ဘန်ကောက်တွင်အောင်ပွဲခံကာ ကမ္ဘာ့ချန်ပီယံဖြစ်ရန် Dae Hwan Kim ရည်မှန်း

Dae-Hwan-Kim-IMGL7046.jpg

ONE: CLASH OF LEGENDS ပြိုင်ပွဲကြီးတွင် အောင်ပွဲခံနိုင်ခဲ့လျှင် ကမ္ဘာ့ချန်ပီယံဖြစ်နိုင်မည့်အခွင့်အရေး ပိုင်ဆိုင်လာလိမ့်မည်ဟု Dae Hwan Kim ကယုံကြည်ထားသည်။ Ottogi ဟု အမည်ပြောင်ရသည့် ကိုရီးယားကစားသမား Kim သည် ဖေဖော်ဝါရီ (၁၆) ရက်တွင် ဘန်ကောက်ရှိ Impact Arena တွင် ကျင်းပမည့်ပွဲ၌ ဂျပန်ကစားသမား Shuya Kamikubo နှင့် ဘန်တန်ဝိတ်စိန်ခေါ်သူအဆင့်ပွဲစဉ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

KAMMA ဘန်တန်ဝိတ်ချန်ပီယံ Kim သည် တိုက်ကွမ်ဒိုခါးပတ်နက် အဆင့် (၄) ရှိသူဖြစ်ကာ DEEP Future King 2014 ချန်ပီယံ Kamikubo နှင့်ပွဲသည် ခက်ခက်ခဲခဲယှဉ်ပြိုင်ရမည့်ပွဲဟု မျှော်လင့်ထားသည်။ Kim က ဂျပန်ကစားသမား Kamikubo ကို လေးစားမှုရှိသည်ဟုဆိုထားပြီး Kamikubo သည် ၎င်း၏နောက်ဆုံးပွဲတွင် မလေးရှားမှ Muhammad Aiman ကို အသာစီးထိုးသတ်ကာ အနိုင်ရထားသူလည်းဖြစ်သည်။

“သူက အားကစားသမားကောင်းတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ သူယှဉ်ပြိုင်ထိုးသတ်ထားတဲ့ ONE Championship ပြိုင်ပွဲတွေကို ကျွန်တော်ကြည့်ထားတယ်။ သူဟာ နပမ်းသမားကောင်းတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲဖိအားတွေကိုလည်း ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ် ” ဟု Kim က ပြိုင်ဘက်အပေါ် ၎င်း၏ ရှုမြင်ပုံအား သုံးသပ်ပြသည်။

“သူက (၃) ချီလုံးလုံး မမောတတ်သလို ပြိုင်ပွဲဖိအားတွေကိုလည်း အကောင်းဆုံးထိန်းသိမ်းနိုင်စွမ်းရှိတယ်။ ကြိုးဝိုင်းထဲရောက်တာနဲ့ ခွန်အားတွေနဲ့အတူ သူ့ရဲ့ ဂျူဂျစ်ဆုကျွမ်းကျင်မှုတွေက ပေါ်လာရော ” ဟု ၎င်းက ဆိုသည်။

Stealth ဟုအမည်ပြောင်ရသည့် Kamikubo သည် တိုက်ကွမ်ဒိုကိုလည်းကျွမ်းကျင်ပြီး ၂၀၁၈ နိုဝင်ဘာလက Aiman ကို အနိုင်ယူကာ (၂) ပွဲဆက် အနိုင်ရခဲ့သညိ။ အဆိုပါပွဲစဉ်မတိုင်မီ ယမန်နှစ်ဇူလိုင်လက The Terminator ဟု အမည်ရသူ အင်ဒိုနီးရှားဖိုက်တာ Sunoto ကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

Kamikubo မှာ ONE ကစားသမားဘဝအစတွင် အကောင်းဆုံးစတင်ထားနိုင်သောကြောင့် Kim သည် ပြိုင်ဘက်၏အားနည်းချက်များအား လေ့လာထားပြီး ဘန်ကောက်တွင် ဂျပန်ကစားသမား Kamikubo နှင့်တွေ့သည့်အခါ အကျိုးရှိရှိအသုံးချနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

” သူရဲ့ ထိုးနှက်တိုက်ခိုက်မှုတွေက အရှေ့တိုင်းဆန်ပါတယ်။ ခြေကန်ချက်တွေ၊ ဒူးတိုက်ချက်တွေ၊ တံတောင်ရိုက်ချက်တွေတော့ သိပ်မပြင်းထန်ပါဘူး။ သူ့အရပ်က ၅ ပေ၊ ၅ လက်မပဲရှိလို့ ၅ ပေ၊ ၆ လက်မရှိတဲ့ ကျွန်တော့်ကို အရပ်အမောင်းပိုင်းမှာ အသာမရနိုင်ပါဘူး။ ကြံ့ခိုင်မှုသာကောင်းတဲ့အတွက် သူ့ထက် နှာတစ်ဖျားပိုသာတယ်လို့ ကျွန်တော်ထင်တယ် ” ဟု Kim က ဆိုသည်။

ONE ဘန်တန်ဝိတ် ကမ္ဘာ့စိန်ခေါ်သူအဆင့်ဖြစ်ခဲ့ဖူးသော Kim သည် ၎င်း၏ ဝိတ်တန်းတွင် အထင်ကြီးလောက်စရာမှတ်တမ်းများ ပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာအဖွဲ့အစည်းကြီး၏ ပြိုင်ပွဲကြီးများတွင် (၅) ကြိမ်တိုင်တိုင်အောင်ပွဲဆင်နိုင်ခဲ့ပြီး ထိုအနိုင်ပွဲများတွင် ၎င်းဝိတ်တန်း၏ လက်ရှိချန်ပီယံဖြစ်သူ Kevin Belingon ကို အနိုင်ရခဲ့သည်။ Kim သည် ၂၀၁၈တွင် နောက်ဆုံးပြိုင်ခဲ့သော ပြိုင်ပွဲတွင် (၂) ပွဲဆက်တိုက်အနိုင်ရထားပြီး ဧပြီလက Masazaku Imanari၊ နိုဝင်ဘာလက Zao Zhi Kang တို့ကို အနိုင်ရခဲ့သည်။

တောင်ကိုရီးယား ကိုယ်ခံပညာကစားသမား Kim ၏ လက်ရည်သည် ဘန်တန်ဝိတ်တန်းစိန်ခေါ်သူအဆင့်တွင် ထိပ်ဆုံးတစ်နေရာ၌ ရှိနေသည်။ Kamikubo နှင့်ရင်ဆိုင်ရာတွင် ကောင်းမွန်သည့် ထိုးသတ်ယှဉ်ပြိုင်ရေးဗျူဟာများချမှတ်ရန် ၎င်းကရည်မှန်းထားသည်။ ထိုသို့သော နည်းဗျူဟာများစီမံထားမှသာလျှင် ကြိုးဝိုင်းအတွင်း အကောင်းဆုံးပြိုင်ဆိုင်သွားနိုင်မည်ဟု ၎င်းက မျှော်လင့်ထားသည်။

” ကျွန်တော့်ရဲ့ ပွဲတွေအားလုံးကို ရည်မှန်းချက်တစ်ခုနဲ့ပဲ ကစားပါတယ်။ အဲဒါက ပြိုင်ဘက်ကိုအလဲထိုးဖို့ပါပဲ။ အခုချိန်မှာ အကောင်းဆုံးထိုးသတ်ပုံစတိုင်နဲ့ယှဉ်ပြိုင်နိုင်ဖို့ ကျွန်တော်လေ့ကျင့်နေတယ်။ တစ်ခုတည်းကိုပဲ အစွဲအလမ်းမထားတော့ဘူး။ ဒါပေမဲ့ ဂျူဂျစ်ဆု၊ နပမ်း ဒါမှမဟုတ် ကိုယ့်ပြိုင်ဘက်အပေါ် အားကုန်သုံးနိုင်မယ့် ဘယ်လိုထိုးသတ်ပုံကိုမဆို ကျွန်တော်အသုံးချဖို့ ကြိုးစားမှာပါ ” ဟု ဆိုသည်။

သမ္ဘာရင့်အားကစားသမားဖြစ်သူ Kim သည် ပရော်ဖက်ရှင်နယ်တစ်ယောက်အနေဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲများယှဉ်ပြိုင်လာသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ရှိနေပြီဖြစ်သည်။ ONE တွင်မူ (၅) ပွဲထက်မနည်း ထိုးသတ်ထားပြီးဖြစ်သည်။ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းသည့်လက်ရည်ပြသနိုင်ရေးက ဖိအားတစ်ရပ်ဟု ၎င်းက ခံယူထားသည်။

ယခုတော့ ၎င်း၏ပွဲများက မွေးရပ်မြေတွင် ပိုမိုလူသိများလာနေပြီဖြစ်သလို ပို၍လည်း နာမည်ကြီးထင်ရှားလာနေပြီဖြစ်သည်။ ၎င်း၏အမိနိုင်ငံမှပရိသတ်များဂုဏ်ယူနိုင်စေရန် ကြိုးစားရမည်ဟုလည်း ယုံကြည်ထားသည်။

“အရင်ကဆိုရင် ကိုရီးယားမှာ ပြတာမျိုးမရှိခဲ့ဘူး။ သတင်းမီဒီယာအချို့က ကိုရီးယားဘာသာနဲ့ အနည်းအကျဉ်းဖော်ပြတာလောက်ပဲ ရှိပါတယ်။ လက်ရှိအချိန်မှာတော့ မတူညီတဲ့ ရုပ်သံလိုင်းနှစ်ခုက ONE Championship ပွဲတွေကို ပြနေပါပြီ။ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကလည်း အများကြီးတိုးလာနေပါပြီ ” ဟု တောင်ကိုရီးယားတွင် ONE ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှုမြင့်တက်လာခြင်းအပေါ် Kim က ပြောပြသည်။

အကယ်၍ Kamikubo ကိုသာအနိုင်ရခဲ့လျှင် Kim အနေဖြင့် ကမ္ဘာ့ချန်ပီယံဆုအတွက် ထိပ်တန်းစိန်ခေါ်သူတစ်ဦးအနေအထားသို့ ရောက်ရှိလာမည်ဖြစ်သည်။

” ပွဲတိုင်းက ကျွန်တော့်အတွက် အရေးကြီးပါတယ်။ အခုအချိန်မှာ ကျွန်တော်နိုင်ခဲ့ရင် ဆုနဲ့နီးစပ်တဲ့အနေအထားကို ရောက်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ” ဟု Kim က ဆိုသည်။

ကိုရီးယားပြည်သူများကလည်း ၎င်းတို့နိုင်ငံသား Kim ကို အရှိန်အဟုန်ဖြင့်တစ်ခဲနက်အားပေးထောက်ခံရန် ပြင်ဆင်နေကြပြီဖြစ်သည်။ Kim ကလည်း ONE: CLASH OF LEGENDS ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဖြစ်ရေးဆိုသောရည်မှန်းချက်နှင့် နီးစပ်မည့်အနေအထားသို့ ရောက်ရှိလာမည်ဟု ယုံကြည်နေသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top