မြောက်ပိုင်း ၃ ဖွဲ့ မိုင်းထောင်ဖျက်ဆီးခဲ့တဲ့ ဂုတ်တွင်းတံတား ပြန်လည်ဖွင့်လှစ်

gotehteikbridge01.jpg

မြောက်ပိုင်း ၃ ဖွဲ့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ မန္တလေး-နောင်ချို-ကျောက်မဲလမ်းပိုင်းပေါ်က ဂုတ်တွင်း တံတားကို သြဂုတ် ၂၀ ရက်၊ နေ့ခင်း ၁ နာရီအချိန်မှာ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်သူတွေကို ကတိပေးထားတဲ့အတိုင်း (၅)ရက်အတွင်း ပြန်လည် တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတံတားကို မြောက်ပိုင်း ၃ ဖွဲ့က သြဂုတ် ၁၅ ရက်နေ့မှာ မိုင်းထောင် ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ဂုတ်တွင်းယာယီနှစ်လမ်းသွားဘေလီတံတားကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် အိမ်စီး ကားငယ်တွေကို စတင်ဖြတ်သန်းခွင့်ပြုနေပါပြီ။ ခရီးသည်တင်ကားတွေနဲ့ ကုန်ကားတွေ(ယာဉ်+ကုန်=၃၆တန်)ကို လည်း ညနေပိုင်းမှာ စနစ်တကျဖြတ်သန်းခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
အခုလို ဖြတ်သန်းရရှိနိုင်ဖို့အတွက် ယာယီဘေလီတံတားတည်ဆောက်ရေးလုပ်ငန်းတွေကို သြဂုတ် ၁၆ ရက်က စတင်ပြီးတော့ နေ့ညမပြတ် ဆောင်ရွက်ခဲ့တဲ့အပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကိုလည်း တပ်မတော်က ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ရပါတယ်။

ပြင်ဦးလွင်နဲ့ နောင်ချိုမှာရှိတဲ့ နေရာ ၅ နေရာမှာ သြဂုတ် ၁၅ ရက်၊ နံနက်ပိုင်းက တပ်မတော်နဲ့ မြောက်ပိုင်း ၃ ဖွဲ့တို့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ မြောက်ပိုင်း ၃ ဖွဲ့ဆိုတာ စစ်ရေးမဟာမိတ်ပြုလုပ်ထားကြတဲ့ တအောင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့(MNDAA)တို့ ဖြစ်ပါတယ်။
ဂုတ်တွင်းတံတားဟာ ဒီတိုက်ခိုက်မှုတွေထဲမှာ မိုင်းထောင်ဖျက်ဆီးခံခဲ့ရတာ ဖြစ်တဲ့အတွက် တံတား ပျက်ဆီးခဲ့တဲ့အပြင် မန္တလေး-လားရှိုးမြို့များကိုသွားလာရာ လမ်းပန်းဆက်သွယ်မှုတွေလည်း ပြတ်တောက်ခဲ့ရ ပါတယ်။
ဒါကြောင့် ခရီးသွားပြည်သူတွေ သွားလာမှုအဆင်ပြေစေဖို့အတွက် တံတားဦးစီးဌာန၊ တံတား တည်ဆောက်ရေးအထူးအဖွဲ့တွေက အမြန်ဆုံးပြန်လည်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ပုံ – ဆောက်လုပ်ရေးဝန်ကြီးဌာန။
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top