အပတ်စဉ်ဗေဒင် ဟောစာတမ်းကဏ္ဍ (၁၆-၉-၂၀၁၈ မှ ၂၂-၉-၂၀၁၈) ရက်နေ့အထိ

Bay-Din-4-Week-3-September.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၆-၉-၂၀၁၈ မှ ၂၂-၉-၂၀၁၈) ရက်နေ့အထိ

ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအချိန်တွင် ယခင်အချိန်များက ကြိုးစားအားထုတ် လုပ်ကိုင်ခဲ့သော လုပ်ငန်းများမှ အကျိုးရလဒ်များ၊ အသီးအပွင့်များကို ခံစားရမည့်အချိန်ဖြစ်သည်။ အနုပညာနှင့်ဆိုင်သော လုပ်ငန်းများ၊ ကြော်ငြာ၊ မီဒီယာလုပ်ငန်းများ ကံကောင်းပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း အနည်းငယ် ညံ့ပါသည်။ ငွေကြေးကိစ္စများ အဆင်ပြေ အောင်မြင်မှုရလိမ့်မည်။ ကျန်းမာရေးအတွက် ဒူးနာရောဂါရှင်များ ခွဲစိတ်ရတတ်သည်။ ချစ်သူထံမှ ကောင်းသတင်းကြားရမည်၊အဖြေရမည်။အိမ်ထောင်သည်များ စိတ်ချမ်းသာမည်။ အလုပ်ကိစ္စနှင့် ယာယီခရီးထွက်ရမည်။ အမှု့အခင်များ ကြေအေးရလိမ့်မည်။ အခက်အခဲ အထစ်အငေါ့ များပြေပျောက်မည်။ ရှုပ်နေသော အရာများရှင်းနိုင်မည်။ ပညာရေးသမားများ သင်တန်းသစ် တက်ရတတ်မည်။ ကျန်းမာရေး အနည်းငယ်ချူချာ နိုင်သည်။ ဝန်ထမ်းများ အထက်အရာရှိ၏ မြှောက်စားခြင်း ခံရမည်။

အကျိုးပေးဂဏန်း – ၀ ၊ ၁ ၊ ၂။

ယတြာ – ငှက်(၆)ကောင်လွတ်ပြီး လိုရာဆုတောင်းလိုက်ပါ။

တနင်္လာ

ယခုအပတ်အတွင်း စီးပွားရေးအကြောင်းခံသော ယာယီခရီးများ များနေလိမ့်မည်၊ ပြည်ပပို့ကုန်ပစ္စည်းများအတွက် အမြတ်ရမည်။ ပြည်ပမှ သွင်းကုန်သမားများ စိတ်ညစ်ရမည်။ သတ္တုလုပ်ငန်းလုပ်သူများ ပြသနာဖြေရှင်းရမည်။ ကျောက်မျက်ရတနာသမားများပြည်ပဈေးကွက်အတွက် အထူး ကြိုးစားရမည်။ ကျန်းမာရေးအတွက် အစာအိမ်သတိထားပါ။ ပညာရေးအတွက် အလွန်ကောင်းသောအချိန်ဟု ဆိုရပေမည်။ အချစ်ရေးတွင် အနှောက်အယှက်ရှိသည်။ အားငယ်မနေနှင့် လွတ်လပ်စွာ လှုပ်ရှားပြီး မိမိချစ်သူအတွက် အရာရာ ကိုရင်ဆိုင်လိုက်ပါ။ မင်္ဂလာရက်ရွေးရပါလိမ့်မည်။အိမ်ထောင်သည်များလည်း စိတ်ချမ်းသာရမည်။ ဘုရားဖူး ခရီးယာယီ သွားရမည်။ မိတ်ဆွေသစ်၊ အပေါင်းအသင်းသစ် တွေ့ ကြုံလာမည်။ လက်ဆောင်ပစ္စည်းဝင်မည်။ ဝန်ထမ်းများ ချစ်သူခင်သူပေါများမည်။

အကျိုးပေးဂဏန်း – ၂ ၊ ၄ ၊ ၃။

ယတြာ – တိရိစ္ဆာန်များအား တတ်နိုင်သလောအစာကြွေးပြီး ဆုတောင်းပါ။

အင်္ဂါ

ယခုအပတ်အတွင်း စီးပွားရေးဆိုင်ရာ မထင်မှတ်သော အတိုက်အခံများ တေ့ြ ကြုံရမည်။ မိမိကို မလိုသူတွေ များလာမည်။ စီးပွားရေးတွင် ငွေကြေးကိစ္စတစ်ခုအတွက် တရားရင်ဆိုင်နေရတတ်သည်။ ငွေကြေးကိစ္စအတွက် လူအများ၏ အထင်လွဲခြင်း၊မယုံမကြည်ဖြစ်ခြင်းများ ဖြစ်တတ်သည်။ မိမိပိုင် မြေကွက်ရောင်း ထွက်မည်။ ဈေးပေါပေါဖြင့် ရောင်းလိုက်ရတတ်သဖြင့် သတိပြုပါ။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါ ဖြစ်တတ်၍ အစားဆင်ခြင်ပါ။ အိမ်ရှိ မိသားစု ၏ အပြစ်တင်အထင်လွဲမှုခံရတတ်သည်။ ပညာရေးသမားများ၊ စာမေးပွဲများ၊ အင်တာဗျူး များအောင်မြင်မည်။ ချစ်သူကအဖြေပေးလိမ့်မည်။အိမ်ထောင်သည်များ အေးစက်နေပြီး သံသယများနေမည်။ ဝန်ထမ်းများ မိမိလုပ်ငန်းမှ အရေးကြီးစာရွက်စာတမ်းပျောက်တတ်သည်။

အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ၁။

ယတြာ – ငှက်များအား ယခုအပတ်အတွက် မည်သည့်နေ့မဆိုကြုံတိုင်းအစာကျွေးပါ။

ဗုဒ္ဓဟူး

ဒီတစ်ပတ်အတွက် ဗုဒ္ဓဟူးသားများကတော့ စီးပွားရေးတွင် ထင်သလောက်မပေါက်ဖြစ်မည်။ နာမည်ကြီး ထမင်းငတ်ဖြစ်မည့်ကာလဖြစ်သည်။ စကားပြောခြင်းနှင့် အသက်မွေးရသော လုပ်ငန်းလုပ်သူများ ပင်ပန်းလိမ့်မည်။ ကျန်းမာရေးအတွက် ဦးခေါင်းတွင် မတော်တဆထိခိုက်မိတတ်သည်။ အချစ်ရေးတွင် သင့်ကို ချစ်နေသောသူ၏ အထင်လွဲခြင်းများခံရမည်။ ကျော်တော့ လှေသူကြီး ညားတော့လှေထိုးသား ဖြစ်တတ်သည်။ မရောက်ဖူးသာ ခရီး မပေါင်းဖူးသော မိတ်ဆွေ မလုပ်ဖူးသော အလုပ်တို့လုပ်ဖြစ်မည်။ စိတ်လေ နေမည်။ ထင်ရာလုပ်ရန် စိတ်ဖြစ်လာနိုင်သော်လည်း ထိန်းချုပ်နိုင်စွမ်း ရှိ၍ ထင်ရာမလုပ်ဖြစ်ပါ။ ပညာရေးသမားများ အပေါင်းအသင်း၏ အကူအညီ ရမည်။ စက်၊ ယာဉ်တို့ဝင် ထွက်မည်။ ဝန်ထမ်းများ သတိထားရမည့်ကာလဖြစ်သည်။

ရာဟုသားသမီးတို့ အချစ်ရေးညံ့သည်။ စီးပွားရေးတွင် ငွေကြေးကိုအခြေခံသော လုပ်ငန်းကံကောင်းသည်။ ကျောက်မျက်ရတနာများ နှင့်ပတ်သက်သူများ လူလိမ်ခံရတတ်သည်။ သတိပြုပါ။

အကျိုးပေးဂဏန်း – ၁ ၊ ၅ ၊ ၄။

ယတြာ – ဘုရားကို အောင်သပြေ (၁၉) ညွန့်ကပ်ပါ။

ကြာသပတေး

ဤတစ်ပတ်အတွင်း စိတ်ချမ်းသာရသော သတင်းစကားများ သင့်ထံရောက်လာမည်။ သင်ကံကောင်းပြီ။ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းကောင်းသတင်းတွေ ကြားရမည်။ အလုပ်အကိုင် တိုးတက်မှုမြင့်မားမှု ပြောင်းလဲမှု၊ ပြောင်းရွှေ့မှုတို့ဖြစ်လာမည်။ ကျန်းမာရေးအနေနှင့် ဆီးရောဂါသမားများ သတိပြုပါ။ အချစ်ရေးတွင်တော့ မိဘတို့သဘောမတူဘဲဖြစ်နေတတ်သည်။အိမ်ထောင်သည်များ အနည်းငယ်စိတ်ညစ်ရတတ်သည်။ သို့သော်အဆင်ပြေမည်။ ဆွေမျိုးသားချင်းထဲက လက်ထပ် မင်္ဂလာပွဲဖြစ်မည်။ မိဘ၊ ဘိုးဘွားတို့အတွက် စိတ်ချမ်းသာစရာများကြားရမည်။ မြေဝင်မည်။ ကိုယ်တိုင် ခရီးဝေး ရောက်မည်။ ဝန်ထမ်းများ ပြိုင်ဆိုင်မှုများတွင် အနိုင်ရမည်။

အကျိုးပေးဂဏန်း – ၅ ၊ ၀ ၊ ၃။

ယတြာ – ဘုရားကို ပေါင်မုန့် ၅ ချပ် သကြားဖြူး၍ကပ်ပါ။

သောကြာ

ဒီတစ်ပတ်မှာတော့ သောကြာသားသမီးများ စိတ်လေနေမည်။ အတွေးများ နေမည်။ အိမ်မှာ မနေချင်ဘဲ ရှိမည်။အလုပ်ကို စိတ်ဝင်စားမှု့ မရှိဘဲ ခရီးတွေ ထွက်နေချင်မည်။ ရေလုပ်ငန်းလုပ်သူများ ပိုစိတ်ညစ်ရမည်။ အကြီးအကဲ မိဘတို့၏ အပြစ်တင်အထင် လွဲခြင်းခံရမည်။ ကျန်းမာရေးအနေဖြင့် မျက်လုံးဝေဒနာရှင်များ သတိထားပါ။ ငွေဝင်၊ ထွက်ကြမ်း မည်။ ငွေစုလို့မရပါ။ အချစ်ရေးတွင်စွဲလန်းသူနှင့် လက်ထပ်ရကိန်းမြင်သည်။ သို့သော် မိဘတို့သဘောတူ မတူ ပြဿနာတွေ ရှုပ်ပြီးမှ ရကိန်းမြင်ပါသည်။ အိမ်ထောင်သည်များ စိတ်ချမ်းသာမည်။ ပညာရေးသမားများ ကံကောင်းသည်။ သူတစ်ပါး အရှုပ်ကိုယ့်အရှုပ် ဖြစ်မည့် အန္တရာယ် ရှိသည်။ ဝန်ထမ်းများ သတိဖြင့် လုပ်ကိုင်ရလိမ့်မည်။

အကျိုးပေးဂဏန်း – ၆ ၊ ၃ ၊ ၉။

ယတြာ – သောကြာနေ့နံနက်တွင် အိမ်ဘုရားကို သစ်သီး (၉) မျိုး ကပ်လှူပါ။

စနေ

သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံပြန်လာမည် ဟူသော စကားပုံအတိုင်း သင်၏ မှန်ကန်သော စေတနာသဒ္ဓါကြောင့် သင်၏လုပ်ငန်းမှာ ပို၍ အောင်မြင်မှုများရရှိလာလိမ့်မည်။ လုပ်နေဆဲ လုပ်ငန်းများနှင့် လုပ်ရန်ကြံရွယ်နေသော အလုပ်များ အားလုံး အဆင်ပြေအောင်မြင်မည်။ ရန်သူက မိတ်ဆွေ ဖြစ်မည်။ ခင်မင်သူက ကူညီမှုများပေးလာမည်။ ကျန်းမာရေးအနေဖြင့် ခါးရောဂါရှင်များ သတိထားရမည့်အချိန်ဖြစ်သည်။ ပညာရေးသမားများ၊ ဝန်ထမ်း လုပ်ငန်း ရာထူးတက်ရန် စာမေးပွဲ အောင်မည်။ အချစ်ရေးမှာ နားလည်မှုဖြင့်လက်ထပ်ခွင့် ရွှေ့ဆိုင်းရတတ်သည်။ အိမ်ထောင်ရှင်များ ခရီးဝေးသွားရမည်။ မိဘသားချင်းဆွေမျိုးတို့ အတွက် လုပ်ကိုင်မှုများပြုရတတ်သည်။ အားလုံးအဆင်ပြေမည်။ ဝင်ငွေကောင်းလာမည်။ စက်၊ ကား၊ မြေတို့ဝင်မည်။ ဝန်ထမ်းများ အထက်လူကြီး၏ ဒေါသကို အခြေအနေကြည့်ပါ။

အကျိုးပေးဂဏန်း – ၇ ၊ ၂ ၊ ၀။
ယတြာ – အောင်သပြေ (၉) ညွန့် ဘုရားလှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D. (Candidate)

Membership Of (H.A.P.R.I)

Ph- 09-2550 68533

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top