လမ်းဘေးခွေးတွေအတွက် မက္ကဆီကိုနိုင်ငံက ကလေးတစ်သိုက်ရဲ့ စိတ်ကူးဉာဏ်ရှိရှိ ဖန်တီးပေးမှု

yyl-16-034.jpg

ကိုယ်ချင်းစာတရား၊ စာနာသနားတတ်မှုတို့နဲ့ ပတ်သက်ပြီး စံနမူနာ၊သာဓကပြတဲ့အခါ မကြာခဏဆိုသလို ကလေးတွေကအဓိကနေရာမှာ ပါဝင်လာကြပါတယ်။ အခုခေတ်ကလေးတွေက ကြင်နာတရားရှိကြသလို တီထွင်ဖန်တီးလိုစိတ်လည်း ရှိကြပါတယ်။ အခုလည်း မက္ကဆီကိုနိုင်ငံရဲ့Zacatecas Educational Institute အလယ်တန်းကျောင်းက ကလေး (၃၅) ဦးက သူတို့အိမ်မှာရှိတဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး လမ်းဘေးခွေးလေးတွေအတွက် ခိုနားစရာအိမ်လေး ဆောက်လုပ်ပေးဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့တီထွင်ဖန်တီးမှုနဲ့ လိမ္မာပါးနပ်မှုတို့က လှုမှုကွန်ယက်ပေါ်မှာ ချီးမွှမ်းစကားဆိုစရာဖြစ်လာခဲ့ပြီး အဲဒီစိတ်ကူးကို ဘယ်ကနေရလာလည်းဆိုတာကို လူတော်တော်များများက သိချင်နေကြပါတယ်။ ဒါကြောင့် အဲဒီကလေးတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေ အသုံးပြုပြီး လမ်းဘေးခွေးတွေအတွက် အိမ်ဆောက်ပေးဖြစ်ခဲ့တဲ့ အကြောင်းကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ရပါတယ်။

စာသင်နှစ်ကုန်ခါနီးမှာ ကလေးတွေက လူမှုအသိုက်အဝန်းမှာ အကျိုးသက်ရောက်မှုရှိနိုင်မယ့် ရည်ရွယ်ချက်နဲ့ ပရောဂျက်တစ်ခုလုပ်ဖို့ အကြံရခဲ့ကြပါတယ်။ သူတို့ဆရာမရဲ့ လမ်းညွှန်ပြသမှုနဲ့ ကျောင်းသား၊ ကျောင်းသူတွေက သူတို့မြို့ရဲ့လမ်းမထက်မှာ အဖြစ်များနေတဲ့ ပြဿနာတစ်ခုကို သတိပြုမိခဲ့ကြပါတယ်။ အဲဒီပြဿနာက လမ်းဘေးခွေးတွေပါပဲ။ ဒါကြောင့် ကလေးတွေက လမ်းဘေးခွေးတွေအတွက် နေပူ၊ မိုးရွာလည်း ခိုနားလို့ရမယ့်နေရာတွေအဖြစ် ခွေးအိမ်တွေ တည်ဆောက်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။

ဒီပရောဂျက်က အခြားရည်ရွယ်ချက်လည်းရှိပါတယ်။ Recycling ကို ထောက်ခံအားပေးတဲ့အနေနဲ့ သူတို့အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ခွေးအိမ်တွေကို ဆောက်လုပ်ပေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေက ခုတ်ထစ်ထားတဲ့သစ်သားတွေ၊ စက္ကူအဟောင်းတွေ၊ ပလတ်စတစ်ပုလင်းတွေ၊ ကတ်ထူပြား၊ အဝတ်စုတ်တွေလို အရာဝတ္တုတွေကို အသုံးပြုပြီး ခွေးအိမ်တွေ ပြုလုပ်ခဲ့ကြတာပါ။ သူတို့က ခွေးအိမ်တွေကို အလှဆင်ခြယ်သတဲ့အခါမှာ သူတို့စိတ်ကူးရှိတဲ့အတိုင်း လုပ်ခဲ့ကြပါတယ်။

အဲဒီနောက် ကလေးတွေက ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတဲ့ ခွေးအိမ်တွေကို မက္ကဆီကိုနိုင်ငံက ပြည်နယ်တော်တော်များများက လေလွင့်ခွေးတွေကို ကယ်တင်စောင့်ရှောက်ထားတဲ့ အကျိုးအမြတ်မယူတဲ့ “Albergues Lazos Caninos”ခွေးစောင့်ရှောက်ရေးဂေဟာကို လှူဒါန်းခဲ့ကြပါတယ်။
မက္ကဆီကိုနိုင်ငံမှာ တိရစ္ဆာန်တွေကို စွန့်ပစ်တာက ဆိုးရွားတဲ့အကျိုးဆက်ဖြစ်ပြီး လေလွင့်ခွေးတွေက ပြည်သူလူထုကြားမှာ ပြဿနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် မက္ကဆီကိုနိုင်ငံရဲ့ ခွေးအရေအတွက် ၇၀ ရာခိုင်နှုန်းက လေလွင့်ခွေးတွေဖြစ်တယ်လို့ သိရပါတယ်။

Ref: Brightside “Mexican Children Built Houses for Street Dogs Using Recycled Materials and We’re in Awe of Them”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top