ဒီနေ့ ကျရောက်တဲ့ ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day) လို့ ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ မြေရေလေ ညစ်ညမ်းမှုတွေ ၊ ကမ္ဘာကြီး ပူနွေးလာမှုတွေ၊ သဘာဝအရင်းအမြစ်ပြုန်းတီးမှုတွေ၊ သားရဲတိရိစ္ဆာန်တွေရှားပါးမျိုးသုဉ်းလာမှုတွေဟာ ဒီနေ့ခေတ်ရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ကပ်ဆိုးတွေပါ။ ဒါတွေကို ရင်ဆိုင်ဖို့၊ ကျော်လွှားဖို့ဆိုတာဟာ လူတစ်ဦးချင်းစီက တာဝန်သိမှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ လိုသလို ဒီလို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ်ဆိုတဲ့အသိကို အများမြင်လာအောင် ဖြန့်ဖြူးမျှဝေပေးဖို့လည်းလိုပါတယ်။
“ကျွန်တော်တို့တွေဟာ ဒီကမ္ဘာမြေကြီးကို ဘိုးဘေးတွေဆီက အမွေရထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကလေးတွေ၊ နောင်မျိုးဆက်တွေဆီက ချေးငှားယူထားတာပါ” လို့ ဒေးဗစ်ဘရောင်ဝါ (David Brower) ဆိုသူက ပြောဖူးပါတယ်။
ကျွန်တော်တို့တွေလုပ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ရဲ့ နောင်မျိုးဆက်တွေက ဆိုးဆိုးရွားရွားခံစားရမှာပါ။ သစ်တောတွေ မဆင်မခြင်ခုတ်လှဲတာကအစ အမှိုက်ကိုစည်းမဲ့ ကမ်းမဲ့စွန့်ပစ်တာတွေအဆုံး ရှောင်ကြဉ်ဖို့၊ လျှော့ချဖို့ ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ နှိုးဆော်ရင်း၊ အသိပညာဖြန့်ဝေရင်း၊ ကိုယ်ကိုယ်တိုင်လည်းစောင့်ထိန်းရင်းနဲ့ ပိုစိမ်းလန်းတဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေအတွက် အမွေပေးခဲ့ကြပါစို့။
ကျော်သန့် (ရိုးရာလေး)