အသက်၂၇နှစ်အရွယ်နဲ့ ကမ္ဘာပေါ်က နိုင်ငံမှန်သမျှကို လည်ပတ်ပြီး ဂင်းနစ်စံချိန်တင်ခဲ့တဲ့ အာဂအမေရိကန်အမျိုးသမီး

45288624_2249127418639085_6208527908160405504_n.jpg

မိတ်ဆွေ လက်ရှိရောက်နေတဲ့အသက်မှာ နိုင်ငံဘယ်နှနိုင်ငံဆီ လည်ပတ်ဖူးပြီးပြီလဲ။ အမေရိကန်နိုင်ငံသူ ကာဆန်ဒရာ ဒီ ပီကောလ် (Cassandra De Pecol) ကတော့ ကမ္ဘာပေါ်က နိုင်ငံ အားလုံးကို အမြန်ဆုံး သွားရောက်ဖူးတဲ့ အသက်အငယ်ဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

ကမ္ဘာပေါ်မှာ ရှိရှိသမျှ နိုင်ငံအားလုံးကို အမြန်ဆုံး လည်ပတ်နိုင်ရမယ့် ဒီခရီးစဉ်ကို တစ်နှစ်ခွဲနီးပါး ပြင်ဆင်အပြီးမှာတော့ ၂၀၁၅ခုနှစ်၊ ဇူလိုင်လမှာ ကာဆန်ဒရာက သူ့ရဲ့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ခရီးစဉ် တစ်ဝက်လောက်အရောက်မှာ လမ်းစရိတ်ပြတ်လပ်သွားခဲ့လို့ သူ့ရဲ့ အကြံအစည်တွေ လမ်းခုလတ်ရောက်မှ ပျက်စီးရမလို ဖြစ်ခဲ့ရပါသေးတယ်။ ဒါပေမဲ့လည်း သူဟာ လမ်းခရီးမှာ ကလေးထိန်းအလုပ်လို အလုပ်တွေကိုလုပ်ပြီး ဒေါ်လာ တစ်သောင်းနီးပါးရခဲ့သလို သူ့ရဲ့ခရီးစဉ်အတွက် ခရီးစရိတ် ထောက်ပံပေးမယ့် စပွန်ဆာတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေ ရရှိခဲ့လို့ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ အရောက်မှာတော့ ၁၈လ၊ ၂၆ရက်ထဲနဲ့ နိုင်ငံ အကုန် လည်ပတ်နိုင်တဲ့ ဂင်းနစ်စံချိန်တင်သွားခဲ့ပါတယ်။

နိုင်ငံတစ်ခုစီမှာ ၂ ရက်ကနေ ၅ ရက်အတွင်း နေထိုင်တတ်ပြီး အဲဒီအချိန်အတွင်းမှာ ကျောင်းတွေကိုလည်ပတ်ခြင်း၊ ခရီးသွားလုပ်ငန်းက ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းတွေအပြင် ရောက်ရှိတဲ့နိုင်ငံတိုင်းမှာ တွေ့ရှိခဲ့တဲ့ ကျောင်းသားတွေနဲ့အတူ သစ်ပင်တစ်ပင် အမြဲစိုက်ခြင်း၊ သောက်သုံးရေထဲမှာ ပလတ်စတစ်ဓာတ်များ ပါဝင်နေမှု ရှိမရှိ စစ်ဆေးပေးဖို့ အမေရိကန်နိုင်ငံ “ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် စွန့်စားသူများနှင့် သိပ္ပံပညာရှင်များ (Adventurers and Scientists for Conservation)” အဖွဲ့အစည်းဆီ ပို့ဆောင်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ ဟိုတယ်တွေမှာသာ တည်းခိုနေထိုင်ခြင်းတွေကို လုပ်ဆောင်ခဲ့တဲ့အပြင် “ခရီးသွားလုပ်ငန်းကတစ်ဆင့် ငြိမ်းချမ်းရေး ဆောင်ရွက်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (International Institute of Peace Through Tourism)” ရဲ့ သံတမန်အဖြစ် နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ဟောပြောပို့ချတာတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။

သူ့လိုပဲ နိုင်ငံတကာကို လှည့်လည်ခရီးသွားချင်သူတွေအတွက် အကြံညဏ် စကားပြောဖို့ တောင်းဆိုခဲ့ရမှာတော့ ကာဆန်ဒရာက “ ဒီအချိန်မှာ ကျွန်မပေးနိုင်တဲ့ အကောင်းဆုံး အကြံညဏ်က ကိုယ့်မှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်၊ အိပ်မက်တွေ ရှိခဲ့မယ်ဆိုရင် ဘယ်အရာကမှ ဘယ်သူကမှ အဲဒီအိပ်မက်တွေကို ဖျက်ဆီးတာ မခံပါနဲ့။ တစ်ခုခုကို တကယ်လိုချင်ခဲ့ရိုးမှန်ရင် အဲဒီတစ်ခုကိုရဖို့ ဘယ်လိုပဲလုပ်ရလုပ်ရ လုပ်မယ်ဆိုတဲ့ စိတ်ဖြစ်လာမှာပါ။ ချက်ချင်းပဲ လုပ်ပစ်လိုက်ပါ။ အခုမှ မလုပ်ရင် မရတော့ဘူးဆိုတဲ့ စိတ်ကို အမြဲ ခေါင်းထဲထည့်ထားပါ” လို့ မျှဝေပေးခဲ့ပါတယ်။

Ref: Frobes “A 27-Year-Old Just Became The First Woman On Record To Visit Every Country On Earth”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top