သင်ဦးချ၍ အမျှဝေရာ (စာပေဗိမာန် ဝတ္တုတိုပေါင်းချုပ် ဒုတိယဆုရဝတ္တုတို)

article_post_part_6.jpg

ကလောင်ရှင် မင်းထက်မြိုင်ရဲ့ “သင်ဦးချ၍ အမျှဝေရာ” အမည်ရ စာပေဗိမာန်ဝတ္တုတိုပေါင်းချုပ် ဒုတိယဆုရဝတ္တုကို ရသစာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခုတစ်ပတ်ဖော်ပြပေးလိုက်တာက ဝတ္တုရဲ့အပိုင်း (၆) ဇာတ်သိမ်းပိုင်းဖြစ်ပြီး အပိုင်းအားလုံးကို စုစည်းပြီး ပြန်လည်ဖော်ပြပေးသွားဦးမှာဖြစ်ကြောင်းလည်း အသိပေးလိုက်ပါရစေ။ ဖတ်ရှုခံစားကြည့်လိုက်ပါဦး…။
သင်ဦးချ၍ အမျှဝေရာ (အပိုင်း ၆ ဇာတ်သိမ်း)
ကျွန်တော်နှင့်ကိုအောင်ကြီးသည် လှေကားနှစ်စင်းကို သံကြိုးဖြင့်တုတ်၍ စပ်လိုက်ကြသည်။ ထို့နောက် လှေကားကို ထောင်၍ စေတီနှင့်ကပ်လိုက်ပြီး ကြိုးများဖြင့် ပတ်ချည်ထားလိုက်သည်။

‘‘ကဲ ဆရာသမား တက်လို့ရပြီ’’ ‘‘ဟင် ကိုအောင်ကြီးမတက်ဘူးလား’’ ‘‘မင်းတက်လိုက်ပါကွ။ မင်းကလူကောင်သေးတော့ ပေါ့ပေါ့ပါးပါးနဲ့ တက်လို့ရတယ်။ ပြီးတော့ ငါက သားနဲ့မယားနဲ့ကွ။ တစ်ခုခုဖြစ်ရင် မလွယ်ဘူး’’ ‘‘သြော် ထားပါတော့။ ကျွန်တော်ကတက်ပြီး ဘာလုပ်ရမှာလဲ။ လျှပ်စစ်နဲ့ပတ်သက်လို့ ကျွန်တော်မှ နားမလည်တာ’’ ‘‘ဟာ မင်းကလည်း ဘာနားလည်စရာလိုလို့လဲ။ ငါအကုန်ဆင်ပြီးသား မင်းက တက်ချိတ်လိုက်ရုံပဲ’’
‘‘ဒါဆိုလည်း ပေး’’ဟုဆိုကာ သူ့လက်ထဲမှ အားလုံးပြင်ဆင်ထားသော မာကျူရီမီးသီးကို လှမ်း၍ ယူလိုက်ပြီး ‘‘ခင်ဗျား သေချာတော့ ကိုင်ထားပေးဦးနော်။ ကြိုးတွေက သိပ်စိတ်မချရဘူး’’ဟု ပြောရင်း မာကျူရီမီးသီးကြီးတစ်ဖက်ဖြင့် လှေကားပေါ်သို့ ဖြည်းဖြည်းချင်းတက်သွားခဲ့ရာ လှေကား အလယ်ကျော်ကျော်တွင် ခြေတစ်ဖက် ချော်သလိုဖြစ်လိုက်သည့်အတွက် ချွေးသီးချွေးပေါက်ကျကာ ရင်တုန်၍ မောခဲ့ရသည်။ သို့သော် သတိပြန်ကပ်၍ ဆက်တက်ခဲ့ရာ စိန်ဖူးတော်ထိပ်နားအထိ ရောက်သွားခဲ့ပြီး ပါလာသော မာကျူရီမီးသီးကို တုန်တုန်ရင်ရင်ဖြင့် ချိတ်လိုက်ရာ အောင်မြင် သွားခဲ့သည်။ တစ်ဆက်တည်းတွင်ပင် စောင်းနေသော ထီးတော်လေးကိုပါ ပြန်တည့်ထားခဲ့လိုက်သည်။

‘‘ဟေ့ကောင်’’ဟု အောက်ကနေ၍ အော်ခေါ်လိုက်သည့်အသံကြောင့် ငုံ့ကြည့်လိုက်ရာ ကျွန်တော့်ကို လက်လှမ်းပြနေသော ကိုဖြိုး၊ ကိုဇင်တို့အဖွဲ့နှင့် ကလေးများကို တွေ့ရသည်။ သူတို့သည် ဗန်ဒါရွက်မီးပုံများကို လမ်းများပေါ်တွင် လိုက်လံ၍ နေရာချထားလျက်ရှိသည်။
‘‘ဟေ့ ငါလာပြီဟေ့’’ဟု ပြန်ပြောပြီး အောက်သို့ပြန်ဆင်း၍ လှေကားများကို ဖြုတ်သိမ်း လိုက်သည်။‘‘ကိုအောင်ကြီး ပြန်တော့မှာလား” “အေးပြန်တော့မယ်။ ညကျမှ မိန်းမနဲ့ ကလေးတွေနဲ့ လာခဲ့တော့မယ်’’ဟုပြောရင်း သူ့လှေကားကြီးကို ဆွဲ၍ ထွက်မည်အလုပ်တွင် ‘‘သြော် ဒါနဲ့ မီးတွေဖွင့်ရင်လည်း ဂရုစိုက်ဖွင့်နော်။ တော်ကြာ ဓာတ်လိုက်နေဦးမယ်’’ဟု မှာပြီး ထွက်သွားသည်။

ကျွန်တော်လည်း သူထွက်သွားပြီးသည်နှင့် ကျန်ရှိသည့်လှေကားတစ်စင်းကို ကိုဖြိုးတို့ အိမ်ထဲကို ပြန်ထားလိုက်သည်။ ထို့နောက် ကိုဖြိုးတို့နှင့်အတူ ဗန်ဒါရွက်မီးပုံးများကို လမ်းများတွင် လိုက်လံချထားသည်။ ဆီမီးခွက်များကို စေတီပရဝုဏ်အတွင်း၌ နေရာများချထားပြီး မီးစာနှင့်ဆီများ ဖြည့်ကြသည်။ ရင်ပြင်တော်ပေါ်နှင့် စေတီပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ပြီး တံမြက်စည်းများဖြင့် လှည်းကျင်းကြသည်။ ထိုအချိန်တွင် အလှူခံမဏ္ဍပ်က နောက်ဆုံးသိမ်းခါနီးအနေဖြင့်ဖွင့်သော သီတင်းကျွတ်ပြီကွယ် သီချင်းသည် လေထဲတွင် ပျံ့လွင့်လျက်ရှိသည်။

‘‘မင်းပုံကိုလည်း ကြည့်ပါဦးကွာ။ မိုးခိုးရောင် သရဲကြီးကျနေတာပဲ’’ ဟု ကိုဖြိုးက ကျွန်တော့်၏ ဖုန်တက်နေသော ခန္ဓာကိုယ်ကို နောက်ပြောင်သည်။ ကျွန်တော်ကလည်း အသားအနည်းငယ်မဲသော ကိုဖြိုး၏ ခန္ဓာကိုယ်တွင် ရွှံ့များပေနေပုံကို‘‘အမလေး ပြောရှာတယ်။ ရွှံ့နဲ့အလှဆင်တဲ့ မီးသွေးတုန်းက’’ထိုသို့ ကျွန်တော်နှင့်ကိုဖြိုး စနောက်နေကြစဉ် ကိုဇင်က‘‘ကိုကြီး ကျွန်တော်တို့ ရေသွားချိုးလိုက်တော့မယ်။ ပြီးမှ ပြန်လာခဲ့မယ်’’ ‘‘အေးအေး သွား။ ငါတို့လည်း သွားတော့မှာ’’

နေမင်းကြီးသည် အနီရောင်သန်းနေသော ကောင်းကင်ကြီးကို လက်ပြနှုတ်ဆက်နေပြီ ဖြစ်သကဲ့သို့ နန်းတော်ဦးစေတီ၏ အလှူခံမဏ္ဍပ်ကလေးလည်း သိမ်းဆည်းနေ၏။ မြို့ကလေးရှိ အသွားအလာများသည်လည်း ရုတ်ချည်းဆိုသကဲ့သို့ အားလုံး အလျှိုအလျှိုပျောက်ကွယ်သွားကြ ကုန်၏။ ပျောက်ကွယ်နေခြင်းသည် အချည်းနှီးမဟုတ်၊ ရှေ့တိုးမည့်ဆင် နောက်တစ်လှမ်းဆုတ်သည့် သဘောပင်ဖြစ်သည်။ မကြာမီတွင် အမှောင်ကိုခွင်းပြီး အလင်းဆောင်မည့် လမင်းကြီး ပေါ်ထွက်လာမည်။ ထိုသို့ ပေါ်ထွက်လာလျှင် စောစောက အလျှိုအလျှို ပျောက်ကွယ်သွားကြသော သူများအားလုံး ပြန်ထွက်လာကြလိမ့်မည်။

ကျွန်တော်၊ ကိုဖြိုး၊ ကိုဇင်တို့အားလုံးသည် အဖြူရောင်လည်ကတုံးအင်္ကျ ီများကို တိုင်ပင်မထားဘဲ ဝတ်ဆင်ခဲ့ကြ၍ တူညီဝတ်စုံဖြစ်၍နေပေသည်။ ကျွန်တော်တို့သည် စေတီတော်၏ မုခ်ဦးအရှေ့တွင် မှောင်သွားမည့် အခြေအနေတစ်ခုကို စောင့်ဆိုင်းလျက်ရှိသည်။ ကျွန်တော်တို့နှင့် အတူ ရပ်ကွက်ထဲမှ ကလေးများလည်း ရှိနေသည်။ထိုအချိန်တွင် ကိုဖြိုးတို့အိမ်ဘက်မှ လမ်းလျှောက်လာနေကြသော ကိုဇော်ကြီးတို့အဖွဲ့ကို တွေ့လိုက်ရသည်။ သူတို့နှင့်အတူ ဆရာကြီးဦးသိန်းအောင်လည်း ပါသည်။ ဆရာကြီးက ရှေ့ဆုံးမှဦးဆောင်၍ ကိုဇော်ကြီးက ဆရာကြီးဘေးမှ စကားတပြောပြောဖြင့် လိုက်ပါနေခြင်းဖြစ်ပြီး ကျန်သည့်သူများက နောက်မှလိုက်လျက်ရှိသည်။ သူတို့အဖွဲ့သည်လည်း အဖြူရောင် လည်ကတုံးများဖြင့်ပင်။

‘‘ကိုကျော်ရေ မင်းတို့နဲ့အတူ ပါဝင်ချင်လို့တဲ့။ ငါကတော့ ဒီကောင်တွေနဲ့ စကားပြောပြီးပြီ။ ဆုံးမစရာ ရှိတာလည်း ဆုံးမပြီးပြီ။ မင်းတို့တွေ ခဏစကားပြောနေကြဦး။ ငါ ဘုရားရှိခိုးလိုက်ဦးမယ်’’

ဆရာကြီးသည် ကျွန်တော်တို့နှင့် ခြေလှမ်း ၁၀ လှမ်းခန့်အကွာကတည်းကပင် အသံကျယ်ကျယ်ဖြင့် ပြောလာပြီး ကျွန်တော်တို့ကို ဖြတ်သန်းကာ စေတီရင်ပြင်တော်ဘက်သို့ ထွက်သွားခဲ့သည်။ ကိုဇော်ကြီးတို့အဖွဲ့မှာ မုခ်ဦးအရှေ့တွင် ကျွန်တော်တို့နှင့်အတူ ကျန်နေခဲ့သည်။ ကိုဖြိုးနှင့်ကိုဇင်တို့ကတော့ သိပ်မကြည်၍ မျက်နှာလွှဲနေ ကြသည်။ ကျွန်တော်ကတော့ သူတို့အဖွဲ့ကို သေသေချာချာ ကြည့်၍ အကဲခတ်လိုက်သည်။ အားလုံးမှာ လည်ကတုံးအင်္ကျီအဖြူလေးများဖြင့် သပ်သပ်ရပ်ရပ်ရှိလှသည်။ ထိုစဉ် ကိုဇော်ကြီးသည် ခေါင်းကို ငုံ့ထားရာမှ မော့လိုက်ပြီး‘‘ကိုကျော် ငါ အရင်တုန်းကကိစ္စတွေအတွက် တောင်းပန်ပါတယ်။ ငါ သေချာပြန်စဉ်းစား ကြည့်တော့ မင်းပြောတာ မှန်တယ်ကွ။ ငါတို့တွေက အပျင်းပြေ အလုပ်လုပ်ပြီး ကိုယ့်အတွက် အမြတ်ထုတ်ခဲ့ကြတယ် ဆိုတာလေ’’ ‘‘အဲဒါတွေ ထားလိုက်ပါတော့။ ကျွန်တော့်စိတ်ထဲမှာလည်း ဘာမှမရှိတော့ဘူး’’ ‘‘အေးပါ ထားဆိုလည်း ထားလိုက်ပါ့မယ်။ ဒါပေမဲ့ကွာ ငါတို့က မှားထားတဲ့လူတွေဆိုတော့ ပြင်ဆင်ခွင့်တော့ ပေးစေချင်တယ်။ မင်းမှတ်မိဦးမလားမသိဘူး။ မင်းတို့တွေ အလုပ်ပြန်လုပ်တဲ့ အချိန်တုန်းက ငါ ကြည့်ကြည့်နေတာကိုလေ။ အဲဒါက အမှန်တော့ မင်းကို တောင်းပန်မလို့။ ဒါပေမဲ့ မတောင်းပန်ဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါ့မာနက ငါ့ကိုအနိုင်ယူနေလို့’’

သူခေါင်း ပြန်ငုံ့သွားပြီး သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။ သူ့ကို ကိုဖြိုးနှင့် ကိုဇင်တို့လည်း စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။ ခဏအကြာတွင် ခေါင်းကို ပြန်မော့၍‘‘ဒီနေ့ နန်းတော်ဦးစေတီကိုလာဖူးတဲ့ သူတွေကို မုန့်ဟင်းခါးကျွေးဖို့အတွက် အားလုံးပြင်ဆင်ပြီးသွားပြီ။ အဲဒီအတွက် ငါတို့တွေ ဘယ်သူ့ဆီကမှ အလှူငွေကောက်မထားဘူး။ မင်းတို့တွေ အလုပ်ပြန် လုပ်တဲ့နေ့ကစပြီး ငါတို့တွေရဲ့ မုန့်ဖိုးပဲဖိုးတွေကို စုထားကြတယ်။ အဲဒီစုထားတဲ့ငွေတွေနဲ့ ဒီနေ့မနက်ကတည်းက ငါတို့ကိုယ်တိုင် ချက်ထားကြတာ’’ ‘‘သြော် .. အဲဒါကြောင့်မို့လို့ ခင်ဗျားတို့တစ်ဖွဲ့လုံး ပျောက်နေကြတာကိုး’’ဟု ကိုဖြိုးက ဝင်ပြောသည်။

ကျွန်တော်တို့အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြပြီး အပြုံးကိုယ်စီဖြင့် မျက်လုံးချင်း စကားပြောလိုက်ကြသည်။ ခဏအကြာတွင် ကျွန်တော် ကိုဇော်ကြီး၏ လက်မောင်းကို လှမ်းဖျစ် လိုက်ပြီး ‘‘ကျွန်တော်ဝမ်းသာလိုက်တာ။ အစောကြီးကတည်းက ဒီလိုစုစုစည်းစည်းလေးဖြစ်ချင်ခဲ့တာ’’ ဟု ပြောလိုက်သည်။ ထိုစဉ်‘‘ဟေ့ကောင်တွေ တော်တော်မှောင်နေပြီဟ မီးမထွန်းကြသေးဘူးလား’’ဟု ဆရာကြီးက ရင်ပြင်တော်ပေါ်မှ လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည်။‘‘ဟုတ်သားပဲ မှောင်နေပြီ။ ကိုဇော်ကြီး ခင်ဗျားတို့က မုန့်ဟင်းခါးကျွေးမှာဆို သွားယူတော့လေ။ ကျွန်တော်တို့လည်း မီးလိုက်ထွန်းတော့မယ်’’

နန်းတော်ဦးစေတီတော်၏ စိန်ဖူးတော်ထိပ်ရှိ မာကျူရီမီးအလင်းရောင်သည် ကောင်းကင်တွင် ထွန်းလင်းနေသော လမင်းကြီးနှင့်အပြိုင် အံတုလျက်ရှိသည်။ စေတီတော်ကို ဝန်းရံထားသည့် ရောင်စုံမီးသီးများနှင့် မီးဆိုင်းကြိုးများ၏ လှုပ်ရှားယိမ်းနွဲ့နေသောအလှကလည်း စေတီတော်ကို ဖူးမျှော်ရန် ဖိတ်ခေါ်လျက်ရှိသည်။ စေတီတော်၏ အုတ်တံတိုင်းနှင့် မုခ်ဦးများပေါ်တွင် စီရရီ ထွန်းထားသည့် ဆီမီးအဝါရောင်များကလည်း လမင်းကြီးကို ကူညီ၍ထောက်ပံ့မှုပေးနေသည်။ စေတီမုခ်ဦးရှေ့ရှိ လမ်းများပေါ်တွင် တန်းစီ၍ထွန်းထားသော ဗန်ဒါရွက်မီးပုံးလေးများမှာ ကျောက်စိမ်းတုန်းများကို စီထားသကဲ့သို့ လှပတင့်တယ်နေသည်။ ထိုမီးပုံးလေးများက ဘုရားဖူးလာသူများကို ခရီးဦး ကြိုဆိုလျက်ရှိသည်။ စေတီတော်၏ အရှေ့မြောက်ထောင့်ရှိ ဇရပ်လေးနားတွင်လည်း မုန့်ဟင်းခါးစားနေသူများဖြင့် စည်ကားနေသည်။ စေတီတော်အနီးမှ ဖြတ်သွားသူမှန်သမျှသည်လည်း ‘‘သပ္ပာယ်လိုက်တာ’’ဟု တဖွဖွပြောကာ ကြည်ညို၍ ဝင်ရောက် ဖူးမြော်ကြလျက်ရှိသည်။

ဤသို့ဖြင့် နန်းတော်ဦးစေတီတော်၏ ဂုဏ်သတင်းမှာ ညတွင်းချင်းပင် ပျံ့နှံ့သွားပြီး အခြားရပ်ကွက်များကပါ လာရောက်ဖူးမျှော်ကြသည့်အတွက် ရင်ပြင်တော်ပေါ်တွင် ဘုရားရှိခိုးရန် နေရာလပ်မရှိအောင် ကျိတ်ကျိတ်တိုး စည်ကားခဲ့ပါသည်။

သီတင်းကျွတ်လပြည့်နေ့၏ သန်းခေါင်ယံအချိန်သို့ ရောက်ရှိခဲ့ပြီ။ ဘုရားဖူးလာသူများလည်း မရှိသလောက် နည်းပါးသွားပြီ။ ထွန်းထားသော ဆီမီးများသည်လည်း မီးစာကုန် ဆီခမ်းပြီ ဖြစ်သည့်အတွက် အချို့မှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး အချို့မှာ လုံးဝငြိမ်းသွားလျက်ရှိသည်။ လမ်းများတွင်ထွန်းထားသော ဗန်ဒါရွက်မီးပုံးများသည်လည်း မီးငြိမ်းသွားပြီဖြစ်သည့်အတွက် ရပ်ကွက် အတွင်းမှ ကလေးများက လိုက်လံသိမ်းဆည်း နေကြသည်။

ထိုအချိန်၌ ကြက်ခြေခတ်လမ်းဆုံတည့်တည့်တွင် လူအုပ်တစ်စု မတ်တပ်ရပ်၍ နန်းတော်ဦး စေတီတော်ကို မျက်တောင်မခတ်ဘဲ ကြည်ညိုဖူးမြော်လျက်ရှိသည်။ ထိုသို့ ဖူးမြော်ရင်းကပင် အချို့က မျက်ရည်များ ကျနေသည်။ အချို့က ပြုံးတုံ့ပြုံးတုံ့ လုပ်နေသည်။ အချို့က အင်မတန် အားရကျေနပ်လှသော မျက်နှာထားမျိုးဖြင့် ဖြစ်နေသည်။ အချို့က သတင်းကျွတ်လပြည့်နေ့၏ နှစ်လိုဖွယ်ကောင်းသော နန်းတော်ဦးစေတီရှုခင်းကို တစ်စိမ့်စိမ့် ခံစားနေသည်။ လူအုပ်စုထဲတွင် ကျွန်တော်၊ ကိုဖြိုး၊ ကိုဇင်တို့နှင့် ကိုဇော်ကြီးတို့အဖွဲ့အပြင် ဆရာကြီးလည်း ပါဝင်သည်။

‘‘မင်းတို့တွေ ဒီလောက်နဲ့ မကျေနပ်နေကြနဲ့ဦး။ မင်းတို့တွေက ငယ်သေးတယ်။ နောင်ကျရင် တစ်နယ်တစ်ကျေးကို သွားကြ၊ ခွဲကြရဦးမှာ။ အဲတော့ ရပ်ကွက်ထဲက လူငယ်တွေကို မင်းတို့လို လူငယ်တွေဖြစ်အောင် လက်ဆင့်ကမ်းခဲ့နိုင်မှ၊ တစ်နည်းဆိုရမယ်ဆိုရင် နောက်လူကို ကြည့်ခဲ့နိုင်မှ နန်းတော်ဦးစေတီဟာ အဓွန့်ရှည်တည်တံ့ပြီး သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ဆီမီးတွေနဲ့ ထိန်ထိန်ငြီးနေလိမ့်မယ်’’
ဆရာကြီးဦးသိန်းအောင်သည် လက်နှစ်ဖက်ကို နောက်ပစ်၍ စေတီကို တစိမ့်စိမ့်ကြည့်ရင်းက ကျွန်တော်တို့အား တည်ငြိမ်သောအသံ၊ လေးနက်သောအသိတို့ဖြင့် ဆုံးမနေခြင်း ဖြစ်သည်။ ဆရာကြီးက ဆက်၍ ‘‘မင်းတို့တွေ ဆယ်တန်းနှစ်တုန်းက သင်ခဲ့ရတဲ့ ဆရာဇော်ဂျီရဲ့ သင်သေသွားသော်ဆိုတဲ့ ကဗျာကို မှတ်မိကြသေးလား’’‘‘ဟုတ်ကဲ့ မှတ်မိပါတယ်ဆရာကြီး’’ဟု ကျွန်တော်တို့အားလုံးက ဆရာကြီးဘက်သို့လှည့်၍ ပြိုင်တူပြောလိုက်ကြသော်လည်း ဆရာကြီးကမူ စေတီကိုသာ မျက်နှာမူလျက်ရှိသည်။‘‘အေး .. အဲဒါဆိုရင် အဲဒီကဗျာရဲ့ နောက်ဆုံးအပိုဒ်လေးကို ရွတ်လိုက်ကြစမ်းကွာ’’

“သင်ဦးချ၍၊ အမျှဝေရာ

စေတီသာနှင့်၊ သစ္စာအရောင်

ဉာဏ်တန်ဆောင်လည်း

ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း”

အပိုင်း (၁) လင့်ခ် – https://bit.ly/2sbhzBX

အပိုင်း (၂) လင့်ခ် – https://bit.ly/2sdXESU

အပိုင်း (၃) လင့်ခ် – https://bit.ly/2VJgEGa

အပိုင်း (၄) လင့်ခ် – https://bit.ly/2DaHb88

အပိုင်း (၅) လင့်ခ် – https://bit.ly/2RHhaWX

မင်းထက်မြိုင်

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top