Online ပေါ်ကအန္တရာယ်တွေကို လက်ယပ်ခေါ်နေမိတုန်းလား

real-impact-social-media-article-800x445.jpg

အခုဆိုရင် မြန်မာနိုင်ငံမှာ လူတော်တော်များများက Facebook ကို စွဲစွဲမြဲမြဲသုံးနေကြပါပြီ။ လူပေါင်းသန်းနဲ့ချီပြီး အသုံးပြုလာတဲ့အချိန်မှာ သာမန် Facebook အသုံးပြုသူတွေအပြင် လူလိမ်၊ လူကောက်၊ လူဆိုးတွေကပါ အွန်လိုင်းပေါ်ရောက်လာပါတော့တယ်။ သူတို့တွေက အထူးသဖြင့် အွန်လိုင်းအထာမနပ်သေးတဲ့ Facebook ကို ကောင်းကောင်းမွန်မွန်မသုံးတတ်သေးတဲ့ ကလေးသူငယ်တွေ၊ ဒါမှမဟုတ် အဖေ၊ အမေအရွယ်၊ အဘိုးအဘွားအရွယ်တွေကို ဦးတည်ပစ်မှတ်ထားတတ်ပါတယ်။ ဒါကြောင့်မို့ အောက်ကအချက်လေးတွေကို လိုက်နာခြင်းအားဖြင့် Facebook ကို အန္တရာယ်ကင်းကင်းအသုံးပြုနိုင်မှာပါ။

(၁) မှတ်ပုံတင်၊ လိပ်စာ၊ ဖုန်းနံပါတ်တွေကို ကောမန့်မှာမရေးပါနဲ့

အွန်လိုင်းပေါ်မှာ ဈေးဝယ်တဲ့အခါ တချို့တွေက လိပ်စာနဲ့ဖုန်းနံပါတ်တွေကို ရေးပြီး ဒီအိမ် ဒီနေရာ ပို့လိုက်ပါလို့မန့်တတ်ပါတယ်။ သိထားရမှာက Page တစ်ခုရဲ့comment box မှာရေးရင် တစ်ကမ္ဘာလုံးက ဒီစာတွေကို ဖတ်လို့ရပါတယ်။ လူလိမ်တစ်ယောက်ယောက်ကကိုယ် မန့်ထားခဲ့တဲ့လိပ်စာနဲ့ ဖုန်းကို မြင်သွားခဲ့ရင် အဲဒါတွေကိုအသုံးပြုပြီး လိမ်လည်တာ၊ ပုံမှားရိုက်တာတွေ ကြုံလာနိုင်ပါတယ်။ မှတ်ပုံတင်ဆိုတာဟာလည်း အရေးကြီးတဲ့ ဘဏ်စာရွက်စာတမ်းမျိုးတွေ၊ စာချုပ်အရောင်းအဝယ်တွေမှာ သုံးတာဖြစ်လို့ ပိုတောင်မရေးသင့်ပါဘူး။ ပစ္စည်းဝယ်ချင်တယ်ဆိုရင် Page ရဲ့chat box ကနေသာ လိပ်စာနဲ့ဖုန်းနံပါတ်ကိုပေးပါ။

(၂) ကိုယ့်ကလေးအကြောင်း အသေးစိတ်အချက်အလက်များ

သင့်ကလေးမွေးတဲ့ နေ့ရက်၊ အချိန်နာရီ၊ တက်နေတဲ့ကျောင်း၊ အကြိုက်ဆုံးအစားအစာ၊ သူ့ဓာတ်ပုံတွေ ကိုယ့်အကောင့်မှာအကုန်တင်တတ်တယ်ဆိုပါစို့။ သူများတွေလည်း တင်နေတာပဲလို့သင်မငြင်းခင် ဒီအဖြစ်အပျက်ကို တစ်ချက်လောက်စဉ်းစားကြည့်ပါ။ သင့်ကလေးကျောင်းဆင်းတဲ့အချိန် သူစိမ်းတစ်ယောက်က သွားပြီးတော့ “သမီးလေး(သားလေး)က ကိုဘယ်သူ၊ မဘယ်သူရဲ့သမီးလေး(သားလေး)မလား။ သောကြာသမီး(သား) စကားတတ်မယ့်ပုံလေး။ သမီး(သား)တို့က…ဘယ်မှာနေတာဆို။ သမီးလေး/သားလေးက အာလူးကြော် အရမ်းကြိုက်တတ်တယ်လို့သား/သမီးအမေက ခဏခဏပြောဖူးတယ်။ လာ..ဦး/အန်တီဝယ်ကျွေးမယ်” ဆိုပြီးတော့ လာခေါ်သွားခဲ့မယ်ဆိုရင်….။

(၃) ဘဏ်ကတ်၊ ဘဏ်စာအုပ်၊ မှတ်ပုံတင်၊ လိုင်စင်၊ ပတ်စ်ပို့၊ လေယာဉ်လက်မှတ်

ဒီစာရွက်စာတမ်းတွေဟာ သင့်ရဲ့အရေးကြီးတဲ့ ကိုယ်ရေးအချက်အလက်တွေများစွာပါဝင်တဲ့အတွက် ဒီအချက်အလက်တွေကိုအသုံးပြုပြီး သင့်အယောင်ဆောင်လို့ရသလို သင့်ကို ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာခြိမ်းခြောက်မှုတွေလုပ်နိုင်လို့ Facebook ပေါ်ကို မတင်မိပါစေနဲ့။

(၄) အိမ်မှာ တစ်ယောက်တည်းရှိနေတဲ့အကြောင်း

ဒါကတော့ ဆယ်ကျော်သက်တွေလူငယ်ပိုင်းတွေ လုပ်မိတတ်တဲ့အမှားမျိုးပါ။ “အိမ်မှာတစ်ယောက်တည်း ပျင်းလိုက်တာ” ဆိုတဲ့ အကြောင်းကို စာနဲ့တစ်မျိုး၊ ဓာတ်ပုံနဲ့တစ်ခါ တင်မိတတ်ကြတယ်။ တကယ်လို့များ ကိုယ့် Friend List ထဲက သူထဲမှာ ရည်ရွယ်ချက်ဆိုးကလည်းရှိ၊ ကိုယ့်အိမ်နေရာကိုလည်းသိတဲ့သူများပါခဲ့မယ်ဆိုရင်ကောင်းတဲ့အကျိုးဆက်ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ ငါ့အကောင့်ထဲကသူတွေကတော့ ဒီလိုမလုပ်လောက်ဘူးမထင်ပါနဲ့။ အကောင့်တွေကလည်း အပြင်ကလူတွေလိုပဲ လူဆိုးတွေမှာ ဂျိုပါနေတာမဟုတ်တာမို့Facebook ကို သတိလေးနဲ့ယှဉ်ပြီးသုံးသင့်ပါတယ်။

အခုပြောပြသွားတာတွေက မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေ အခုချိန်ထိ မသိလို့မှားနေဆဲ အမှားတွေပါ။ Facebook နဲ့ယဉ်ပါးနေကြ၊ အွန်လိုင်းအထာနပ်တဲ့သူတွေကတော့ ဒါမျိုးတွေသိနိုင်ပေမယ့် တချို့Facebook စသုံးစ လူကြီးသူမတွေ၊ အရမ်းငယ်သေးတဲ့လူငယ်တွေ မသိနိုင်တာမို့ ဒီစာကို သူတို့အတွက်မျှဝေပေးလိုက်ပါဦး။

Ref: Urbo “Things you should never, ever share on social media”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top