စင်ကာပူနိုင်ငံမှာ အသက် ၉၇ နှစ်အရွယ် အဘိုးအိုတစ်ဦးဟာ သူ့သားနဲ့ တရားရင်ဆိုင်ရာမှာ အနိုင်ရခဲ့တာကြောင့် တရားဝင် လက်ထပ်ခွင့် ရရှိသွားခဲ့ပါပြီ။ အမည်ဖော်ပြခြင်းမရှိတဲ့ အဘိုးအိုဟာ ၁၉၅၀ ပြည့်နှစ်မှာ အိမ်ထောင်ပြုခဲ့ပြီး သားသုံးဦး ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ၁၉၇၁ ခုနှစ်ကစပြီး သူ့ရဲ့ အတွင်းရေးမှူး အမျိုးသမီးနဲ့ ငြိစွန်းပြီး ရင်သွေးတစ်ဦး ထွန်းကားခဲ့ပါတယ်။
သူ့ခင်ပွန်းမှာ နောက်မိန်းမ ရှိနေတာ သိပေမဲ့ ဇနီးကြီးက ဆက်လက်ပေါင်းသင်းခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။ ဇနီးကြီး ကွယ်လွန်ပြီး ၂ နှစ်အကြာမှာတော့ အဘိုးအိုက နောက်မိန်းမကို အိမ်ပေါ် ခေါ်တင်ခဲ့လို့ သူ့သားတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ နောက်မိန်းမနဲ့ တရားဝင် လက်ထပ်ဖို့ စီစဉ်ခဲ့တာကြောင့် အခြေအနေတွေ ပိုရှုပ်ထွေးသွားခဲ့ပါတယ်။
ဒီကိစ္စကို လုံးဝသဘောမတူတဲ့ သားအလတ်က ” သူ့ရဲ့ဖခင်ဟာ ၂၀၁၇ ခုနှစ်မှာ ချော်လဲလို့ ခေါင်းထိသွားပြီး မှတ်ဉာဏ်ချို့ယွင်းနေတာကြောင့် ဆုံးဖြတ်နိုင်စွမ်းမရှိဘူး။ နောက်မိန်းမရဲ့ ကြိုးကိုင်ခြယ်လှယ်တာကို ခံနေရတာ”လို့ စင်ကာပူနိုင်ငံ မိသားစုတရားရုံးမှာ တိုင်ကြားခဲ့ပါတယ်။
တရားရုံးမှာ တိုင်ကြားခံရတဲ့နောက်မှာတော့ အဘိုးအိုက သားအလတ်နဲ့ မြေးဖြစ်သူကို သူ့ရဲ့ သေတမ်းစာကနေ ချန်လှပ်ထားခဲ့ပြီး စင်ကာပူဒေါ်လာ ၃.၈ သန်းနှင့်အတူ ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကို ပြန်လည်ရရှိလိုကြောင်း တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ ဒါ့အပြင် မြေးဖြစ်သူကိုလည်း အိမ်ပေါ်ကနေ နှင်ချဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအဘိုးအိုဟာ ၁၉၆၀ ပြည့်နှစ်ကတည်းက ထူထောင်ထားတဲ့ ဓာတုကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်သူပါ။
ဆေးစစ်ချက်တွေအရ အဘိုးအိုဟာ မှတ်ဉာဏ်ပိုင်းအားနည်းပြီး အသက်အရွယ်ကြောင့် သတိမေ့တတ်တာမျိုး ဖြစ်နေကြောင်း တွေ့ရပေမဲ့ အိမ်ထောင်ပြုတာ၊ ပိုင်ဆိုင်မှုတွေ စီမံခန့်ခွဲတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်နိုင်စွမ်း ရှိသေးကြောင်း တွေ့ရှိရတာကြောင့် တရားရုံးက သားဖြစ်သူရဲ့ လျှောက်ထားခြင်းကို ပယ်ချပြီး အဘိုးအိုကို အနိုင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ သားအလတ်ကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို လက်မခံနိုင်လို့ အယူခံဝင်သွားမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
Ref: 97-Year-Old Wins Right to Mary His Lover After Wining Lawsuit Against His Son
NZ (ရိုးရာလေး)

