အောင်လ၏ ပျော်ရွှင်ဖွယ်အမှတ်တရများနှင့် ဩစတေးလျခရီးစဉ်

49696265_1440156459450820_1732199802701086720_n.jpg

ONE Championship အားကစားသမား Aung La N Sang အတွက်တော့ ဩစတေးလျခရီးစဉ်အတွက် မိုင်ပေါင်း ၉၃၄၄ မိုင် (၁၅၀၆၀ ကီလိုမီတာ) ခရီးနှင်ခဲ့ရပြီး လေဆိပ်မှာ ၂ ရက်တာ ကုန်ဆုံးခဲ့ရပေမဲ့လည် တန်ဖိုးရှိတဲ့ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ONE ရဲ့ နာမည်ကျော်ကစားသမား Martin Nguyen နဲ့အတူ ဆစ်ဒနီကို ငါးရက်တာ အလည်အပတ်သွားရောက်ခဲ့တဲ့ ONE ဝိတ်တန်း ၂ ခုရဲ့ကမ္ဘာ့ချန်ပီယံ အောင်လက “သိပ်ကိုပျော်ဖို့ကောင်းတဲ့ခရီးစဉ်ပါ” လို့ ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော်တို့တွေဆုံပြီး အားကစားအကြောင်း ဆွေးနွေးရတာ သဘောကျမိပါတယ်။ နည်းနည်းလောက်ထပ်ပြီး နေခွင့်ရရင် ပိုကောင်းမယ်။ ဒါပေမဲ့ အချိန်တိုလေးအတွင်းမှာကို တစ်ယောက်အကြောင်း တစ်ယောက်အများကြီးသိခွင့်ရလိုက်ပါတယ်” လို့ သူကပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် Fort Lauderdale မြို့မှာ နေထိုင်တဲ့ အောင်လဟာ သူ့ရဲ့ ရင်းနှီးတဲ့မိတ်ဆွေ Nguyen တို့မိသားစုရှိရာ ဩစတေးလျနိုင်ငံကို သွားရောက်လည်ပတ်မယ့်ဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပြီး ဇနီးနဲ့ သားဖြစ်သူ အောင်ဒီးကိုခေါ်ကာ ဩစတေးလျနိုင်ငံရဲ့ အထင်ကရနေရာတွေကို လည်ပတ်ကြည့်ရှုဖို့ ဆစ်ဒနီနိုင်ငံသို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ဘွန်ဒီကမ်းခြေနဲ့ ဆစ်ဒနီမြို့ကို သွားလည်တယ်။ ကျွန်တော်တို့ သားပိုက်ကောင်တောင်ကြားနဲ့ တောရိုင်းတိရစ္ဆာန်ရုံတစ်ခုကို ရောက်ခဲ့တယ်။ အော်ပရာဟောက်စ်က ခမ်းနားကြီးကျယ်ပြီး Aborigine လူမျိုးတွေက သိပ်ကို အံ့ဩဖို့ကောင်းတယ်။ ဂီတပွဲရုံတစ်ခုရှိတယ်။ သူတို့တွေ အဲ့ဒီမှာ ကကြတယ်။ အရမ်းပျော်ဖို့ကောင်းတယ်။ ကျွန်တော်တို့ နေရာတွေအများကြီးလည်ပတ်ခဲ့သလို ပျော်ဖို့ကောင်းတဲ့ကစားနည်းတွေ ကစားခဲ့တယ်။ Nguyen မိသားစုရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် အလွန်ကျေးဇူးတင်မိပါတယ်” လို့ အောင်လက ပြောပြခဲ့ပါတယ်။

အောင်လရဲ့ ခရီးစဉ်မှာ အမှတ်ထင်ထင်ကျန်ရှိခဲ့တဲ့အမှတ်တရကတော့ ဩစတေးလျနိုင်ငံမှာပဲ ကျက်စားတဲ့တိရစ္ဆာန်ဖြစ်တဲ့ သားပိုက်ကောင်ရဲ့အသားကို မြည်းစမ်းခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

“သားပိုက်ကောင်သားက အရမ်းအရသာရှိပါတယ်။ အဲဒီတုန်းက ကျွန်တော် ထပ်စားချင်နေသေးတယ်” ဟု အောင်လက ပြောသည်။ ဖွံ့ဖြိုးဆဲနိုင်ငံမှာ မွေးဖွာခဲ့တဲ့အောင်လက ဩစတေးလျနိုင်ငံကို အလည်အပတ်သွားရောက်ရတာကြောင့် အမြင်ကျယ်ခဲ့ရတယ်လို့လည်း ဝန်ခံခဲ့ပါသေးတယ်။

“အရာရာတိုင်းဟာ မိသားစုတွေအတွက် အဆင်ပြေအောင် စီမံထားတယ်။ လူနေမှုအဆင့်အတန်းကမြင့်ပြီး လူတိုင်းက ဖော်ဖော်ရွေရွေနဲ့ ခင်ဖို့ကောင်းတယ်။ အရမ်းပျော်ဖို့ကောင်းပါတယ်” လို့ အောင်လက ဆိုပါတယ်။ အောင်လဟာ အပျော်ခရီးထွက်ရင်း အလုပ်ကိစ္စတွေကိုလည်း လုပ်ကိုင်တတ်ပြီး Nguyen လေ့ကျင့်နေတဲ့ KMA အားကစားရုံမှာသွားရောက်လေ့ကျင့်ခဲ့ပါတယ်။

“KMA က သိပ်ကောင်းတဲ့ အားကစားရုံပါ။ လူတွေက နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။ ခင်ဖို့လည်းကောင်းတယ်။ ကိုယ်ခံပညာကိုလည်း လိုက်စားကြတယ်။ သိပ်ကိုလေးစားစရာကောင်းပါတယ်”လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

အောင်လနဲ့ Nguyen ဟာ ၂၀၁၇ ခုနှစ် အစောပိုင်းက ဂျာကာတာမှာ ကျင်းပခဲ့တဲ့ ONE: QUEST FOR POWER ပြိုင်ပွဲကြီးရဲ့ အဝတ်လဲခန်းတစ်ခုမှာ ပထမဆုံးဆုံတွေ့ခဲ့ပြီး ယခုအခါမှာတော့ ပိုပြီးရင်းနှီးခင်မင်နေကြပြီဖြစ်ပါတယ်။

“ကျွန်တော် သူ့ကို ဟိုးအရင်ကတည်းက ခင်မင်ခဲ့သလို ခံစားရတယ်။ ကျွန်တော်တို့မှာ တူညီတဲ့အရာတွေ များတာကြောင့်မလို့လည်း ဖြစ်နိုင်ပါတယ်…ကျွန်တော်တို့ဘဝမှာ တူညီတဲ့အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ခဲ့ရဖူးတယ်။ သူ့ကိုတွေ့ရတာ ကျွန်တော့်ကို ကျွန်တော် ပြန်မြင်နေရသလိုပါပဲ။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်” လို့ သူ့ခံစားချက်ကိုပြောပြပါတယ်။

ဩစတေးလျကို နောက်တစ်ခါပြန်လာဖို့ အစီအစဉ်ရှိလားဆိုတဲ့မေးခွန်းကို အောင်လက “ဒါပေါ့၊ ပြန်လာချင်တာပေါ့။ လေယာဉ်စီးရတာက တော်တော်စိတ်ညစ်စရာကောင်းပေမဲ့ ကျွန်တော် ဩစတေးလျမှာ လည်ရပတ်ရတာ သဘောကျတယ်။ ဘယ်တော့မှ ပြန်လာဖြစ်မလဲဆိုတာတော့ မသိသေးပါဘူး။ ဒီတစ်ခေါက်လည်ရတာတော့ ကျွန်တော်တော်တော်ကိုပျော်ပါတယ်” လို့ အောင်လက ဆိုပါတယ်။

Ref: ONE Championship “Trip Down Under “worth the while” for Aung La”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top