သတိထားရမယ့် အနိုင်ကျင့်ခြင်း ပုံစံသစ်

1-06SZe0sXDydNbVBlbpp5Jw.jpg

“အနိုင်ကျင့်တယ်” ဆိုတဲ့ စကားလုံးကို ကြားမိရင် ကျွန်တော်တို့ စိတ်ထဲမှာ တွေးမိမှာက “အင်အားကြီးသူ တစ်ယောက် ဒါမှမဟုတ် တစ်ဖွဲ့က သူ့ထက် အင်အားနည်းသူ တစ်ယောက် ဒါမှမဟုတ် အဖွဲ့ငယ်တစ်ဖွဲ့ကို တိုက်ခိုက်တာ၊ ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်တာ၊ စိတ်မှာ သိမ်ငယ်အားနည်းအောင် ပြုလုပ်တာမျိုး ဆိုတာပါပဲ။

အခု နည်းပညာထွန်းကားလာတဲ့အခါမှာ အနိုင်ကျင့်သူတွေဟာ နည်းပညာအသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်တာ (cyber bullying) လုပ်လာတာတွေ ရှိလာပါတယ်။ (ဆက်လက်ပြီးတော့ cyber bullying လို့ပဲ သုံးနှုန်းသွားမှာ ဖြစ်ပါတယ်)

Cyber bullying မှာ ဒီလို လုပ်ရပ်တွေ ပါဝင်ပါတယ်။

  • လူတစ်ယောက်ရဲ့email ဒါမှ မဟုတ် ဖုန်း (facebook message တွေ တဆင့်လည်း ဖြစ်နိုင်တယ်) ကို ခြိမ်းခြောက်စာတွေ ၊ ကြိမ်းမောင်းစော်ကားတဲ့ စာတွေ ပို့တာ။
  • အင်တာနက်ကနေတဆင့် ကောလဟာလတွေ လွှင့်တာ
  • လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူအများကို ထိခိုက်စေနိုင်တဲ့ အချက်အလက်တွေကို facebook လို လူမှုကွန်ရက်တွေမှာ တင်တာ
  • လူပုဂ္ဂိုလ်တစ်ယောက်ယောက် အယောင်ဆောင်ပြီး အဲဒီလူရဲ့ သိက္ခာညှိုးနွှမ်းအောင် ရေးသားပြောဆိုတာ
  • တစ်ယောက်ယောက်ရဲ့ ဂုဏ်သိက္ခာထိခိုက်စေမယ့်ဓာတ်ပုံတွေကို အင်တာနက်ပေါ်မှာမျှဝေတာ
  • လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းတွေ ၊ ညစ်ညမ်းတဲ့အပြောအဆိုတွေ ပုံတွေ ပို့တာ

အပေါ်ကအမျိုးအစားတွေထဲ မပါသေးတဲ့ cyber bullying ပုံစံတွေလည်း ရှိနိုင်ပါသေးတယ်။ ဒီလို အနိုင်ကျင့်ခံရတာမျိုးတွေဟာ အဓိကအားဖြင့် လူငယ်တွေ၊ ဆယ်ကျော်သက်တွေအပေါ် ဦးတည်တိုက်ခိုက်နေတာမို့ စာဖတ်သူမှာ ဆယ်ကျော်သက်အရွယ်သားသမီးရှိရင်ဖြင့် ဒါအလေးအနက်ထားပြီး ကာကွယ်ရမယ့် အန္တရာယ်တစ်ရပ်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အိုင်ဆေ့ဖ် ဖောင်ဒေးရှင်း (i-Safe Foundation) ရဲ့ သုတေသနစစ်တမ်းတွေအရ အင်တာနက်သုံးစွဲသူလူငယ်တွေရဲ့ တစ်ဝက်ကျော်ဟာ cyber bullying အန္တရာယ်နဲ့ ကြုံတွေ့ဖူးခဲ့ပြီး (၂၅) ရာခိုင်နှုန်းဟာ အဆက်မပြတ် cyber bullying အပြုလုပ်ခံရသူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အနိုင်ကျင့်ခံရတဲ့လူငယ်တွေဟာ သေကြောင်းကြံစည်နိုင်ချေ သာမန်ထက် (၅) ဆ အထိ ရှိတယ်လို့သိရပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နည်းပညာဖွံ့ဖြိုးလာတာနဲ့ အမျှ ဒီအန္တရာယ်ဟာ ပို စိုးရိမ်စရာကောင်းလာပါတယ်။ ကိုယ့်သားသမီး ၊ ကိုယ့် တူ တူမလေး၊ ကိုယ့် ညီ ညီမလေးကို တစ်ယောက်ယောက်ကများ ဒီနည်းနဲ့အနိုင်ကျင့်နေပြီလား၊ ကိုယ့်ကို မပြောဘဲ သူတို့လေးတွေတစ်ယောက်ထဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ ကြိတ်ခံစားနေရပြီလားဆိုတာ တွေးမိရုံနဲ့တင် စိတ်ပူစရာပါ။ တစ်ဘက်ကလည်း တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူငယ်တွေကို အင်တာနက်နဲ့ လူမှုကွန်ရက်တွေကိုမသုံးဖို့အထိပိတ်ပင်တာမျိုးက လက်တွေ့မကျသလို သူတို့ရဲ့ လေ့လာသင်ယူနိုင်စွမ်းကိုလည်း ဟန့်တားရာကျပါတယ်။ အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးရရင်

  • Cyber bullying အကြောင်း လူငယ်တွေ သိထားအောင် ပြောပြပါ။ အန္တရာယ်တွေအကြောင်း ဆွေးနွေးပါ။
  • သူတို့တွေ့ကြုံနေရတဲ့ အခက်အခဲတွေရှိရင် ပွင့်ပွင့်လင်းလင်းတိုင်ပင်ဖို့ တိုက်တွန်းပါ။ အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပေးချက်တွေ ပြုလုပ်ပါ။
  • လူမှုကွန်ရက်သုံးစွဲနေသူတစ်ဦးဆိုရင် ဘာပဲတင်တင်၊ မတင်ခင်မှာ စဉ်းစားပါ။ ဒီစာသားတွေ၊ ဒီ ဓာတ်ပုံတွေသုံးပြီး တစ်စုံတစ်ယောက်က ကိုယ့်သိက္ခာညှိုးနွမ်းအောင်လုပ်နိုင်သလား အသေအချာသုံးသပ်ပါ။
  • Facebook က Privacy တွေကို လိုအပ်သလို သုံးစွဲပါ။သူငယ်ချင်းတွေနဲ့ နီးစပ်ရာ အသိုင်းအဝိုင်းလောက်ပဲ သိသင့်တာမျိုးဆိုရင် “Public” ဆိုတဲ့ privacy setting ကို မသုံးပါနဲ့။ “Friends” ကိုပဲ ရွေးပါ
  • လွယ်ကူတဲ့ ခန့်မှန်းရလွယ်တဲ့ password မျိုးတွေ မပေးမိပါစေနဲ့။ လူအများမြင်သာတဲ့နေရာမှာ ရေးထားတာမျိုးမလုပ်ပါနဲ့ ။ facebook လို လူမှုကွန်ရက် website တွေဝင်ပြီးတိုင်း (အထူးသဖြင့် ကိုယ့် ကိုယ်ပိုင်မဟုတ်တဲ့ ဖုန်းတွေ၊ ကျွန်ပျူတာတွေမှာသုံးတဲ့အခါ) Log Out လုပ်ဖို့ မမေ့ပါနဲ့။
  • တစ်ယောက်ယောက်က နည်းပညာကိုသုံးပြီး သင့်ကိုထိခိုက်အောင်လုပ်နေတယ်လို့ ခံစားမိလာရင် တစ်ယောက်တည်း ကြိတ်မဖြေရှင်းပါနဲ့။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ၊ ခင်မင်တဲ့အသိုင်းအဝိုင်းထဲက အကြံပေးနိုင်မယ့်သူတွေနဲ့ တိုင်ပင်ပါ

အရေးအကြီးဆုံးအချက်က ကိုယ်ချင်းစာစိတ်ထားဖို့ပါ။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ကိုယ်တိုင်လည်း မရည်ရွယ်ဘဲ တစ်ပါးသူထိခိုက်အောင် လုပ်မိတဲ့လူတွေ ဖြစ်နေနိုင်ပါတယ်။ “သူ့နေရာမှာ ကိုယ်သာဆိုရင်၊ ကိုယ် ချစ်ခင်တဲ့လူတွေသာဆိုရင် ” လို့ စဉ်းစားပြီး လူတစ်ဘက်သားနစ်နာစေမယ့် ပုံတွေ၊ စာတွေ တင်တာ၊ ပေးပို့တာတွေကို ရှောင်ကြဉ်ပါ။

Ref: bullyingstatistics.org
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top