မြန်မာ့နှစ်ကူး မဟာသင်္ကြန် နှင့် ကမ္ဘာကြီး နှစ်သစ်ကူးခြင်း

thingyan-burma-burmese-myanmar-culture-water-festi1.jpg

ဒီအကြောင်းအရာကို ကျွန်တော်သတိထားမိတာ အတော်လေးကြာခဲ့ပါပြီ။ ဒါပေမယ့် အယူအဆတစ်ခုအဖြစ်ဘဲ ရှိနေခဲ့တာကြောင့် မဖော်ပြနိုင်ခဲ့ပါဘူး။ အခုချိန်မှာတော့ သင်္ကြန် နှစ်ကူးကာလလည်း ရောက်လာ တော့မှာမို့ ဒီအယူအဆလေးကို တင်ပြပါရစေ။

ကမ္ဘာကြီးမှာ လူမျိုးပေါင်းများစွာ၊ နိုင်ငံပေါင်းများစွာနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စပေါင်းများစွာတို့ကို အကြောင်းပြုပြီး ခုနှစ် သက္ကရာဇ်တွေကို တီထွင် ပြဌာန်းခဲ့ကြပါတယ်။ ပြက္ခဒိန်ဆိုတာကို လွန်ခဲ့တေဲ့ နှစ်ပေါင်း ထောင်ပေါင်းများစွာက နေကို ဗဟိုပြု တွက်ချက်ခြင်း၊ လကို ဗဟိုပြု တွက်ချက်ခြင်းနှင့် နေလ နှစ်ပါ ပေါင်းစပ် တွက်ချက်ခြင်း စတဲ့နည်းပေါင်း များစွာနဲ့လည်း တွက်ချက်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ ကမ္ဘာက နေကို တစ်ပတ်ပြည်တဲ့အခါ အချိန်တစ်နှစ်ဖြစ်ပြီး ဒီ တစ်နှစ်အတွက်မှာ ကမ္ဘာကနေကို ပတ်ရတဲ့ အချိန် အတိအကျကို တွက်ချက် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလို နှစ်တစ်နှစ်ကို တွက်ချက်နိုင်ခဲ့ပေမယ့် ဘယ်အချိန်ဟာ ကမ္ဘာကြီးရဲ့ စစ်မှန်တဲ့ နှစ်သစ်ဖြစ်တယ် ဆိုတဲ့ အရာကိုတော့ လူတွေ အပြောမများကြပါဘူး။

အနောက်နိုင်ငံတွေကတော့ ဒီဇင်ဘာ (၃၁)ရက် ည(၁၂) နာရီတိတိကို နှစ်ကူးအဖြစ်ယူပြီး နှစ်သစ်ကူပွဲတွေ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်ကြပါတယ်။ တရုပ်လူမျိုးတို့လည်း သူတို့ နှစ်ကူးကာလကို ရိုးရာ အယူအဆများနှင့် သတ်မှတ်ပြန်ပါတယ်။ ဒီလိုပါဘဲ လူမျိုးတိုင်း ဘာသာတိုင်းက သူတို့ ရိုးရာအယူအဆတွေ ဘာသာရေး အယူအဆတွေနဲ့ သတ်မှတ်လာကြရာမှာ နှစ်သစ်ကူးရက်တွေ မတူကြတာကိုတော့ အားလုံး သိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီလို နှစ်သစ်ကူးပွဲတော်နဲ့ ကိုယ်ပိုင် ပြက္ခဒိန်ပိုင်ဆိုင်တဲ့ လူမျိုးကြီးတွေထဲမှာ ကျွန်တော်တို့ မြန်မာတွေလည်း ပါဝင်ခဲ့ပါတယ်။

ကမ္ဘာ၊ လ၊ နေ အပါအဝင် ဂြိုဟ်ကြီးများနဲ့ ဖွဲ့စည်ထားတဲ့ ကျွန်တော်တို့ နေအဖွဲ့အစည်း အပါအဝင် နက္ခတ်တာရာ တွေနဲ့ ဖွဲ့စည်းထားတဲ့ စကြာဝဠာကြီးကို မူတည်ပြီး ရေးဆွဲထားတဲ့ နက္ခတ်မြေပုံ တစ်ခုလို့ ပြောလို့ရတဲ့ နက္ခတ်ဇာတာ တစ်စောင် လေ့လာကြည့်ပါတယ်။

ဒီလိုလေ့လာတဲ့အခါ ရှေးပညာရှိတွေ လက်ထက်ကပင် ဇာတာခွင်တစ်ခုကို ရာသီ (၁၂)ခုဖြင့် ပိုင်းဖြတ်ထားခဲ့ပါတယ်။ ဒီရာသီတွေကို အခြေခံပြီး နှစ်တစ်နှစ်မှာလည်း (၁၂) လ အဖြစ် သတ်မှတ်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလို(၁၂) ရာသီခွင်မှာ မိဿဆိုတဲ့ ရာသီကို ရှေးပညာရှိတွေက ရာသီစက်ဝန်းရဲ့ အစ ပထမ ရာသီလို့ သတ်မှတ်ခဲ့ပါတယ်။ သတ်မှတ်ချင်တိုင်း သတ်မှတ်တာ မဟုတ်ပါဘူး ဒီလို သတ်မှတ်ရတဲ့ ခိုင်မာတဲ့ အကြောင်းပြချက်တွေ ခိုင်မာတဲ့ သက်သေပြချက်တွေ ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းကို တင်ပြပါရစေ။

ကမ္ဘာဟာ နေကို တစ်ပါတ် ပါတ်မိတိုင်း တစ်နှစ် ဖြစ်ပေါ်ပါတယ်။ နှစ်တစ်နှစ်အတွက် ကမ္ဘာက ဘယ်နေ့ ဘယ်အချိန်က စပြီး ဘယ်နေ့ဘယ်အချိန်မှာ နေကို တစ်ပါတ် တိတိကျကျ ပါတ်မိတယ်ဆိုတာဟာ ကမ္ဘာကြီးအတွက် တစ်နှစ်ရဲ့ အစကို ရှာဖွေတွေ့ရှိတာဘဲဖြစ်ပါတယ်။

ဒီတော့ နှစ်တစ်နှစ်ရဲ့အစဟာ ရာသီစက်ဝန် တစ်ခုရဲ့ အစရာသီဖြစ်တဲ့ မိဿရာသီရဲ့အစ (၀ အံသာ၊ ၀ လိတ္တာ၊ ၀ ဝိလိတ္တာ) ကို ကမ္ဘာက ပါတ်ရတဲ့ နေမင်းကြီး စတင်ရောက်ရှိချိန်ဟာ နှစ်သစ်ဖြစ်တယ်ဆိုတဲ့ ကျွန်တော့် အယူအဆပါ။ ဒါဟာ ကမ္ဘာကြီးရဲ့ နှစ်သစ်အချိန်အခါ စစ်စစ်ဖြစ်တယ်။ ဒီ အယူအဆအတိုင်း မိဿရာသီကို တနင်္ဂနွေဂြိုဟ်မင်းကြီး စတင်ဝင်ရောက်ချိန်ကို နှစ်သစ်လိုယူဆတဲ့ လူမျိုးတွေ ရှိသလားလို့ ကျွန်တော် ရှာကြည့်လိုက်တော့ မြန်မာသင်္ကြန်နဲ့ မြန်မာ နှစ်ကူကို သွားတွေရပါတော့တယ်။

မြန်မာသင်္ကြန်ဆိုတာ လွယ်လွယ်ဖြစ်တာတော့ မဟုတ်ပါဘူး။ နေအသွားကို ပညာရှိများ သေချာတွက်ချက်ပြီးမှ သင်္ကြန်ကျခြင်း၊ တက်ခြင်းနှင့် နှစ်သစ်ကူးခြင်းတို့ ဖြစ်ပေါ်ပါတယ်။ ဒီလိုတွက်ချက်တဲ့ အခါ တနင်္ဂနွေဂြိုဟ်ကို အဓိကထားပြီး တွက်ချက်တာ ဖြစ်တယ်။ စကြာဝဠာရဲ့ နိယာမကိုလည်း တိတိကျကျလိုက်နာတဲ့ နှစ်သစ်ကူးဖြစ်တာကြောင့် ကျွန်တော်တို့ မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ဆိုတာ တကယ်တော့ အလွန်တန်ဖိုးရှိတဲ့ ကမ္ဘာနှစ်သစ်ကူး အစစ်အမှန်ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။

Astronomy ပညာရှင်ကြီးများ အနေနှင့်လည်း ယခုကျွန်တော်တင်ပြတဲ့ အယူအဆပေါ်မှာ မှားယွင်းနေတဲ့ အချက်တွေရှိနေရင် အပြုသဘော ထောက်ပြခြင်းဖြင့် ပိုမိုပြည့်စုံသော တိကျတဲ့ အဖြေတွေ ရရှိနိုင်တယ်လို့ ကျွန်တော်ယူ ဆမိပါတယ်။ ကျွန်တော့် အယူအဆမှာ မှားယွင်းနေတာတွေ ပါခဲ့ရင်လည်း ကျွန်တော်တစ်ဦး တစ်ယောက်တည်းရဲ့ အယူအဆသာ ဖြစ်ပါကြောင်းတင်ပြရင်း မြန်မာ့ရိုးရာ မဟာသင်္ကြန်းအား နုတ်ခွန်းဆက်သလိုက်ပါတယ် ခင်ဗျာ။

ဆရာပေးသောပညာဖြင့်

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top