အစစ်လားလို့တောင် ထင်မှတ်မှားရတဲ့ ပန်းချီတွေ ဖန်တီးနိုင်တဲ့ မသန်စွမ်း ပန်းချီဆရာလေး

45318524_372228896854412_6919923755376443392_n.jpg

ကျွန်မတို့တွေ လက်တွေပါမလာဘဲမွေးလာခဲ့မယ်ဆိုရင် ဘယ်လိုနေထိုင်ကြမလဲဆိုတာ စဉ်းစားလိုက်ရင်တောင်မှ အင်မတန်ခက်ခဲလှပါတယ်။ ကံကောင်းလို့ ချမ်းသာနေရင်တော့ ခန္ဓာကိုယ် ကြီးထွားလာတာနဲ့အမျှ အဆင်ပြေမဲ့ လက်တုတွေကို တပ်လို့ရပါတယ်။ လက်တုတွေကြောင့်မို့လို့ ပုံမှန် လူနေမှုဘဝကိုလည်း ရရှိစေမှာပါ။

တခြားလူတွေလိုပဲ ပိုလန်ပန်းချီဆရာ မာရီယူးဇ် ကဒ်ဇီးယားစကီး (Mariusz Kedzierski) ဟာ ကလေးဘဝကတည်းက ပုံဆွဲခဲ့ပါတယ်။ တခြားပန်းချီဆရာတွေနဲ့ ကွာနေတာကတော့ မာရီယူးဇ်မှာ မွေးကတည်းက လက်နှစ်ဖက်လုံး ပါမလာတာပါပဲ။ မာရီယူးဇ်ဟာ ဓာတ်ပုံရိုက်ထားသလိုမျိုး အစစ်လို့တောင် ထင်မှတ်ရတဲ့ ခဲပန်းချီကို စိတ်ပါဝင်စားပါတယ်။ ဒီလို စိတ်သန်ထက်သန်မှုကြောင့် မာရီယူးဇ်ဟာ မသန်စွမ်းဖြစ်ပေမဲ့လည်း သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် နောက်မဆုတ်ခဲ့ပါဘူး။

မွေးရာပါ လက်နှစ်ဖက်လုံး ပါမလာပေမဲ့ အသက် ၃ နှစ်အရွယ်ကတည်းက သူ ပန်းချီစဆွဲခဲ့တာပါ။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းဟာ လုံးဝပါမလာပါဘူး။ ညာဘက်လက်မှာတော့ လက်မလေးသာ ပါလာပါတယ်။ အသက် ၁၂ နှစ်မှာ ခွဲစိတ်မှု ပြုလုပ်ရမှာမို့ ပန်းချီဆွဲတာကို နားလိုက်ရဖို့ ဖြစ်လာပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ သူ့ရဲ့ ပန်းချီဆွဲတဲ့အလုပ်ကို ပြန်လုပ်နိုင်လာပါတယ်။ အဲဒီအချိန်ကတည်းက ပုံပေါင်း ၇၀၀ ကျော်ကို ဆွဲခဲ့ပြီးပါပြီ။ ‘ကျွန်တော့်အတွက်တော့ မသန်စွမ်းဖြစ်တယ်ဆိုတာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ကောင်းမွန်တဲ့ဘဝကို မပိုင်ဆိုင်နိုင်တာ မဟုတ်ပါဘူး’ လို့ ပြောခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့ပန်းချီတွေကို အမေရိကန်၊ ဗြိတိန်နဲ့ တောင်ကိုးရီးယားတို့မှာ ဝယ်ယူနိုင်ပါတယ်။ ၂၀၁၅ မှာ သူ့ကို ပိုလန်မှာ ဆုချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ အကောင်းဆုံး ကမ္ဘာ့ပန်းချီပညာရှင်ပြိုင်ပွဲမှာ ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ဒီပန်းချီဆရာလေးဟာ ဥရောပတစ်ခွင်လုံးကို လှည့်လည်သွားလာပြီး အမ်စတာဒန်၊ အေသင်၊ ဘာစီလိုးနား၊ ဘာလင်၊ လန်ဒန်၊ ရောမ၊ ပဲရစ်တို့ရဲ့လမ်းပေါ်မှာ ပန်းချီတွေကို လက်တန်းရေးဆွဲခဲ့ပါတယ်။ လူတွေဟာ သူတို့စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ ဘယ်အရာကိုမဆို လုပ်နိုင်တယ်ဆိုတာကို မာရီယူးဇ်ဟာ သက်သေပြချင်ခဲ့တာ ဖြစ်ပါတယ်။

Ref: salamqatar.com “Man without arms amazes with photorealistic portrait art”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top