အပူအအေးမမျှတဲ့ ရာသီဥတုမှာ လေအေးပေးစက်ကို ဘေးကင်းအောင် ဘယ်လိုသုံးကြမလဲ

yyl-007-1.jpg

အခုခေတ်မှာတော့ ဘယ်နေရာသွားသွား လေအေးပေးစက်နဲ့ သိပ်မကင်းနိုင်ပါဘူး။ အိမ်မှာမတပ်ထားရင် တောင် ရုံးမှာ၊ ကားပေါ်မှာ၊ ဈေးဝယ်စင်တာမှာ စသည်ဖြင့် တစ်နေရာရာမှာတော့ ကြုံရမှာပဲ။ လေအေးပေးစက်နဲ့ဆို နေမကောင်းဖြစ်လွယ်တယ်လို့ စိုးရိမ်တတ်ကြတော့ ဘေးအကင်းဆုံး ဖြစ်အောင် ဘယ်လိုသုံးရမလဲ၊ ဘယ်လိုအန္တရာယ်ကင်းအောင် နေရမလဲဆိုတာ သိထားဖို့သင့်ပါတယ်။

ဘာတွေသတိထားသင့်သလဲ

  • လေအေးပေးစနစ်ကြောင့်ဖျားနာမှုကင်းဝေးပြီး ကျန်းမာစေဖို့အတွက် လေအေးပေးစက်အပူချိန်ကို ၂၃ ဒီဂရီ စင်တီဂရိတ်နဲ့ ၂၅ ဒီဂရိစင်တီဂရိတ်အကြားမှာပဲထားပါ။
  • လေအေးပေးစက်ရဲ့ air filter တွေကို နှစ်စဉ် ဒါမှမဟုတ်ထုတ်လုပ်တဲ့ကုမ္ပဏီက အကြံပြုတဲ့အတိုင်းသန့်ရှင်းရေးလုပ်ပေးပါ။
  • အိမ်တွင်းမှာ သန့်စင်တဲ့လေရရှိနိုင်စေဖို့လေဝင်လေထွက်ကောင်းအောင်လုပ်ဆောင်ပေးပြီး အချိန်အတိုင်းအတာတစ်ခုကြာတဲ့အထိ လေအေးပေးစက်ကိုပိတ်ပြီးတံခါးတွေနဲ့ပြတင်းပေါက်တွေကိုဖွင့်ထားပေးပါ။
  • အခန်းတွင်းမှာအဆိပ်ရှိတဲ့အရာတွေမပျံ့နှံ့စေဖို့ အခန်းထဲမှာတစ်ယောက်မှမရှိတဲ့အချိန်တွေနဲ့ညဘက်တွေ မှာ လေအေးပေးစနစ်ကိုပိတ်ထားပေးပါ။

အခန်းတွင်းအပူချိန်နဲ့ပြင်ပအပူချိန်တအားကွာဟအောင်မထားပါနဲ့။

  • မိမိသုံးတဲ့လေအေးပေးစက်ကရေကိုအသုံးပြုရတဲ့လေအေးပေးစက်ဖြစ်နေခဲ့ရင် ရေကိုပုံမှန်လဲလှယ်ပေးပါ။
  • ဖြစ်နိုင်ရင် လေသန့်စင်စနစ်ပါတဲ့ လေအေးပေးစက်ကိုတပ်ဆင်ပါ။
  • လေအေးစနစ်တပ်ဆင်ထားတဲ့အခန်းထဲမှာနေတဲ့အခါရေသိပ်ငတ်လေ့မရှိတာကြောင့် ခန္ဓါကိုယ်မှာရေဓါတ် မခမ်းခြောက်စေဖို့သတိထားပြီးရေသောက်ပေးပါ။
  • လေအေးပေးစနစ်တပ်ဆင်ထားတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုသွားလာမယ်ဆိုရင် ခန္ဓါကိုယ်ကို အပူချိန်ပြောင်းလဲမှုကို ပြင်းပြင်းထန်ထန် မခံစားရစေဖို့အတွက် အနွေးထည်ခပ်ပါးပါးတစ်ထည် ဝတ်ဆင်ပေးပါ။
  • လေအေးပေးစက်ကြောင့် အန္တရာယ်ရှိနိုင်တဲ့ အနေအထားကနေ ကာကွယ်နိုင်စေဖို့ အပြင်ကနေပြန်ပြန်လာချင်း လေအေးပေးစက်ကို ချက်ချင်းမဖွင့်ပါနဲ့၊ ဖွင့်ခါစမှာ fan-only mode ကိုပဲစဖွင့်ပြီး အခန်းတွင်းအပူချိန်နဲ့ ပြင်ပအပူချိန် သိပ်မကွာတဲ့ အနေအထားရောက်မှ အပူချိန်ကို ဖြည်းဖြည်းချင်းလျှော့ချပေးပါ။
  • သန့်စင်မှုအားနည်းတဲ့ အခန်းတွင်းလေနဲ့ လေအေးပေးစနစ်ကို အမြဲအသုံးပြုနေတဲ့ အနေအထားက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ ဓါတ်မတည့်မှုတွေကို ဖြစ်ပေါ်ခံစားရစေတဲ့ အရင်းခံအကြောင်းတရားဖြစ်ပါတယ်။

ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ပတ်သက်တဲ့ သတိထားစရာလေးတွေကိုလည်း မမေ့သင့်ပါဘူး –

  • အပူချိန်အပြောင်းအလဲကို သိပ်မမြန်ပါစေနဲ့။
    (ပြင်ပအပူချိန်နဲ့ အဝင်အထွက်မှာ ချက်ချင်းကြီး ပူလိုက်အေးလိုက် မဖြစ်စေဖို့ဂရုစိုက်ပါ)
  • မျက်လုံးကို ခဏအနားပေးပါ။
    (မျက်စိကိုအသုံးပြုတာများလွန်းရင် မျက်လုံးခြောက်သွေ့ခြင်းဖြစ်လာနိုင်ပါတယ်)
  • အဲယားကွန်းခန်းထဲမှာ တစ်ချိန်လုံး မနေပါနဲ့။
    (ပြင်ပလေထုနဲ့ အပူချိန်မှာလည်း အချိန်အတိုင်းအတာ တစ်ခုလောက်နေပါ။ အိမ်မှာလည်း အဲယားကွန်းခန်းထဲကမထွက်၊ ကားပေါ်အဲယားကွန်း၊ တခြားနေရာသွားလည်း အဲယားကွန်း ဖြစ်နေသူတွေဟာ ပြင်ပအပူချိန်ကို မခံနိုင်ဘဲ ရုတ်တရက်အပြောင်းအလဲမှာ အန္တရာယ်ရှိတတ်ပါတယ်။)
  • ရေဓာတ်များတဲ့ အသီးအနှံများများစားပါ။
    အသီးတွေထဲပါဝင်တဲ့ ဗီတာမင်တွေနဲ့ ရေဓာတ်တွေက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီး အသားခြောက်ခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။
  • အစိုဓာတ်ထိန်းခရင် တစ်မျိုးမျိုးလိမ်းပါ။
    ဒါမှ လေအေးပေးစက်ကြောင့် အသားအရေခြောက်သွေ့တာ၊ ပျက်စီးတာမျိုး မဖြစ်စေမှာပါ။

ခေတ်မီလူမှုဘဝမှာ သက်တောင့်သက်သာနေထိုင်ဖို့ အသုံးဝင်တဲ့ လေအေးပေးစက်ကို ဉာဏ်ရှိသလို အသုံးချနိုင်ရင် ဘေးလည်းကင်း၊ အဆင်လည်းပြေပါလိမ့်မယ်။ အပေါ်မှာအကြံပြုပေးခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်မယ်ဆိုရင် ရာသီဥတုအပူဒဏ်ကို ဘေးကင်းကင်းနဲ့ အံတုနိုင်မှာသေချာပါတယ်။

Ref : Hellosayarwon

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top