မသန်စွမ်းဖြစ်နေပေမဲ့လည်း နေမကောင်းတဲ့ မိခင်ကို ပြုစုပေးနေတဲ့ သား

46454497_382631342480834_1605679205851332608_n.jpg

မွေးရာပါ လက်နှစ်ဖက်လုံး ပါမလာသူတစ်ဦးဟာ မသန်စွမ်းဖြစ်နေပေမဲ့လည်း နေမကောင်းတဲ့မိခင်ကို ဂရုစိုက် ပြုစုပေးနေပါတယ်။ တရုတ်နိုင်ငံက အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ချန်စီဖန်ဟာ မကြာသေးခင်ကမှ လေဖြတ်သွားတဲ့သူ့အမေ လုဒွန်ယူကို ခြေထောက်တွေသုံးပြီး နေ့တိုင်း ဇွန်းနဲ့ထမင်းခွံ့ပါတယ်။

ဒါ့အပြင် သူဟာ ၆၈ နှစ်အရွယ်ရှိတဲ့ သူ့အမေကို သွားတိုက်တာ၊ မျက်နှာသစ်တာ၊ ဆံပင်စည်းတာတွေကအစ လုပ်ပေးနေတာပါ။

‘အခုအချိန်မှာ အမေ့အတွက် ဘာပဲလုပ်ပေးရ ကိစ္စမရှိပါဘူး။ ဒါတွေဟာ ကျွန်တော် အမေ့အပေါ်ကို တင်နေတဲ့ ကျေးဇူးကြွေးတွေ၊ ကျွန်တော်သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာတွေကို ဖော်ပြဖို့ မလုံလောက်သေးပါဘူး’ လို့ ချန်က ဆိုပါတယ်။ ‘ကျွန်တော့်ကိုချွေး၊ သွေး၊ မျက်ရည်တွေနဲ့ ပျိုးထောင်ခဲ့တဲ့ အမေ့ကို ကြည့်ရှုစောင့်ရှေုာက်ရမဲ့ ကျွန်တော့်အလှည့် ရောက်ပါပြီ။ အမေက ဘဝကို လုံးဝအလျှော့မပေးဘဲ ကျွန်တော့်တို့ကို ဆင်းရဲဒုက္ခတွေကြားထဲမှာ ပြုစု ပျိုးထောင်ခဲ့တယ်’ လို့လည်း ပြောပြခဲ့ပါတယ်။

ချန်ရဲ့အမေဟာ အောက်တိုဘာ ၉ ရက်နေ့မှာ ဦးနှောက်သွေးကြောပိတ်သွားတာကြောင့် လေဖြတ်တာကို စတင်ခံစားခဲ့ရပါတယ်။ သူ့ကို ဆေးရုံအမြန်ပို့ခဲ့ပြီးတဲ့အချိန်ကစပြီး သူ့အနားမှာ သားဖြစ်သူချန်ဟာ ၂၄ နာရီ ကြည့်ရှု စောင့်ရှောက်ခဲ့ပါတယ်။ ချန်ရဲ့ စေ့စပ်သေချာတဲ့ ဂရုစိုက်မှုတွေကြောင့် သူဟာ မြန်မြန်သက်သာလာပြီး နှစ်ပတ်ကြာတော့ ဆရာဝန်တွေက ဆေးရုံဆင်းခွင့် ပေးလိုက်ပါတယ်။

ချန်ဟာ မွေးကတည်းက လက်နှစ်ဖက်လုံး ပါမလာပါဘူး။ သူ့ရဲ့အဖေဟာလည်း သူအသက် ကိုးနှစ်ကတည်းက လေဖြတ်တာခံစားရပြီး ဆုံးသွားခဲ့တာပါ။ သူ့အမေဟာ သူ့အကိုနဲ့သူ့ကို ကျွေးမွေးစောင့်ရှောက်လာခဲ့တာ ဖြစ်ပါတယ်။ ချန်ဟာ မသန်စွမ်းလေးတစ်ယောက်ဖြစ်တာမို့ ငယ်ငယ်တုန်းက ကျောင်းဝင်ခွင့်မရခဲ့ပါဘူး။ အဲဒီအချိန် သူ့အမေက သူ့ကိုခြေထောက်နဲ့ စာရေးလေ့ကျင့်ဖို့ အားပေးခဲ့ပါတယ်။

သူ့အသက်ကိုးနှစ်မှာ သူ့အမေဟာ ကျောင်းအုပ်ကြီးကို တောင်းပန်ပြီး မူလတန်းကျောင်းကို ပို့ပေးခဲ့ပါတယ်။ ကျောင်းက ခုနှစ်ကြိမ်တောင် ငြင်းပယ်ခဲ့ပေမဲ့ သူ့အမေဟာ လုံးဝ လက်မလျှော့ခဲ့ပါဘူး။ ၈ ကြိမ်မြောက်မှာတော့ သူ့အမေဟာ ချန် သူ့ဘာသာ အဝတ်အစားဝတ်နိုင်တာ၊ ရေသောက်နိုင်တာနဲ့ စာရေးနိုင်တာတွေကို ဆရာမတွေရှေ့မှာပြပြီး စည်းရုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချန်ကလည်း အားလုံးကို ဘာအခက်အခဲမှ မရှိဘဲ လုပ်နိုင်ခဲ့ပြီး နောက်ဆုံးမှာ ကျောင်းဝင်ခွင့် ရရှိခဲ့ပါတယ်။

‘အမေက အသက် ခုနှစ်ဆယ်နားနီးတာတောင် မိသားစုအတွက် အထောက်အပံ့ဖြစ်ဖို့ လယ်လုပ်နေတုန်းပါပဲ။ ကျွန်တော် ဘယ်တုန်းကမှ ကျွန်တော့်ကိုယ်ကျွန်တော် လက်လျှော့ဖို့ မစဉ်းစားဖူးဘူး… ကျွန်တော့်မှာ လက်တွေ မရှိပေမဲ့လည်း တခြား ကျန်းမာတဲ့လူတွေလိုပဲ ခြေထောက်နှစ်ဖက် ရှိပါတယ်’ လို့ ပြောပါတယ်။ အခုဆိုရင် ချန်ဟာ အစားအစာတွေ ရောင်းချတဲ့ အွန်လိုင်းရှော့ပ်လေး တစ်ခု ဖွင့်ထားပါတယ်။

သူ့အမေကို ကြည့်ရှုစောင့်ရှောက်ဖို့ ချန်ဟာ သူတို့ရဲ့ အိမ်ဟောင်းလေးကနေ သူနဲ့အတူနေဖို့ ဆန်ဂွမ်းမြို့မှာရှိတဲ့ စတိုးဆိုင်ကို ခေါ်ထားပါတယ်။ သူ့အမေ လေဖြတ်တာသက်သာအောင် အချိန်ပေးပြီး ဂရုစိုက်ပေးပါတယ်။ ‘ဆရာဝန်တွေကတော့ အမေပြန်ကောင်းလာဖို့ဆို တစ်နှစ်လောက်တော့ ကြာမယ်လို့ ပြောတယ်… ကျွန်တော့်ဆန္ဒကတော့ အမေ မြန်မြန်သက်သာလာပြီး ပြန်ကျန်းမာလာဖို့ပါပဲ…’ လို့ ချန်က ပြောပြပါတယ်။

Ref: www.elitereaders.com “Devoted man who was born without arms nurses his sick mother day and night using his feet ”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top