Rakuten Viber သည် ၎င်း၏ ပထမဦးဆုံး Myanmar Summit အား ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ မီဒီယာများ နှင့်အတူ ရန်ကုန်မြို့၊ ပဲခူးကလပ်တွင် ယမန်နေ့ (အောက်တိုဘာ ၉ ရက်) တွင်ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးသော စာတိုပေးပို့မှု အက်ပလီကေးရှင်း ဖြစ်သည့် Viber သည် အသုံးပြုသူ အရေအတွက်များစွာကို ပိုင်ဆိုင်ထားသည့်အပြင် များစွာသော စီးပွားရေးလုပ်ငန်းများ သည်လည်း Viber အား အသုံးပြုလျက် ရှိသည်။ အသုံးပြုသူများ အချင်းချင်း ဆက်သွယ်ပြောဆိုမှုများ အားလုံးသည် သီးသန့်သာ ဖြစ်သင့်သည်ဟု ယုံကြည်ထားသည် နှင့်အညီ Viber အနေနှင့် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံစိတ်ချမှုရှိစေရန် အစဉ်အမြဲ အလေးထား ဆောင်ရွက်လျက် ရှိသည်။ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော Viber Myanmar Summit တွင်လည်း ဤရည်သန်ချက်များအား ထပ်ဆောင်း ကတိကဝတ်ပြု ပြောကြားခဲ့သည်။
“အခုလို မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရတာ ကျွန်တော့်အနေနဲ့ အရမ်းကို ဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံဟာ ဈေးကွက်ခိုင်မာမှုအရရော၊ ဖွံ့ဖြိုးတိုးတက်မှုအရပါ Viber အတွက် အရေးအပါဆုံးဈေးကွက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ အခုလက်ရှိမှာ ပြည်တွင်းဝန်ထမ်းတွေကိုလည်း ခန့်အပ်ထားပြီး သူတို့ရဲ့ ကျွမ်းကျင်မှုတွေ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် ရင်းနှီးမြုပ်နှံမှုတွေ စတင်လုပ်ဆောင်နေပါတယ်။ အလားတူပဲ မြန်မာနိုင်ငံအတွက် သီးသန့် ရည်ရွယ်ထားတဲ့၊ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကိုလည်း စတင်လုပ်ဆောင်နေပြီး Viber မှာ ရယူအသုံးပြုနိုင်တဲ့ အနုပညာရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေရဲ့ စတစ်ကာတွေဟာလည်း အသုံးပြုသူတွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို ရရှိနေပါတယ်။ ဒါ့အပြင် ပြည်တွင်းက ဆက်သွယ်ရေး အော်ပရေတာတွေနဲ့အတူ ပူးပေါင်းပြီး အသုံးပြုသူတွေ ကြိုက်နှစ်သက်မှုရှိတဲ့ ဝန်ဆောင်မှုတွေကိုလည်း ပေးအပ်နိုင်ခဲ့ပါတယ်။ Viber အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက်ချဲ့ထွင်လုပ်ဆောင်သွားဦးမှာ ဖြစ်ပြီး ဒီလို အံ့အားသင့်ဖို့ကောင်းတဲ့ ဈေးကွက်မှာ ဝန်ဆောင်မှုတွေ ပေးအပ်နေရတာကို အရမ်းပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု Rakuten Viber ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Djamel Agaoua မှ ပြောကြားခဲ့သည်။
Rakuten Viber Myanmar Summit တွင် ကော်ပိုရိတ်စကားဝိုင်းဆွေးနွေးပွဲ (Corporate Panel Discussion) နှင့် ထင်ရှားကျော်ကြားသူများ စကားဝိုင်းဆွေးနွေးပွဲ (Influencers Panel Discussion) ဟူ၍ စကားဝိုင်းဆွေးနွေးပွဲ ၂ ခုကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပြီး ကော်ပိုရိတ် စကားဝိုင်းဆွေးနွေးပွဲအား “စဉ်ဆက်မပြတ် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် ယနေ့ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာကြီးတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံစိတ်ချရေး၏ အရေးပါအရာရောက်မှု” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် AYA ဘဏ်၏ မန်နေဂျင်း ဒါရိုက်တာ ဦးမြင့်ဇော်၊ PwC Myanmar ၏ Chief Digital Officer ကို Mike ဖုန်းမြင့်နှင့် KoeKoe Tech မှ Program Coordinator ကိုဟိန်းဇော်ဦးတို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး Information Matrix Co., Ltd ၏ အမှုဆောင်အရာရှိချုပ်နှင့် မန်နေးဂျင်း ဒါရိုက်တာ ဦးသောင်းစုငြိမ်းမှ Moderator အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ ဤစကားဝိုင်း ဆွေးနွေးပွဲတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ၏ လုံခြုံစိတ်ရမှုသည် မည်သည့်အတွက်ကြောင့် အလွန်အရေးပါသည် ဟူသည့်အချက်နှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးသူများမှ ၎င်းတို့၏ ရှုထောင့်အမြင်များအား မျှဝေပြောကြားခဲ့ကြပြီး ဤအချက်အား မြန်မာနိုင်ငံကဲ့သို့ မြန်ဆန်စွာ တိုးတက် ပြောင်းလဲနေသည့် နိုင်ငံတစ်နိုင်ငံရှိ အသုံးပြုသူများ အနေနှင့် မေ့လျော့မနေကြစေရန်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ထို့အပြင် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် ယနေ့ ဒစ်ဂျစ်တယ်ခေတ်တွင် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ရာ ၌ တွေ့ကြုံရသည့် အခက်အခဲများအပေါ် တစ်ဦးချင်းစီ၏ အမြင်များကိုလည်း မျှဝေခဲ့ကြသည်။
ကော်ပိုရိတ် စကားဝိုင်းဆွေးနွေးပွဲ အပြီးတွင် ထင်ရှားကျော်ကြားသူများ စကားဝိုင်းဆွေးနွေးပွဲကိုလည်း “ဒစ်ဂျစ်တယ် ပလက်ဖောင်းများအား လုံခြုံစိတ်ချစွာ အသုံးပြုခြင်းနှင့် မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လက်တွဲလုပ်ကိုင်ခြင်း” ခေါင်းစဉ်ဖြင့် ဆက်လက် ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် အစီအစဉ် တင်ဆက်သူ မထရီဇာခိုင်မှ Moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး နာမည်ကျော် အဆိုတော်နှင့် သရုပ်ဆောင် မစန္ဒီမြင့်လွင်၊ ဆမ်ဆောင်းမြန်မာ၏ Senior Manager, Corporate Communications and Marketing ကိုစိုးသူရ၊ နာမည်ကျော် Motivational Speaker တစ်ဦးဖြစ်သည့် Dee Dee Burmese Vlog နှင့် Miss Supranational Myanmar 2015 မ L ဘောက်နူး တို့မှ ပါဝင်ဆွေးနွေးခဲ့ကြရာ ဒစ်ဂျစ်တယ် ပလက်ဖောင်းများပေါ်တွင် အလုပ်လုပ်ကိုင်ရသည့် အတွေ့အကြုံများ နှင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံစိတ်ချရမှု ရှိစေရန် မည်သို့ သတိပြု လုပ်ဆောင်ထားသည် ဟူသည့် အချက်များအား ဆွေးနွေးခဲ့ကြသည်။ထို့အပြင် Rakuten Viber Myanmar Summit တွင် နာမည်ကျော် အဆိုတော် ပန်းရောင်ခြယ်၏ သီဆို ဖျော်ဖြေမှုနှင့် Networking Session လည်း ပါဝင်ခဲ့သည်။
“အခုခေတ် ဒစ်ဂျစ်တယ်ကမ္ဘာကြီးမှာ အံ့အားသင့်စရာ အချက်တစ်ချက်ကတော့ အသုံးပြုသူတွေ အနေနဲ့ အက်ပလီကေးရှင်းတွေ၊ ဝက်ဘ်ဆိုက်တွေကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေ ကို မျက်စိမှိတ်ပြီး လက်ခံ လာရခြင်းပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီ အက်ပလီကေးရှင်းတွေ၊ ဝက်ဘ်ဆိုက်တွေကို ဖန်တီးတဲ့သူတွေဟာ ဘယ်လိုမျိုး အကြောင်းအရာတွေကို ကျွန်တော်တို့ စိတ်ဝင်စားလဲဆိုတဲ့ အချက်ကို နားလည်သိရှိထားတယ်လို့ ယုံကြည်ထားခဲ့လို့ပါပဲ။ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကို ကျွန်တော်တို့ အသုံးပြုတဲ့နေရာမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ယုံကြည်စိတ်ချမှုရှိစေဖို့ အတွက် ဘယ်သူတွေကို ယုံကြည်စိတ်ချနိုင်လဲဆိုတာကို သိရှိ နားလည်ထားဖို့ အရမ်း အရေးကြီးပါတယ်။ အခုဒီ Rakuten Viber Myanmar Summit မှာ ပြုလုပ်ခဲ့တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေကနေ ကျွန်တော် သိရှိနားလည်လိုက်တာကတော့ Facebook လိုမျိုး နည်းပညာ ကုမ္ပဏီကြီးတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို အကျိုးအမြတ် အတွက် ရောင်းချနေတာကို သိရှိနားလည်လိုက်ရပြီး တစ်ချိန်တည်းမှာပဲ Rakuten Viber လို ကုမ္ပဏီတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံစိတ်ချမှု အပြည့်အဝ ရရှိစေဖို့ end-to-end encryption နည်းပညာကို အသုံးပြုပြီး အကာအကွယ်ပေးထားတယ် ဆိုတာကိုလည်း အပြည့်အဝ နားလည် သိရှိ လိုက်ရပါတယ်” ဟု Rakuten Viber Myanmar Summit အခမ်းအနားအား တက်ရောက်လာသူ မော်ဒယ်နှင့် သရုပ်ဆောင် သီဟထွန်းက ပြောကြားသည်။
Team ( ရိုးရာလေး )