အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၇-၂-၂၀၁၉ မှ ၂၃-၂-၂၀၁၉ ရက်နေ့အထိ)

Bay-Din-Week-3-february.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၇-၂-၂၀၁၉ မှ ၂၃-၂-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ
တနင်္ဂနွေသားသမီးများအနေဖြင့် ယခုအပတ်အတွင်း စီးပွားရေးလုပ်ငန်းအတွက် စက်ပစ္စည်း၊ မော်တော်ယာဉ်၊ စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းထုတ်လုပ်ခြင်း၊ ဖြန်ဖြူးခြင်းလုပ်ရန် အထူးကောင်းသောအချိန်ဖြစ်သည်။ ရေလုပ်ငန်း၊ သတ္တုလုပ်ငန်းများအတွက် အခြေအနေမှာ အေးနေတတ်ပါသည်။ ငွေကစားသည့်လုပ်ငန်းများ မကောင်းသေးပါ။ ကျန်းမာရေးအနေနှင့် ခါးကြောညပ်နေတတ်သဖြင့် သတိထားပါ။ မတော်တဆဖြစ်ခြင်းလည်း သတိထားပါ။ အချစ်ရေးကတော့ ချစ်သူ၏ကစားခြင်းကိုခံရပြီး ကျန်ရစ်ဖြစ်တတ်သည်။ အိမ်ထောင်သည်များလည်း ခွဲခွာခြင်း၊ ကွဲကွာခြင်းများရှိသဖြင့် ဒေါသပြိုင်ခြင်း၊ မာနပြိုင်ခြင်း မပြုလုပ်သင့်ပါ။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့်လူငယ်မောင်မယ်များအနေဖြင့် အင်္ဂလိပ်နှင့် ဇီဝဗေဒဘာသာရပ်များကို အထူးဦးစားပေးကျက်မှတ်ရပါလိမ့်မည်။ အစိုးရဝန်ထမ်းများအနေဖြင့် ယခုအပတ်အတွင်း အထက်လူကြီးကို အကြောင်းပြုပြီး ခရီးထွက်ရပါလိမ့်မည်။ ကောင်းပါသည်။
အကျိူးပေးဂဏန်း – ၂၊ ၅၊ ၇။ ယတြာ – ရေသန့်ဘူးများကို တတ်နိုင်သလောက်ဒါနပြုပါ။

တနင်္လာ
တနင်္လာသားသမီးများအနေဖြင့် ယခုအပတ်အတွက် ဆန်၊ စပါး၊ ကြက်သွန်စသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရော်ဘာ၊ လျှော်ဖြူနှင့် သစ်တောထွက်ပစ္စည်းများကို ကုန်သွယ်ခြင်းဖြင့် အမြတ်အစွန်းများရရှိမည့်အချိန်ဖြစ်သည်။ ယခုအချိန်တွင် ငွေကြေးကစားသင့်သော်လည်း ကုန်ပစ္စည်းရောင်း-ဝယ်ခြင်းဖြင့်သာကစားသင့်ပါသည်။ ငွေချေးငှားခြင်းတော့ မပြုလုပ်သင့်ပါ။ ဆောက်လုပ်ရေးလုပ်ငန်းများညံ့နေပါသည်။ ကျန်းမာရေးအနေနှင့် ဒူးနှင့်ပတ်သက်သောရောဂါ၊ ခြေဖဝါးတွင်သံစူးခြင်း၊ အဆိပ်ရှိသောအကောင်ကိုက်ခြင်းများ ရှိတတ်သည်။ အချစ်ရေးသည် ယခုအပတ်အတွင်း များစွာရှုပ်ထွေးသွားတတ်ပါသည်။ အိမ်ထောင်သည်များလည်း စီးပွားရေးကိုအခြေခံပြီး အိမ်ထောင်ရေးအခြေအနေ အေးစက်တတ်သည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့်လူငယ်မောင်မယ်မျာအနေဖြင့် အင်္ဂလိပ်၊နှင့် သင်္ချာဘာသာရပ်များကို အထူးဦးစားပေးကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများအနေဖြင့် အထူးသဖြင့် ငွေစာရင်းကိုင်ရသူများ စာရင်းကို အထူးသတိထားရန်ဖြစ်ပါသည်။
အကျိုးပေးဂဏန်း ဝ၊ ၃၊ ၆ ယတြာ – ငှက်ကလေးများကို အတတ်နိုင်ဆုံးအစာကျွေးပါ။

 

အင်္ဂါ
ယခုအပတ်တွင် အင်္ဂါသားသမီးများအနေဖြင့် ကောက်ပဲသီးနှံနှင့်ဆိုင်သောလုပ်ငန်းများ၊ ဆောက်လုပ်ရေး၊ ဆေးပစ္စည်း၊ သံထည်ပစ္စည်းများအတွက် ကံကောင်းသောအချိန်ဖြစ်သည်။ ဘဏ်ချေးငွေရရှိမည်။ ပြိုင်ဘက်များကို အနိုင်ရမည့် အချိန်ဖြစ်သည်။ ခရီးသွားလုပ်ငန်းများသတိထားပါ။ မော်တော်ယာဉ်မောင်းအလုပ်အတွက် ထိမိခိုက်မိတတ်သည့် အချိန်ဖြစ်သဖြင့် သတိထားပါ။ ကျန်းမာရေးအနေဖြင့် ဆီးရောဂါ၊ ကျောက်ကပ်၊ ရေဖျင်းရောဂါများဖြစ်တတ်သည်။ အချစ်ရေးအတွက် မိမိချစ်သူ၏ မိဘဆွေမျိုးများနှင့် သင့်အောင်နေပါ။ အိမ်ထောင်သည်များအနေနှင့်လည်း နှစ်ဘက်မိဘနှင့်တည့်အောင်နေပါ။ ပြည်ပမှ လက်ဆောင်ပစ္စည်းရရှိမည်။ အိမ်၊ မြေ၊ ကားများလည် အသစ်ဝယ်ယူသင့်သည့်အချိန်ဖြစ်သည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် သင်္ချာနှင့် ဓာတုဗေဒဘာသာရပ်များကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။
အကျိုးပေးဂဏန်း ၁၊ ၄၊ ဝ ယတြာ – အင်္ဂါနေ့တွင် နွမ်းပါးသောမိသားစုကို အဝတ်အထည်များလှူပါ။

ဗုဒ္ဓဟူး
ဗုဒ္ဓဟူးသားသမီးတို့အဖို့ ယခုအပတ်အတွင်း စီးပွားရေးနှင့် အလုပ်အကိုင်အပြောင်းအလဲများဖြစ်မည်။ လုပ်ငန်းကြီးလုပ်ကိုင်သူများနှင့် စက်ရုံလုပ်နေသူများအနေဖြင့်လည်း အလုပ်သမားအဝင်-အထွက်များမည်၊ လူသစ်များကြောင့် အလုပ်အားနည်းမည်။ လုပ်ငန်းသစ်များစတင်လုပ်ဆောင်မည်ဆိုပါက ကောင်းသောအချိန်ဖြစ်သည်။ ရေထွက်ပစ္စည်း၊ ငါး၊ သင်္ဘောသား စသည့်လုပ်ငန်းများကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် လေဖြတ်ထားသူများ ထပ်ဖြတ်တတ်သဖြင့် အထူးသတိထားပါ၊ သွေးတိုးအတွက် အစားဆင်ခြင်ပါ။ အချစ်ရေးကတော့ မိမိချစ်သူမှ အဆက်ဖြတ်ထားခြင်းခံရမည်။ အိမ်ထောင်ရေးအခြေအနေမှာ ယခင်ကထက် ပိုဆိုးလာမည်။ သားရေးသမီးရေးများကို အကြောင်းပြုပြီး စိတ်များရမည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်မျာအနေဖြင့် အင်္ဂလိပ်နှင့် သင်္ချာဘာသာရပ်များကို အထူးဦးစားပေးရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများ စိတ်သောကရောက်စရာငွေကြေးကိစ္စတစ်ခုရှိမည်။ စာရင်းများသတိထားပါ။

ရာဟု။ ။ရာဟုသားသမီးတို့ ယခုတစ်ပတ်အတွက် ကျန်းမာရေးအနည်းငယ်ညံ့နေပါမည်။ စီးပွားရေးတွင် သစ်လုပ်ငန်းနှင့် ရတနာရောင်းချသူများ ကံကောင်းပါသည်။ အချစ်ရေးမှာလည်း ကံကောင်းပါသည်။
အကျိုးပေးဂဏန်း ၁၊ ၂၊ ၅ ယတြာ – ရွှေချ၍ရသောဘုရားတွင် ရင်ဘတ်တော်အားရွှေချပါ။

ကြာသပတေး
ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း စီးပွားရေးလုပ်ငန်းများအဆင်ပြေမည်။ အထူးသဖြင့် ရွှေလုပ်ငန်း၊ ရတနာလုပ်ငန်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျူရှင်နှင့် ပညာရေးနှင့်ဆိုင်သောသင်တန်းအမျိုးမျိုးတို့ အကျိုးပေးကောင်းသည့်အချိန်ဖြစ်သည်။ ခရီးသွားလုပ်ငန်းများလည်း အကျိုးပေးပါသည်။ ငွေချေးငှားခြင်းလုပ်ငန်းအတွက် အလိမ်ခံရမည်၊ ငွေကြေးကြောင့် စိတ်သောကရောက်ရတတ်သည်။ မိမိပိုင်ယာဉ်ကားတို့ ပျက်တတ်သဖြင့် သတိထားပါ။ ကျန်းမာရေးအနေနှင့် ရေနှင့်ဆိုင်သော ရောဂါများဖြစ်မည်၊ အထူးသဖြင့် ဆီးရောဂါဖြစ်မည်။ အချစ်ရေးကတော့ ပူပူနွေးနွေအဖြေရထားသော ချစ်သူနှင့် အပျော်ခရီးထွက်ရတတ်သည်။ ခရီးသွားရင်းလည်း ချစ်သူရတတ်သည်။ အိမ်ထောင်သည်များခရီးသွားရတတ်သည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်များကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။
အကျိုးပေးဂဏန်း- ၁၊ ၂၊ ၉ ယတြာ – ကြာသာပတေးနေ့တွင် ကလေးများအားမုန့်ကျွေးပါ။

သောကြာ
သောကြာသားသမီးတို့အနေဖြင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များအတွက် ဒီတစ်ပတ်မှာ စွန့်စား လုပ်ကိုင်ခြင်းများမလုပ်ပါနှင့်။ အခွန်ကိစ္စအပါအဝင် အစိုးရနှင့်ဆိုင်သောကိစ္စရပ်များတွင် အခက်အခဲများရှိ နေတတ်သည်။ မိမိဘက်က ဥပဒေနှင့်အညီဆောင်ရွက်ရန်သာရှိပါသည်။ လုပ်ငန်းများသို့ သက်ဆိုင်ရာမှလာရောက်စစ် ဆေးခြင်းများလည်း ရှိတတ်သည်။ အထူးသဖြင့် စက်လှေလုပ်ငန်း၊ ငါးလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းများတွင် သတိပြုပါ။ ကျန်းမာရေးအနေနှင့် ရေနှင့်ပတ်သက်သောရောဂါများ၊ ရေနစ်ခြင်းများ ဖြစ်တတ်သည်။ ရေရှင်ဖြစ်သောနေရာများ၊ ပင်လယ်ကမ်းစပ်များတွင် ရေကစားသူများ သတိထားပါ။ အချစ်ရေးတွင် ကံကောင်းပါသည်၊ အလွန်ချစ်စရာကောင်းပြီး မိမိကိုလည်း စစ်မှန်သောအချစ်စစ်ဖြင့် သစ္စာရှိစွာချစ်ခင်မည့် အလွန်အဖိုးတန်သောချစ်သူကို ဒီတစ်ပတ်အတွင်း သင်ပိုင်ဆိုင်ရပါလိမ့်မည်။ ချစ်သူနှင့် ရေရှိသောအရပ်ဒေသများသို့ ခရီးထွက်ရမည်။ အိမ်ထောင်သည်များလည်း ကမ်းခြေသို့ခရီးသွားရတတ်သည်။ ကား၊ အိမ်အသစ်ရတတ်သည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဇီဝဗေဒ ဘာသာရပ်များကို အထူးဦးစားပေးကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများကံကောင်းပါသည်။ တစ်ရုံးတည်းရှိ အလုပ်တူသူနှင့် မေတ္တာမျှတတ်သည်။
အကျိုးပေးဂဏန်း ၆၊ ၂၊ ၅ ယတြာ – သောကြာနေ့တွင် နွမ်းပါးသည့်ကလေးတစ်ဦးကို ကျောင်းသုံးပစ္စည်းများ ဝယ်ပေးပါ။

စနေ
ယခုတစ်ပတ်အတွက် စနေသားသမီးတို့အနေဖြင့် စီးပွားရေးတွင် ပြိုင်ဘက်များကို အောင်နိုင်မည့်ကာလဖြစ်သည်။ သင်္ဘောလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားဝန်ဆောင်မှု့လုပ်ငန်းများ ကံကောင်းပါသည်။ ဘုရားဖူးခရီးလုပ်ငန်းများလည်း လုပ်ငန်းဖြစ်နိုင်သည်။ စားသောက်ဆိုင်လုပ်ငန်း၊ မုန့်လုပ်ငန်းလုပ်ကိုင်သူများ၊ အရက်ဘီယာဆိုင်လုပ်သူများသတိထားပါ။ မြေယာ ရောင်း-ဝယ်သူများ စာချုပ်စာတမ်းကိစ္စဖြင့် အတော်လေးစကားပြောရတတ်သဖြင့် စာချုပ်များသတိထားသင့်ပါသည်။ ကျန်းမာရေးအနေဖြင့် ဦးခေါင်းတွင်ထိခိုက်မိတတ်ပါသည်။ နားနှင့်မျက်လုံးများသတိထားပါ၊ အချစ်ရေးတွင် ချစ်သူနှင့်အဆင်မပြေဖြစ်မည်၊ အတိုက်အခံပြောရဆိုရတတ်သည်၊ သူငယ်ချင်းများကြောင့် ဝေးရတတ်သဖြင့် သတိပြုပါ။ အိမ်ထောင်သည်များ ကံကောင်းပြီး ငွေဝင်နေမည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် အင်္ဂလိပ်စာနှင့်နှင့် ဓာတုဗေဒဘာသာရပ်များကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများအလုပ်များမည်။
အကျိုးပေးဂဏန်း – ၂၊ ၅၊ ၀ ယတြာ – ရဟန်းတော်တစ်ပါးအား ဆေးပစ္စည်းများလှူပေးပါ။

ဆရာကင်္ကသူ

Ph.D-Palmistry. (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top