ကလေးတွေကို မိဘတွေ ဘယ်တော့မှ မပြောသင့်တဲ့ စကား (၅) ခွန်း

24-7-2020-yyl-028.jpg

မိဘတွေအနေနဲ့ စိတ်ရှည်သည်းခံမှုက ကလေးတစ်ယောက် ကျန်းမာစွာ အရွယ်ရောက်လာအောင် ပြုစုပျိုးထောင်ဖို့အတွက် သော့ချက်ဆိုတာကို သိကြမှာပါ။ ဒါပေမဲ့ တစ်ခါတလေ အလုပ်ဖိအားတွေ၊ အိမ်မှုကိစ္စတွေ၊ လူမှုအသိုင်းအဝိုင်းတွေကြောင့် မိဘတွေက စိတ်မကြည်တဲ့ အခိုက်အတန့်တွေရှိပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာဆိုရင် ကလေးတွေကို ဆူမိ၊ ငေါက်မိတတ်ကြပါတယ်။ မိဘတွေ စိတ်မကြည်လို့ ကလေးတွေကို ပြောလိုက်တဲ့စကားက ဘာမှမဖြစ်ဘူးလို့ ထင်ရပေမယ့် ကလေးတွေရဲ့စိတ်မှာ ဒဏ်ရာရသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ စိတ်ဒဏ်ရာမရစေဖို့အတွက် မိဘတွေ ဘယ်တော့မှ မပြောသင့်တဲ့ စကား (၅) ခွန်းကို ရေးသားဖော်ပြပေးလိုက်ရပါတယ်။

“မြန်မြန်လုပ်”

ကလေးအများစုက ကျောင်းသွားရတော့မယ့်အခါ၊ အချိန်ကန့်သတ်ပြီးလုပ်ရတဲ့ အခါမျိုးမှာဆိုရင် ဘာလုပ်လုပ် အရမ်းနှေးကွေးနေတော့တာပါပဲ။ ဒါပေမဲ့ သင့်ကလေးက ဘယ်လောက်နှေးကွေးပါစေ မြန်မြန်လုပ်ဖို့ ပြောတာက သူ့ကို ပိုပြီး ဖိအားပေးသလိုဖြစ်စေပါတယ်။ သူတို့ကို အော်ငေါက်တာက သူတို့ကို ပိုပြီး အပြစ်ဖြစ်စေတဲ့အပြင် မြန်မြန်လုပ်ဖို့အတွက် တွန်းအားပေးသလိုမဖြစ်စေပါဘူး။ ကလေးတွေကို မြန်မြန်လုပ်စေချင်ရင် “တံခါးကို ဘယ်သူအရင်ရောက်မလဲ ကြည့်ရအောင်”ဆိုတဲ့ ဂိမ်းမျိုးနဲ့ အလုပ်လုပ်တာမြန်အောင် သင်ပေးလို့ရပါတယ်။ ဒါက ပူးပေါင်းဆောင်ရွက်မှုရဲ့အရေးပါမှုကိုလည်း ကလေးတွေကို သင်ကြားပေးမှာဖြစ်ပါတယ်။

“ငါ့ကို တစ်ယောက်တည်းထားပါ”

မိဘတွေက မိမိတို့ရဲ့သား၊ သမီးတွေကို မောင်းထုတ်သလို စကားကို ဘွင်းဘွင်းရှင်းရှင်းပြောတာက သူတို့ကို မိဘတွေက အဖတ်မလုပ်ဘူးလို့ ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် မိဘတွေကို စကားပြောစရာမလိုဘူးလို့ ကလေးတွေက ခံစားသွားရစေနိုင်ပါတယ်။ သင့်မှာ သီးသန့်တစ်ယောက်တည်း နေဖို့ အချိန်လိုအပ်တယ်ဆိုရင် သူတို့ကို ဘွင်းဘွင်းရှင်းရှင်းကြီးပြောမယ့်အစား အခြားနည်းလမ်းနဲ့ ပြောဖို့ကြိုးစားလို့ရပါတယ်။ သင့်မှာ အရေးကြီးလုပ်စရာအလုပ်ရှိတယ်။ ဒါလုပ်ပြီးသွားရင် သူတို့နဲ့ ကစားမယ်ဆိုပြီး ပြောလို့ရပါတယ်။ သင် အဆင်ပြေသွားတဲ့အခါမှာ သူတို့ကို ပေးထားတဲ့ကတိကို တည်ဖို့တော့အရေးကြီးပါတယ်။

“နင့်အစ်ကို၊ အစ်မ၊ သူငယ်ချင်းတွေလိုမျိုး ဘာလို့ မဖြစ်တာလဲ”

မိဘတွေက သူတို့ရဲ့သားသမီးတွေကို အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီးပြောတာက တကယ်တော့ အပြစ်ရှိပါတယ်။ မိဘတွေက သူတို့သားသမီးတွေကို အခြားသူတွေလို ကြိုးစားချင်စိတ်ရှိအောင် တစ်ခါတလေ နှိုင်းယှဉ်ပြီး ပြောကြတာဖြစ်ပါတယ်။ သင့်ကလေးကို အခြားတစ်ယောက်လိုဖြစ်ဖို့ ပြောတဲ့အခါ ကောင်းတဲ့ပြိုင်ဆိုင်မှုတော့မဖြစ်စေနိုင်ပါဘူး။ သင့်ကလေးကို အခြားတစ်ယောက်လို ဖြစ်စေချင်တဲ့ စကားမျိုးပြောတာက သင့်ကလေးကို စိတ်ဒဏ်ရာရစေနိုင်ပါတယ်။ သင့်ကလေးကို သင်ဖြစ်စေချင်တာဖြစ်ဖို့၊ ပိုတော်လာစေဖို့အတွက် အခြားသူနဲ့နှိုင်းယှဉ်ပြီး ပြောမယ့်အစား ကလေးကို ချီးကျူးစကားဆိုပြီး တွန်းအားပေးသင့်ပါတယ်။ အဲဒီလိုလုပ်တာက သင်လိုချင်သလို သင့်ကလေးကို ပုံသွင်းနိုင်မယ့် အင်အားကြီးလက်နက်ဖြစ်ပါတယ်။

“မငိုနဲ့”

ကလေးက တစ်ခုခုနဲ့ပတ်သက်ပြီး ထိခိုက်မိတဲ့အခါ၊ စိတ်ပျက်မိတဲ့အခါ မငိုနဲ့လို့ ဘယ်နှစ်ကြိမ်လောက် သင့်ပြောခဲ့ဖူးလဲ။ ဒီလိုလုပ်တာက ကလေးရဲ့ခံစားချက်ကို ထည့်မစဉ်းစားသလိုဖြစ်စေပါတယ်။ ဒါက ကလေးရဲ့ခံစားချက်တွေကို မိဘတွေက အရေးမစိုက်ဘူးလို့ သူတို့ကို ခံစားစေနိုင်ပါတယ်။ စိတ်သက်သာရတဲ့အထိ ငိုလိုက်ပါလို့ ကလေးတွေကို ပြောပေးသင့်ပါတယ်။

“ငါ နင့်အသက်အရွယ်လောက်တုန်းက ငါလုပ်နိုင်တယ်”

ကလေးတွေကို သင့်နဲ့ နှိုင်းယှဉ်ပြီး ပြောတာကလည်း ကလေးတွေကို သင့်နဲ့ပတ်သက်ပြီး စိတ်ပျက်သွားစေနိုင်ပါတယ်။ သင့်ကလေးရဲ့အားထုတ်မှုကို အလေးထားတာက ကလေးတွေကို တွန်းအားပေးဖို့၊ သင်လိုချင်သလို သူတို့ဖြစ်အောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေ တစ်ခုခုမလုပ်နိုင်ရင် သင်နဲ့လည်း နှိုင်းယှဉ်ပြီး မပြောသင့်ပါဘူးနော်။

Ref: 5 worst things you should NEVER say to your kids

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top