အောင်မြင်မှုပန်းတိုင်ကို ပိတ်ဆို့နေတဲ့ ကြောက်ရွံ့စိတ်များ

fear.jpg

အောင်မြင်မှုနဲ့ ကြောက်စိတ်ဆိုတာ ရန်ဘက်တွေပါ။ ကြောက်စိတ် လွှမ်းမိုးခံနေရသရွေ့ အောင်မြင်မှုရမှာ မဟုတ်ပါဘူး။ ဆိုးသွမ်းတဲ့ အကျဉ်းသားတွေကို ထောင်ထဲက လွတ်မသွားအောင် ခြေချင်းခတ်ထားသလိုပဲ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို ဖြစ်မလာအောင် အကြောက်တရားက ချုပ်နှောင်ထားပါတယ်။ ဒါကြောင့် ဘဝအောင်မြင်ဖို့ ဘာလုပ်ရမလဲ ဆိုရင် ကြောက်စိတ်ကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်လို့ ပြောရမှာပါ။ အောင်မြင်တဲ့ဘဝ ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ ရိုးရာလေး ပရိသတ်တွေအတွက် ဖယ်ရှားပစ်ရမယ့် ကြောက်စိတ်တွေကို ဖော်ပြပေးချင်ပါတယ်။

ဝေဖန်ခံရမှာကို ကြောက်တဲ့စိတ်

ကိုယ့်ရည်မှန်းချက်၊ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင် လူတွေ ဘယ်လို ထင်ကြမလဲ၊ ဘယ်လို ပြောကြမလဲလို့ တွေးကြောက်သူတွေ ရှိပါတယ်။ ဒါက လူတော်တော်များများ ပြုတ်ကျတဲ့ ကြောက်ရွံ့မှု ချောက်နက်ကြီးပါ။ သူတစ်ပါး အထင်အမြင်နဲ့ ကိုယ့်အိပ်မက်ကို ဆုံးဖြတ်တယ်ဆိုတာ ကိုငှက် (ထူးအိမ်သင်) သီချင်းလို ”နည်းနည်းလေးတော့ လွဲနေတယ်” လို့ ပြောရမှာပါ။

စာဖတ်သူက ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်လို့ မအောင်မြင်ရင် ဝေဖန်မယ့်သူတွေက စာဖတ်သူ အောင်မြင်တဲ့အခါ တစ်မျိုး ပြောင်းပြောကြမှာပါ။ ကိုယ့်အိပ်မက် ကိုယ်အကောင်အထည်ဖော်ရာမှာ သူတစ်ပါးပါးစပ်နဲ့ လမ်းမဆုံးဖို့ လိုပါတယ်။

ငတ်မှာ ကြောက်တဲ့စိတ်

လူတော်တော်များများက ရှိရင်းစွဲ အခြေအနေလေး ပျက်သွားမှာကို ကြောက်တဲ့စိတ် တွယ်ကပ်ခံနေရပါတယ်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စွန့်ဦးတီထွင်သူ ဒန်နီယယ်အလီထံ ပေးပို့တဲ့စာကို ဖတ်ကြည့်ပါဦး။

”ကျွန်တော့်အသက် ၂၆ နှစ်ရှိပါပြီ။ အခန်းကျဉ်းလေးထဲ နေထိုင်ရတဲ့ အချိန်က တစ်ပတ်ကို နာရီ (၄၀)ပါ။ ပိုကောင်းတဲ့ အလုပ်ရနိုင်ပြီး ကျွန်တော့် ရည်မှန်းချက်တွေ ပြည့်ဝလာအောင် လုပ်နိုင်တယ်ဆိုတာ သိပေမယ့် ဒီအခန်းလေးမှာ ကျသင့်ငွေပေးပြီး သာမန်ဘဝမျိုးနဲ့ပဲ နေထိုင်နေရပါတယ်။ ပျင်းရိ ငြီးငွေ့လွန်းလို့ မွန်းကြပ်နေပြီး ကျွန်တော့် အစွမ်းအစတွေကို ထုတ်ပြချင်ပါတယ်။ ဒါပေမဲ့ (လုပ်ငန်းလုပ်ရင်) ရှိစုမဲ့စုလေးတွေ ပြုတ်ပြုတ်ပြုန်းသွားမှာ ကြောက်မိတယ်။ ကျွန်တော့်ကို ခင်ဗျားဘယ်လို ထင်လဲ”လို့ ရေးထားပါတယ်။

သူ့မှာ စုထားတဲ့ ပိုက်ဆံ အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ရှိလို့ လက်ရှိအလုပ်က ထွက်ပြီး သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ (ဒါမှမဟုတ်) သူ စိတ်ဝင်စားတဲ့လုပ်ငန်းကို လုပ်ဖို့ လအနည်းငယ်ကြာအောင် အချိန်ရပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကိုပဲ ဖက်တွယ်ထားချင်စိတ်က သူ့ကို ပိတ်လှောင်ထားပါတယ်။

အခြေအနေပျက်ပြီး မွဲသွားမှာ ကြောက်တဲ့စိတ်က အောင်မြင်ချင်သူတွေအတွက် ချိနဲ့စေတဲ့ ဗိုင်းရပ်စ်ပါပဲ။ ဒီလိုလူမျိုး အများကြီးရှိနိုင်ပါတယ်။ လူအများစုဟာ ”ကြီးပွား တိုးတက်ဖို့အရေးထက် မငတ်ရင်တော်ပြီ” ဆိုတဲ့စိတ်ကြောင့် ကြီးပွားသင့်ရက်နဲ့ သာမန်ဘဝမှာပဲ နေနေရပါတယ်။ ငတ်မှာကြောက်တဲ့စိတ်ကြောင့် သင့်ရဲ့ ကြီးပွားတိုးတက်ရေး အိပ်မက်ကို လွှတ်ချလိုက်မလား မိတ်ဆွေ။

အသက်အရွယ်ကြောင့် ကြောက်တဲ့စိတ်

လူမှန်ရင် အချိန်တန် ခန္ဓာစွန့်ကြရမှာချည်းပါပဲ။ ဒီနေရာမှာ အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး ပြောမကုန်တဲ့ ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားသူ ဘင်ဂျမင်ဖရန့်ကလင်း ပြောခဲ့တဲ့ စကားတစ်ခွန်းက မှတ်မှတ်ရရရှိလှပါတယ်။ ”လူအများစုက အသက် ၂၅ နှစ်မှာ သေဆုံးကြပြီး ၇၅ နှစ်မှ သင်္ဂြိုဟ်ရတယ်”။

လူတော်တော်များများ၂၅ နှစ်လောက်မှာ သာမန်ဘဝနဲ့ ရောင့်ရဲကျေနပ်ပြီး ဘဝတက်လမ်းအတွက် မစွန့်စားကြတော့တာကို ဆိုလိုထားတာပါ။ အထူးသဖြင့် ဘဝအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်း အပြောင်းအလဲ ကြီးကြီးမားမားဖြစ်တဲ့အခါ အသက်အရွယ်အပေါ် ကြောက်ရွံ့စိတ်က အထိနာစေပါတယ်။ “

ငါ့အသက် ၄၆ နှစ်ရှိပြီ။ တစ်ဘဝလုံး အသက်အာမခံ ကုမ္ပဏီလုပ်ငန်းလုပ်လာတာ အခုမှ အိမ်ခြံမြေလုပ်ငန်း လေ့လာဖို့ ဘယ်လိုဖြစ်နိုင်တော့မှာလဲ”ဆိုတာမျိုးပေါ့။ အလုပ်ပြောင်းလို့ ခြွင်းချက်မရှိ အဆင်ပြေမှ ကိုယ့်မိသားစုကို ထောက်ပံ့ပေးနိုင်မယ် ဆိုတာမျိုးကလည်း တွေးရပါသေးတယ်။ တကယ်တော့ အသက်အရွယ်ထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ပိုပြီး အဓိကကျပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ခိုင်ခိုင်မာမာရှိရင် ဒီအရွယ်မှ ငါမစွမ်းတော့ဘူးဆိုတဲ့ ကြောက်စိတ်ကို ဖယ်ရှားနိုင်ပါတယ်။

မအောင်မြင်မှာ ကြောက်တဲ့စိတ်

အလုပ်တစ်ခုခု စလုပ်တော့မယ်ဆိုရင် ”အလုပ်မဖြစ်ဘူးဆိုရင် ဘာဖြစ်မလဲ။ ဘယ်သူမှ မကြိုက်ဘူးဆိုရင် ဘာဖြစ်မလဲ။ မအောင်မြင်ရင် ဘာဖြစ်မလဲ”ဆိုတဲ့ မေးခွန်းမျိုး မေးကြလေ့ရှိပါတယ်။ ဒါဟာ မှားယွင်းတယ်လို့ မဆိုနိုင်ပေမယ့် အောင်မြင်မှုရဖို့ လွဲမှားနေတဲ့ စိတ်သဘောထားလို့ ဆိုနိုင်ပါတယ်။

ကျရှုံးမှာကို တွေးမယ့်အစား ဘယ်လိုဘယ်ပုံ လုပ်ရင်တော့ အောင်မြင်နိုင်မယ်ဆိုတာကို အာရုံစိုက်သင့်ပါတယ်။ အဲဒီလို တွေးထားမယ်ဆိုရင် သင့်အနေနဲ့ မအောင်မြင်ဘူး၊ အမှားအယွင်းတွေ ရှိနေတယ်ဆိုရင်တောင် အမှားပြင်ပြီး အမှန်မြင်ခွင့် ရှိပါလိမ့်မယ်။ မအောင်မြင်ခင် ကျရှုံးကြတာချည်းပဲပါ။ ”အောင်မြင်သူတိုင်း တစ်ချိန်တခါတော့ ကျရှုံးခဲ့ကြဖူးပါတယ်”။ ဒီလိုဆိုတော့ အကြံပြုချင်တာကတော့ ”ရဲဘော်…….ဆက်လုပ်” ပေါ့။

အခြားသူတွေကို တိုက်ခိုက်သလိုဖြစ်မှာ ကြောက်တဲ့စိတ်

ကိုယ့်အိပ်မက်ကိုယ် အကောင်အထည်ဖော်ချင်တယ်ဆိုရင် လုပ်စရာရှိ ရဲရဲတင်းတင်း လုပ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတလေမှာ ဒီလိုလုပ်ရင် ဟိုလူ့ကို တိုက်ခိုက်သလို ဖြစ်မလား၊ ဒီလူ့ကို တိုက်ခိုက်သလို ဖြစ်မလားဆိုပြီး တွေးပူနေတတ်တာမျိုး ရှိပါတယ်။ ”ငါ့ကို အခြားသူတွေက ထောင်လွှားတယ်လို့များ ထင်သွားမလား” ဆိုတာမျိုး တွေးတတ်ကြပါတယ်။

“ကိုယ့်ဂုဏ်ကိုယ်ဖော် ၊ မသူတော် ခုနစ်ပါး” ဆိုတဲ့ စကားပုံ ရှိတာမှန်ပေမယ့် လိုအပ်လာရင် ကိုယ့်အရည်အချင်းကို ထုတ်ပြဖို့လည်း တွန့်ဆုတ်မနေသင့်ပါဘူး။ ကိုယ့်အရည်အချင်း ထုတ်မပြဘူးဆိုရင် သူတို့က နေရင်းထိုင်ရင်း ”ဒီကောင် လူတော်ပဲ”ဆိုပြီး အသားလွတ် အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။

အရူးလို့ထင်ခံရမှာ ကြောက်တဲ့စိတ်

ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိဖို့နဲ့ ကိုယ့်ပုံစံက ဘယ်လိုအနေအထားနဲ့ အံ့ဝင်ခွင်ကျဖြစ်မယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် သူများ စကားနားယောင်ပြီး ငါ လုပ်နေတာ၊ ငါ တွေးနေတာတွေက တလွဲကြီးလို့ စိတ်ဓာတ် သွေဖယ်သွားနိုင်ပါတယ်။ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ဖြေရှင်းနိုင်မယ်ဆိုတဲ့ ယုံကြည်စိတ် မွေးပြီး ကိုယ့်ဆုံးဖြတ်ချက် မှန်တယ်ဆိုတာ ယုံထားဖို့ လိုပါတယ်။

အောင်မြင်မှာ ကြောက်တဲ့စိတ်

အချို့တွေကို ကိုယ့်အရည်အချင်း အစစ်အမှန်ကို ဖော်ထုတ်ပြဖို့ ကြောက်ရွံ့နေတတ်ကြပါတယ်။ အဲဒီသူတွေဟာ အောင်မြင်သူတွေကို ကြည့်ပြီး ”ငါတို့လည်း ဒီလိုလုပ်ခဲ့တာပဲ။ ဘာကြောင့် မအောင်မြင်ခဲ့တာလဲ” လို့ မေးခွန်းထုတ်ကြပါလိမ့်မယ်။ တကယ်တော့ သူတို့ဟာ ထင်ပေါ်ကျော်ကြားမှု၊ ချမ်းသာကြွယ်ဝမှု၊ အသိအမှတ်ပြုခံရမှုနဲ့ အချစ်ခံရမှာကို ကြောက်ရွံ့နေကြတာပါ။ သူတို့က အောင်မြင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးပမ်းရမယ့်အစား အောင်မြင်မှုကို လမ်းသွားရင်း ကောက်ရလိမ့်မယ်လို့ ယုံကြည်ထားကြလို့ မအောင်မြင်ရတာပါ။

ဖော်ပြထားတဲ့ ကြောက်စိတ်တွေကို အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်မှု၊ အောင်မြင်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တိုက်ဖျက်ပယ်ရှားပြီး သံသယနဲ့ မသေချာမှုတွေကြောင့် တုံ့နှေးနေတဲ့ သင့်ရဲ့အောင်မြင်ရေး ခရီးစဉ် ပိုမိုခရီးပေါက်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

Ref: “7 Big Fears You Need to Overcome If You Want to Be Successful ” by “Daniel Alley”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top