ဩစတြေးလျနိုင်ငံရဲ့ တောမီးအတွင်းက ကိုအာလာဝက်ဝံတွေကို ရှာဖွေပေးခဲ့တဲ့ ဟီးရိုးခွေးလေး

yyl-033-1.jpg

သြစတြေးလျနိုင်ငံရဲ့နယူး ဆောက်သ် ဝေးလ်ပြည်နယ် နဲ့ ကွင်းစလန်ပြည်နယ်တွေမှာ တောမီး ဆိုးဆိုးရွားရွား လောင်ကျွမ်းခဲ့တဲ့အတွက် လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရုံသာမက တောထဲမှာ နေထိုင်ကျက်စားနေကြတဲ့ တိရစ္ဆာန်တွေလည်း မီးဒဏ်ကို ထိခိုက်ခံစားခဲ့ရပါတယ် အခုလိုအခြေအနေတွေကြောင့် မီးလောင်ကျွမ်းခဲ့တဲ့နေရာတွေမှာ ကိုအာလာဝက်ဝံတွေ အသက်ရှင်သေးလားဆိုတာကို သိရဖို့အတွက် စစ်ဆေးရှာဖွေနေကြတဲ့ အဖွဲ့တွေရှိပါတယ်။ အဲဒီလိုစစ်ဆေးရှာဖွေနေတဲ့ အဖွဲ့ထဲမှာ ဘဲယား (Bear) ဆိုတဲ့ခွေးလေးလည်း အပါအဝင်ပါတယ်။ သူက ကိုအာလာဝက်ဝံတွေကို အနံ့ခံပြီး ကူညီရှာဖွေပေးခဲ့တာကြောင့် သူ့ကို တာဝန်ကျေပွန်တဲ့ ဟီးရိုးခွေးလို့တောင် သတ်မှတ်ထားကြပါတယ်။

“ကျွန်တော်တို့ရဲ့ ခွေးလေးဘဲယားက သြစတြေးလျနိုင်ငံရဲ့ တောမီးဒဏ်ကို ခံစားနေရတဲ့ ကိုအာလာဝက်ဝံတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ကို သယ်ဆောင်ပေးနေတာပါ။ ဒါပေမဲ့ ဒီတိရစ္ဆာန်လေးတွေက ဒီလိုသဘာဝဘေးအန္တရာယ်ကနေ သူတို့ကိုကယ်တင်ပေးမယ့် ဟီးရိုးတွေ ပိုပြီးလိုအပ်နေပါတယ်။ ဘဲယားက ဒီကယ်ဆယ်ရေးမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကြိုးစားပေးခဲ့ပါတယ်။ ဘယ်ယားက သက်ရှိကိုအာလာဝက်ဝံတွေကို အမွေးကနေတဆင့် တည်နေရာရှာနိုင်တဲ့ ခွေးတွေထဲက တစ်ကောင်ပါ” လို့ International Fund for Animal Welfare အဖွဲ့အစည်းက သူတို့ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

ဘဲယားကို နေမကောင်းတဲ့၊ စွန့်ပစ်ခံရတဲ့၊ ထိခိုက်ဒဏ်ရာရတဲ့ ကိုအာလာဝက်ဝံတွေကို ရှာဖွေပေးဖို့ အထူးလေ့ကျင့်ပေးထားပါတယ်။ မကြာသေးခင်ကမှ သူ့ကို ထိခိုက်ဒဏ်ရာရနေတဲ့၊ အကူအညီလိုနေတဲ့ ကိုအာလာဝက်ဝံတွေကို ရှာဖွေဖို့ သြစတြေးလျနိုင်ငံက မီးလောင်ကျွမ်းခဲ့တဲ့ နေရာတော်တော်များများကို ပို့ခဲ့ပါတယ်။ ဘဲယားက ကိုအာလာဝက်ဝံတွေကို ရှာဖွေတဲ့နေရာမှာ တော်တော်ကို ကြိုးစားအားထုတ်ခဲ့တဲ့ ဟီးရိုးခွေးလေးပါ။

ကိုအာလာဝက်ဝံတွေကို ကယ်ဆယ်ရတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ကိုအာလာဝက်ဝံတွေကို အနံံ့ခံရှာဖွေပေးတဲ့ခွေးတွေက လူတွေကို စိတ်မဝင်စားဘဲ အာရုံစိုက်နိုင်စွမ်းရှိရပါတယ်။ “ဘဲယားက တစ်ခုခုကို အာရုံစိုက်တဲ့နေရာမှာ တကယ်ကိုတော်ပါတယ်။ ဒီအလုပ်နဲ့ အတော်လေးကို လိုက်ဖက်ပါတယ်” လို့ International Fund for Animal Welfare အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အကြီးအကျယ်ဖျက်ဆီးနေတဲ့ တောမီးဟာ သြစတြေးလျနိုင်ငံတစ်ဝှမ်းမှာ ဆက်လက်လောင်ကျွမ်းခဲ့ပြီး တိရစ္ဆာန်တွေရဲ့ အသက်ရှင်နေထိုင်မှုကို ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒါကြောင့် နယူး ဆောက်သ် ဝေးလ်ပြည်နယ်မှာ ကိုအာလာဝက်ဝံတွေ မျိုးတုန်းပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ သြစတြေးလျနိုင်ငံရဲ့ တောရိုင်းတိရစ္ဆာန်တွေက ဒီဘေးအန္တရာယ်ကို သူတို့ကိုယ်တိုင် မတိုက်နိုင်ခဲ့ကြပါဘူး။ အရမ်းနောက်မကျခင် ဒီတိရစ္ဆာန်တွေကို လူသားတွေက အတူတကွကယ်တင်ကြရမှာ ဖြစ်ပါတယ်။

Ref: This Hero Dog Has Been Tasked With Finding Koalas That Have Survived Australia’s Bushfires

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top