ကမ္ဘာတစ်ဝန်းလုံးမှာ အမျိုးသမီးဦးရေ ၁၀၀ ကျော်လောက်ဟာ နေ့စဉ်တိုင်း အိမ်ထောင်ဖက် (သို့) မိသားစုဝင်တွေရဲ့ အကြမ်းဖက် သတ်ဖြတ်ခြင်းကို ခံနေရ

104432480_femicide_proportion-nc.png

UNODC (မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး) ကနေ နောက်ဆုံးရရှိခဲ့တဲ့ အချက်အလက်တွေအရ ကမ္ဘာတစ်ဝန်းလုံးမှာ အမျိုးသမီး ၁၃၇ ယောက်ဝန်းကျင်ဟာ သူတို့ရဲ့ အိမ်ထောက်ဖက်တွေ (သို့) ဆွေမျိုး မိသားစုဝင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံနေရပါတယ်။ ၂၀၁၇ ခုနှစ်မှာ အသတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးပေါင်း ၈၇,၀ဝဝ ထဲက ၃၀,၀၀၀ ကျော်ဟာ အိမ်ထောင်ဖက်ရဲ့ သတ်ဖြတ်ခြင်းကို ခံရတာဖြစ်ပြီး ၂၀,၀၀၀ ကျော်ကတော့ ဆွေမျိုး မိသားစုဝင်တွေရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတာပါ။ အိမ်ဆိုတာ ကိုယ့်အတွက် အလုံခြုံဆုံး ဖြစ်ရမယ့်အစား အိမ်ဆိုတာ အမျိုးသမီးတွေအတွက် အသတ်ခံရဖို့ အများနိုင်ဆုံး နေရာလိုမျိုး ဖြစ်နေတာကတော့ စိတ်မကောင်းစရာပါပဲ။

UNODC အဖွဲ့ကတွေ့ရှိချက်အရ အမျိူးသားတွေဟာ အမျိုးသမီးတွေထက် အိမ်တွင်း အကြမ်းဖက်မှုကြောင့် အသက်ဆုံးနိုင်ခြေ လေးဆ ပိုမိုများပြားနေပါသေးတယ်။ သို့သော်လည်း အိမ်ထောင်ဖက်က သတ်ဖြတ်လို့ သေဆုံးတဲ့နှုန်းမှာတော့ အမျိုးသမီးတွေက ပိုများနေပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အတွက် BBC ကနေ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးတွေ အသတ်ခံရမှုအကြောင်း ဖော်ပြထားတဲ့ စာနယ်ဇင်းတွေကို လေ့လာမှုအရ နိုင်ငံ ၂၁ နိုင်ငံမှာ အမျိုးသမီးပေါင်း ၄၇ ယောက်ဟာ လိင်ကွဲပြားမှုနဲ့ ဆက်စပ်နေတဲ့အကြောင်းတွေကြောင့် အသတ်ခံခဲ့ရတာကို တွေ့ရပါတယ်။

အာဖရိကနိုင်ငံတွေက အမျိုးသမီးတွေဟာ အိမ်ထောက်ဖက် သို့ ဆွေမျိုးတွေရဲ့ အသတ်ခံရမှုနှုန်းက အမြင့်ဆုံးဖြစ်ပြီး လူတစ်သိန်းတိုင်းမှာ အသတ်ခံရမှုနှုန်း ၃.၁ ရာခိုင်နှုန်း ရှိနေပါတယ်။ အာရှတိုက်အတွင်းမှာတော့ ၂၀၁၇ မှာ အမျိုးသမီးပေါင်း ၂၀,၀၀၀ ဟာ အိမ်တွင်း အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

အမျိုးသမီးတွေ သတ်ဖြတ်ခံရမှုအကြောင်း စာနယ်ဇင်းတွေမှာ ပါဝင်နေမှုကို လေ့လာနေတဲ့ BBC စောင့်ကြည့်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ရေဗက္ကာ စကစ်ပေ့ခ်ျ (Rebecca Skippage) က “ဒေသတွင်း မီဒီယာတွေက အမျိုးသမီးတွေရဲ့ဘဝနဲ့ သေဆုံးမှုတွေအကြောင်း သတင်းရေးတဲ့အချိန်မှာ သူတို့ လူ့ဘောင် အဖွဲ့အစည်းအတွင်း အမျိုးသမီးတွေကို ဘယ်လိုမြင်တယ်၊ ဘယ်လိုဆက်ဆံတယ်ဆိုတာ သိသာလာစေပါတယ်။

ကျွန်မတို့က တစ်ရက်အတွင်း ဖြစ်ပွားတဲ့ မှုခင်းတွေကိုပဲ ရှာခဲ့တာပါ။ ဒါပေမဲ့ အဲဒီရက်က ဖြစ်တဲ့မှုခင်းက နောက်တစ်လလောက်နေမှ သတင်းထဲ ပါလာတာမျိုးတွေ တွေ့ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီလို အမှုအခင်းမျိုးဟာ သတင်းအဖြစ် ပါဖို့လည်း ကြာတတ်တယ်။ သတင်းရေးသားတဲ့ ပုံစံအရရော၊ ဒီလို သတင်းမျိုးတွေ ရှားပါးတာကို ကြည့်ခြင်းအားဖြင့် အဲဒီဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို သိခွင့်ရပါတယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီအဖွဲ့က မာယန် အက်ဇဝါ (Maryam Azwer) ကတော့ “မှတ်တမ်းအတင်မခံရတဲ့ အိမ်တွင်း သတ်ဖြတ်မှုတွေ အများကြီး ရှိပါသေးတယ်။ သတင်းမီဒီယာမှာ ဖော်ပြခြင်းမခံရတဲ့ အမှုတွေ၊ ရဲစခန်းကို မတိုင်ရတဲ့ အမှုတွေ၊ တိုင်ပေမယ့် စုံစမ်း စစ်ဆေးမှု မပြုလုပ်ခဲ့/ မပြုလုပ်နိုင်တဲ့ အမှုတွေ အများကြီး ရှိနေသေးတယ်။ အမျိုးသမီးတွေ အသတ်ခံနေရတာကို မှတ်တမ်းတင်နိုင်ဖို့၊ အဖက်လုပ်နိုင်ဖို့ ဘာတွေ ဘယ်လိုလုပ်မှရမှာလဲလို့တောင် စဉ်းစားမိတယ်” လို့ ပြောခဲ့ပါတယ်။

အိမ်တွင်း အကြမ်းဖက်မှုဟာ ခွင့်လွှတ်စရာ မဟုတ်သလို သူများအိမ်တွင်းကိစ္စ ငါ့အလုပ် မဟုတ်ဘူးလို့ မျက်နှာလွှဲ ခဲပစ်ထားသင့်တဲ့ အရာလည်း မဟုတ်ပါဘူး။

ရိုးရာလေး စာဖတ်ပရိသတ်တွေလည်း မိမိကိုယ်တိုင်၊ မိမိသူငယ်ချင်းမိတ်ဆွေ၊ အိမ်နီးနားချင်းတွေ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်နေတယ်၊ အသက်အန္တရာယ် ရှိနိုင်တယ်လို့ သံသယရှိလာခဲ့ရင် အောက်က Hot Line နံပါတ်တွေကို အမြန်ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်။

Legal Clinic Myanmar – 09-333 76 993, 09-333 76 994
အခရာ အမျိုးသမီးအဖွဲ့ (သက်ငယ်မုဒိမ်းမှုများနှင့် ကလေးသူငယ်ဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး) – နံပါတ် ၁၈၈၆ လိုင်းခွဲ ၃၊ 09-978 637 1055, 09-979 570 6265

Ref: BBC “Over 100 women are killed on one day around the world”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top