ခြင်းရဲ့ လက္ခဏာတွေကို အခြားသော ကျန်းမာရေး ပြဿနာ ဖြစ်နိုင်တယ်လို့ မှားယွင်း ယူဆတာက မှန်ကန်တဲ့ ကုသမှုတွေကို နှောင့်နှေးစေတဲ့ အကြောင်းတွေပါ။

လေဖြတ်နေဆဲအချိန် တစ်မိနစ်တိုင်း တစ်မိနစ်တိုင်းမှာ သင့်ဦးနှောက်ဟာ ဆဲလ်ပေါင်း ၁.၉ မီလီယမ် နီးပါးလောက် ဆုံးရှုံးနေရပါတယ်။ ပုံမှန်အားဖြင့် သုံးနှစ်ခွဲလောက်အတွင်းမှာ ပျက်စီးနိုင်မယ့် ဦးနှောက် လုပ်ဆောင်ချက်တွေကို လေဖြတ်ခြင်းက တစ်နာရီအတွင်း ပျက်စီးစေနိုင်ပါတယ်။ ကုသမှုမခံယူဘဲ ထားတာကြာလာလေလေ စကားပြောရခက်ခဲလာတာတွေ၊ မှတ်ဥာဏ် ပျောက်ဆုံးလာတာတွေ၊ အပြုအမူ ပြောင်းလဲလာတာတွေ ပိုဖြစ်လာလေလေပါပဲ။ စောစောသိနိုင်မှသာ ပိုမိုကောင်းမွန်တဲ့ ကုသမှုကို ခံယူနိုင်မှာဖြစ်ပြီး ဒါကလည်း ပျက်စီးမှုတွေကို အနည်းဆုံးဖြစ်အောင် ကုစားနိုင်မှာပါ။ ဒါ့အပြင် တိုးတက်မှုကို ပိုပြီး ကောင်းမွန်မြန်ဆန်စေမှာပါ။

နယူးယောက်မြို့ Mount Sinai Stroke Center ရဲ့ လက်ထောက်ပါမောက္ခဖြစ်တဲ့ Dr. Carolyn Brockington ကတော့ “လေဖြတ်ခြင်းဟာ ကြောက်ဖို့ကောင်းပါတယ်။ အချိန်နောက်ကျတာ (နောက်ကျမှ ရောက်လာတာမျိုး)က ကုသရာမှာ အခက်အခဲအဖြစ်ဆုံးပါပဲ။ ကျွန်တော် ဒီလူနာတွေကို ဘာကြောင့် 911 ကို ချက်ချင်းမခေါ်ရတာလဲလို့ မေးတဲ့အချိန်မှာ လူအများစု ဖြေကြတဲ့အဖြေကတော့ ဒါတွေက ခဏနေများ ပျောက်သွားမလားလို့ စောင့်နေတာပါလို့ ဖြေကြပါတယ်။” လို့ ဆိုပါတယ်။ လေဖြတ်ခြင်းမှာ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကိုတော့ Ischemic stroke လို့ခေါ်ပြီး ဒါကတော့ သွေးကြောတွေကို ပိတ်ဆို့ကာ ဦးနှောက်တွင်း သွေးစီးဆင်းမှုကို ဟန့်ထားလိုက်တာမျိုးပါ။ ဒုတိယတစ်မျိုးဖြစ်တဲ့ Hemorrhagic stroke ဆိုတာကတော့ သွေးကြောတွေပေါက်ထွက်ကုန်ပြီး ဦးနှောက်တွင်း သွေးယိုစီးမှုဖြစ်တာပါ။ ဒီနှစ်မျိုးလုံးရဲ့ လက္ခဏာတွေကတော့ အတူတူလောက်ပါပဲ။ ဒီလက္ခဏာတွေထဲက သင့်မှာဖြစ်နေပေမယ့် သတိမထားမိနိုင်တဲ့ လက္ခဏတွေကတော့ ၇ချက်ကတော့

မြင်ကွင်း နှစ်ထပ်ဖြစ်နေခြင်း

ဒါကိုကတော့ သင်က ပင်ပန်းမှုကြောင့် ကြည့်လိုက်သမျှတွေက အထပ်ထပ်တွေ ဖြစ်နေတယ်လို့ ထင်မိမှာပါ။ နှစ်ထပ်မြင်တာ၊ ဝေဝေဝါးဝါးမြင်တာ၊ ဒါမှမဟုတ် မျက်လုံးတစ်ဘက်က မမြင်ရတော့တာ စတဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေဟာ လေဖြတ်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူအများစုကတော့ ဒါဟာ အိုမင်းလာတာကြောင့် ဒါမှမဟုတ် ပင်ပန်းတာကြောင့်လို့ ထင်ကြပါတယ်။ “ပင်ပန်းလွန်းလို့ ဒါမှမဟုတ် စာဖတ်လွန်းလို့ ၂ထပ်တွေ မြင်လာတယ်ဆိုတာကတော့ ပုံမှန် မြင်တွေ့နေကျ လက္ခဏာတွေ မဟုတ်ပါဘူး” လို့ Dr. Brockington ကဆိုပါတယ်။ သွေးကြောပိတ်သွားတဲ့အခါ မျက်လုံးကို ပို့ရမယ့် အောက်စီဂျင် ပမာဏကို လျှော့ချလိုက်ပါတယ်။ ဒါကပဲ အမြင်အာရုံ ပြဿနာကို ဖြစ်လာစေတာပါ။

လက်ထုံနေခြင်း

ဒါကိုလည်း သင်က ဖိထားတာများလို့ ထုံနေတယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဘယ်လိုကွာခြားတာလဲဆိုတာ ကြည့်ကြရအောင်။ တစ်ရေးအိပ်နေရာက နိုးလာပြီး လက်တွေ ခြေထောက်တွေ ထုံကျဉ်နေတယ်ဆိုရင်တော့ အာရုံကြောတွေကို ဖိထားလို့ ထုံကျဉ်နေတာလို့ ယူဆရလွယ်ကူပါတယ်။ “တကယ်လို့များ သင့်လက်မောင်းတွေက ရုတ်တရက် ထုံလာတာမျိုး၊ အားနည်းလာတာမျိုး ဖြစ်လာမယ် မိနစ်အနည်းငယ်အတွင်းလည်း ပျောက်မသွားဘူးဆိုရင် 911 ကိုသာ ဖုန်းဆက်ပါတော့” လို့ University of Miami North School of Medicine က အာရုံကြောဆိုင်ရာ ပရော်ဖက်ဆာ Ralph Sacco က ဆိုပါတယ်။ ကျောရိုးကနေစလို့ ဦးခေါင်း အနောက်ပိုင်းအထိ သွေးကြောတွေထဲ စီးဆင်းနေတဲ့ သွေးပမာဏတွေ လျော့ကျသွားခြင်းက ကိုယ်တစ်ခြမ်းကို ထုံကျဉ်စေခြင်း သို့မဟုတ် အားနည်းစေတာမျိုး ဖြစ်တတ်ပါတယ်။

စကားသံ မကွဲပြားခြင်း (စကားပြောလုံးလာခြင်း)

ဒီအဖြစ်ကိုတော့ ဆေးကြောင့်လို့ အထင်မှားနေနိုင်ပါတယ်။ အချို့သော အကိုက်အခဲပျောက်ဆေးလို ဆေးတွေက စကားလုံးခြင်းတွေကို ဖြစ်စေပြီး ဒီလိုစကားလုံးခြင်းက လေဖြတ်ချင်တာကြောင့် မဟုတ်ဘဲ ဆေးကြောင့်ဖြစ်ရတယ်လို့ လူနာတွေက အထင်မှားကြပါတယ်လို့ Dr. Sacco က ဆိုပြန်ပါတယ်။ ဒါပေမဲ့ ဒါဟာ သင်ခံစားနေကျ ဘေးထွက် ဆိုးကျိုးလိုမျိုး မဟုတ်ခဲ့ဘူးဆိုရင် လေဖြတ်ချင်တာမျိုး ဖြစ်နိုင်ပြီး အကူအညီကို ချက်ချင်းရှာသင့်နေပြီလို့လည်း သူက ဆိုပါတယ်။ လေဖြတ်ခြင်းရဲ့ အသံတိတ် လက္ခဏာ တစ်ခုကတော့ သင့်မျက်နှာ ရွဲ့သွားတာပါပဲ။

မူးဝေနေခြင်း

လူတွေကတော့ သူတို့မြင်ကွင်းတွေ ချာချာလည်နေတာက သူတို့ အရက်သောက်ထားတာကြောင့်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အဓိပ္ပာယ်ရှိလား စဉ်းစားကြည့်ပါ။ တစ်ခွက်တစ်ဖလားလောက် သောက်ရုံနဲ့ ချာချာတော့ လည်နေမှာ မဟုတ်ဘူးမလား။ ဒါဟာ ဦးနှောက်ကို ရောက်မယ့် သွေးပမာဏ နည်းသွားခြင်းကြောင့် ဖြစ်ရတာပါ။ တကယ်လို့များ ရပ်နေရင်းနဲ့ ယိုင်လာတာ၊ လမ်းကို ဖြောင့်ဖြောင့်မလျှောက်နိုင်တော့တာ ဒါမှမဟုတ် ရုတ်တရက် မူးဝေလာတာမျိုးဆိုရင် ဒါကြီးပျောက်သွားဖို့ စောင့်မနေပါနဲ့။ ချက်ချင်း 911 ကိုဖုန်းဆက်ပါလို့ Dr. Brockington က ဆိုပြန်ပါတယ်။

တစ်ဒင်္ဂဆွံ့အနေခြင်း ဒါမှမဟုတ် ပါးစပ်ဖျားတင်မေ့နေခြင်း

တစ်ခါတလေမှာ ပါးစပ်ဖျားတင်လေး မေ့နေတာမျိုး၊ တွေးလက်စတွေ ပျောက်သွားတာမျိုး၊ စကားလုံးတစ်လုံးပြောဖို့ အချိန်ယူ စဉ်းစားနေရတာမျိုးကတော့ ဖြစ်တတ်ပြီး လူတွေကလည်း ဒါဟာ ပင်ပန်းလို့ ဖြစ်ရတယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ ရုတ်တရက် ဒီလိုအဖြစ်မျိုးတွေ ခပ်စိတ်စိတ် ခံစားလာရခြင်းဟာ လေဖြတ်ခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာတွေပါပဲ။ “တစ်ခါတလေ ပါးစပ်ဖျားတင်လေး မေ့နေတာမျိုးတွေ ဖြစ်တတ်ပေမယ့် ဒီလိုအဖြစ်မျိုးကတော့ အကြာကြီး ဖြစ်မနေသင့်ပါဘူး။ ဆိုလိုတာက ခဏမေ့သွားတာမျိုး မဟုတ်ဘဲ ဘာမှမပြောနိုင်တာမျိုး၊ ဘာမှစဉ်းစားမရတာမျိုးက အချိန်အကြာကြီး ဖြစ်မနေသင့်ပါဘူး။” လို့ Dr. Brockington က ဆိုပါတယ်။ အချို့သော ကိစ္စတွေမှာ လေဖြတ်နေတဲ့ လူနာတွေဟာ တစ်စုံတစ်ခု မှားယွင်းနေတာတောင် သတိမမူမိကြ၊ မသိကြပါဘူး။ သူ့ပတ်ဝန်းကျင်က လူတွေက ဝိုင်းဝန်း သတိပေးကူညီရပါတယ်။ “လူနာတွေရဲ့ ဦးနှောက် အစိတ်အပိုင်းတချို့ဟာ ပုံမှန် အလုပ် မလုပ်တော့ဘဲ သူတို့ရဲ့ တွေးခေါ်နိုင်စွမ်းတွေပါ ပျက်စီးသွားတတ်ပါတယ်” လို့ Dr. Sacco က ဆိုပါတယ်။

မိုက်ခနဲဖြစ်ဖြစ်သွားရလောက်အောင် ခေါင်းကိုက်ခြင်း

ဒါကတော့ Migraine လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်နေကျမဟုတ်ဘူးဆိုရင်တော့ ဒါဟာ လေဖြတ်မယ့် လက္ခဏာပါပဲ။ “မိုင်ဂရိန်း ခေါင်းကိုက်ခြင်းနဲ့ လေဖြတ်ခြင်းကို မှားယွင်း ဆုံးဖြတ်မိတတ်ကြပါတယ်။ သူတို့မှာ တူညီတဲ့ အာရုံကြောဆိုင်ရာ လက္ခဏာတွေ ရှိနေတယ်လေ“ လို့ Sacco က ဆိုပြန်ပါတယ်။ သူက “ကျွန်တော် လူနာတွေကို ဒီလိုပြောလေ့ရှိတယ်။ လက္ခဏာတွေ ပေါ်လာခဲ့ရင် ဘာပဲဖြစ်နေနေ ချက်ချင်း အကူအညီတောင်းပါ။ ဒါဟာ ဘာရောဂါလဲ၊ ဘာလက္ခဏာလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ပါ့မယ်လို့ပေါ့” လို့ ဆိုပါတယ်။

ဒါတွေဟာ လေဖြတ်နိုင်တဲ့ လက္ခဏာတွေ ဖြစ်နေပေမယ့် လူတော်တော်များများကတော့ သတိမထားမိဘဲ ပျောက်သွားမလားရယ်လို့ ကျော်လွှားသွားကြတာပါပဲ။ ဘယ်လိုပဲဖြစ်နေနေ၊ ကိုယ့်မှာ လက္ခဏာ တစ်ခုခုပေါ်လာပြီဆိုရင်တော့ ဆေးဘက်ဆိုင်ရာ အကူအညီ ချက်ချင်းယူပြီး တတ်ကျွမ်းနားလည်သူတို့ရဲ့ အဆုံးအဖြတ်နဲ့ ကုသမှုကို ခံယူတာက သင့်အတွက် အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။

Ref: Reader’s Digest: Am I Having a Stroke? 7 Signs of Stroke You Might Be Ignoring

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top