မြန်မာ့ရိုးရာဂီတပညာမှာ တူရိယာပစ္စည်းတွေဟာ အခြေခံအားဖြင့် အမျိုးအစား ၅မျိုးရှိပါတယ်။ ဘယ်လိုတူရိယာမျိုးပဲဖြစ်ပါစေ ကြေး၊ ကြိုး၊သားရေ၊ လေ၊ လက်ခုပ် ဆိုတဲ့ မြန်မာ့တူရိယာ ပဥ္စင်္ဂါထဲက မလွတ်ကင်းကြပါဘူး။ ဒါပေမယ့် မြန်မာ့ဂီတမှာ အထက်ဖော်ပြပါ ပစ္စည်းတွေကို အသုံးမပြုဘဲ ဝါးနဲ့သာပြုလုပ်ထားတဲ့ ထူးခြားတဲ့ တူရိယာတစ်မျိုး ရှိပါတယ်။
ပတ္တလားကို ဝါးပိုးဝါးနဲ့ပြုလုပ်တာဖြစ်ပြီး ပတ္တလားဆံ ၂၄ဆံပါဝင်ပါတယ်။ ပတ္တလားဆံ ဆိုတာကတော့ ပတ္တလားရွက်မှာစီထားတဲ့ ဝါးဆစ်ပိုင်းလေး တွေကိုဆိုလိုတာပါ။ ပတ္တလားဟာ စောင်းနဲ့အသံထွက်ချင်း အနီးစပ်ဆုံး ဆင်တူပါတယ်။ ပတ္တလားသီးသန့်တီးမယ်ဆိုရင် ဝါးနဲ့ပြုလုပ်ထားတာကို အတွေ့ရများမှာဖြစ်ပြီး ဆိုင်းဝိုင်းထဲမှာဆိုရင်တော့ ကြေးပတ္တလား၊ သံပတ္တလား အစရှိသဖြင့် ရှိတတ်ပါတယ်။ အချို့သူတွေကတော့ ပတ္တလားကို ဝါးနဲ့လုပ်ရုံတင်မကဘဲ သစ်သားနဲ့တောင် လုပ်တတ်ကြပါသေးတယ်။ အသံထွက်ချင်း ယှဉ်ကြည့်မယ်ဆိုရင်တော့ ဝါးပတ္တလားက အသံပိုသာပါတယ်။
ဆိုရိုးရှိတာက တကယ်ကောင်းတဲ့ပတ္တလားမှန်ရင် တစ်ချက်တီးလိုက်တာနဲ့ ၂ပြလောက်ထိ အသံကို ကြည်ကြည်လင်လင်ကြားရတယ်လို့ ဆိုပါတယ်။ ပတ္တလားကို နိုင်ငံတကာ ဂီတသံတွေနဲ့ တီးခတ်လို့ရသလို မြန်မာသံနဲ့လည်း တီးခတ်လို့ရပါတယ်။ ဂီတသံတွေအကြောင်း ပြောကြမယ်ဆိုရင်တော့ ပတ္တလားဆံ ၂၄ခုအကြောင်းကို အရင်ပြောရမှာပါ။ ပတ္တလားဆံ ၂၄ခုမှာ ဘယ်ဘက်ကစပြီး ညာဘက်ကို ကြီးစဉ်ငယ်လိုက် သွားပါတယ်။ အရွယ်အစားကတော့ အကြီးဆုံးသည် ၁ပေခွဲအတိ ရှိရမှာဖြစ်ပြီး အငယ်ဆုံးက ၆လက်မသာ ရှိပါတယ်။ အသံကတော့ အရွယ်အစားနဲ့လိုက်ပြီး ဘယ်ဘက်ကဘယ်သံ (အသံကြီး) ဖြစ်ပြီး ညာဘက်ကိုရောက်လေ ညာသံ (အသံသေး) ပေါက်လေ ဖြစ်ပါတယ်။ ဂီတသံတွေမှာ နိုင်ငံတကာဂီတသံမှာ C to B ထိ၇သံ ၊ တရုတ်ဂီတသံလို့ခေါ်တဲ့ ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ စတဲ့ ၇သံ အပြင် မြန်မာနုတ်စ်မှာ ၁၊ ၇၊ ၆၊ ၅၊ ၄၊ ၃၊ ၂ ဆိုပြီး သံစဉ် ၇မျိုး ရှိပါတယ်။ (စကားချပ်- ရှေးမြန်မာတွေကတော့ အစချီတဲ့အသံကို ဘာကဖြင့် ၄ပေါက်နဲ့ စတာဟေ့လို့ ဆိုလိုက်ရင် စတီးရတဲ့ ပတ္တလားဆံသည် ဆို (5)တစ်ဖြစ်လည်း G key ကနေ စတီးရလေ့ရှိပါတယ်။) ပတ္တလားဆံမှာ အဆိုပါ သံစဉ် ၇မျိုး ၃တွဲပါရှိပြီး နောက်ဆုံး ညာဘက်ခြမ်းက ၃လုံးသည် 1, 2, 3 (ဒို၊ ရေ၊ မီ) ညာသံဖြစ်ပါတယ်။ ဒီနောက်ဆုံး ၃လုံးဟာ ပတ္တလားမှာ အမြင့်ဆုံးအသံတွေပါပဲ။
ဒီလိုပြည့်စုံတဲ့ပတ္တလားရွက်ကို ရဖို့အတွက် ဝါးပိုးဝါးကို လေးပိုင်းခွဲပြီး ရွှံ့ရည် (ရွှံ့ပုပ်ရည်)ထဲ တစ်နှစ်ခန့် နှစ်ထားရပါတယ်။ ရွှံ့ရည်ထဲက ထုတ်လာပြီးရင် ဝါးခြမ်းတွေကို သေသေချာချာဆေးပြီး တစ်နှစ်လောက် ကြပ်တင် ထားရပါတယ်။ ဒါမှသာ ဝါးအသားသေပြီး ရာသီဥတု အကူးအပြောင်းမှာ အသံပြောင်းတာ အသံအက်တာမျိုး မဖြစ်တော့မှာပါ။ ဒီလိုကြပ်တင်ပြီးသား ဝါးခြမ်းတွေကို အစိတ်လေးတွေအဖြစ်ပြောင်းကာ အသံစမ်း၊ အချောသတ်ပြီး အရောင်တင်ရပါတယ်။ ပြီးရင်တော့ ဝါးစိတ်တွေကို အပေါက်ဖောက်ပြီး ခိုင်တဲ့ကျစ်ကြိုးမှာ ကြီးစဉ်ငယ်လိုက် ၂၄ပိုင်း စီပါတယ်။ ဒါဆိုရင်တော့ ပြည့်စုံတဲ့ ပတ္တလားရွက်ကို ရပါပြီ။ ဒီလိုဆိုရင် စတီးလို့ရပြီလားလို့ မေးလာခဲ့ရင်တော့ မရသေးဘူးလို့ဖြေရမှာပါပဲ။ ပတ္တလားတီးဖို့ လက်ခတ် ၂ခုလိုတဲ့အပြင် ပတ္တလားအိမ်လည်း လိုအပ်ပါသေးတယ်။
လက်ခတ်အကြောင်းကိုပြောရမယ်ဆိုရင် အကောင်းဆုံးလက်ခတ်ကို ရရှိနိုင်ဖို့ သစ်သားကို ပန်းပွတ်ပညာနဲ့ အချောသတ်လုံးပြီး ထိပ်မှာ ဘုသီးလေးအနေအထားဖြစ်အောင် လုပ်ရပါတယ်။ အဆိုပါဘုသီးကို ဂွမ်းနဲ့ အထပ်ထပ်ရစ်ပတ်ပြီး အပေါ်က ကတ္တီပါစ အုပ်ထားခြင်းဟာ အကောင်းဆုံးလက်ခတ်ကို ရစေနိုင်တာပါ။ အချို့ကတော့ ဂွမ်းသုံးမယ့်အစား မှို့ကို သုံးတတ်ကြပါတယ်။ ဂွမ်းကိုသုံးသည်ဖြစ်စေ မှို့ကိုသုံးသည်ဖြစ်စေ အရေးကြီးတာက အစေ့မာမာတွေ ပါမသွားဖို့ပါပဲ။ မာကျောသယောင်နဲ့ နူးညံ့တဲ့လက်ခတ်ဟာ ပတ္တလားတီးဖို့အတွက် အဆင်အပြေဆုံးဖြစ်မှာပါ။
ပတ္တလားအိမ်ကတော့ သဘာဝ soundbox လို့တင်စားရင်တောင် မမှားပါဘူး။ ပတ္တလားအိမ်ဟာ လောင်းလှေပုံသဏ္ဍာန်ရှိပြီး အတွင်း အလည်တည့်တည့်မှာ လက်ခတ်ထည့်ရာအံတစ်ခု ပါပါတယ်။ ဒီအံရဲ့ ရည်ရွယ်ချက်ကတော့ ပတ္တလားကို တီးခတ်လိုက်တဲ့အချိန် ထွက်လာတဲ့အသံကို လုံစေပြီး အသံသာစေဖို့ အတွက်ပါ။ ပတ္တလားအိမ်ကို သစ်သားနဲ့လုပ်လေ့ရှိပြီး ဝိုင်းကြီး(ဆိုင်းဝိုင်း၊ တော်ဝင်ဝိုင်းစသည်) တွေမှာထားမယ်ဆိုရင်တော့ အလှအပအတွက် မှန်စီရွှေချထားလေ့ရှိပါတယ်။
ပတ္တလားရွက်နဲ့ ပတ္တလားအိမ်နဲ့ကို အချို့တွေက တစ်ဆက်တည်းလို့ထင်ကြပေမယ့်မဟုတ်ပါဘူး။ ပတ္တလားရွက်သီးသန့်ကို တီးခတ်လို့ရနိုင်ပေမယ့် အိမ်နဲ့တွဲထားတာလောက်တော့ အသံမသာပါဘူး။ ပတ္တလားအိမ်မှာ ပတ္တလားဆင်တဲ့အခါ သတိထားရမှာတစ်ခုက ပတ္တလားဆံတွေ တစ်ခုနဲ့တစ်ခု ကပ်နေလို့မရပါဘူး။ ဒါကလည်း ရှောင်လွှဲလို့မရတဲ့အရာတစ်ခုပါ။ ပတ္တလားကို အိမ်တစ်ခုမှတစ်ခုပြောင်းဖို့ ပတ္တလားရွက်ကို လိပ်ပြီးယူရပါတယ်။ ဒီလိုလိပ်လိုက်တဲ့အချိန်မှာ ပတ္တလားဆံတွေဟာ တစ်ခုနဲ့တစ်ခု ကပ်သွားမှာ ဓမ္မတာပါပဲ။ ဒီလိုအခြေအနေမျိုးဆိုရင် ပတ္တလားအိမ်မှာ ပတ္တလားရွက်ဆင်ပြီးတဲ့အခါ တီးခတ်မယ့်သူက ပြန်ညှိပေးရပါတယ်။ ပြီးတဲ့အခါမှာ အသံတွေ ကပ်မကပ်သိရအောင် လက်သံစမ်းရင်းနဲ့ အသံစမ်းတီးလုံးဆိုပြီး တီးလုံးအမျိုးမျိုးထွင်ခဲ့ကြပါတယ်။ ဒီအသံစမ်းတီးလုံးကို တီးတဲ့အခါ ပတ္တလားဆံအားလုံးကို ထိမိအောင်တီးရပါတယ်။ အသံစမ်းတီးလုံးဟာ တီးခတ်သူရဲ့ ပိုင်နိုင်မှု ကျွမ်းကျင်မှုပေါ် မူတည်ပါတယ်။ တစ်ဦးနှင့်တစ်ဦး တီးခတ်တာချင်းမတူညီသလို ဟန်ချင်းလည်း ညီလေ့မရှိပါဘူး။
မြန်မာ့ဂီတမှာ ဘွဲ့၊ကြိုး၊ သီချင်းကြီး၊ သီချင်းခန့်၊ ယိုးဒယားစသဖြင့် အမျိုးမျိုးရှိတဲ့အလျောက် တီးခတ်ရပုံချင်းလည်း မတူညီလှပါဘူး။ အသံသာခြင်း၊ ဟန်၊ ဝါ၊ သမ္ဘာပေါ်မူတည်ပြီး ပတ္တလားလက်သံအမျိုးမျိုး ပြောင်းလဲနိုင်သလို ပတ္တလားရွက်ပြုလုပ်ပုံပေါ်မူတည်ပြီးလည်း အသံပြောင်းလေ့ရှိပါတယ်။ မည်သို့ပင်ဖြစ်စေ ရှေးယခင်ကတည်းက အစဉ်အလာကြီးမားခဲ့တဲ့ မြန်မာ့ရိုးရာ အနုပညာရပ်တွေဟာ ယနေ့ခေတ်မှာတော့ တိမ်မြှုပ်ပျောက်ကွယ်စပြုလာပါပြီ။ ဒီလိုအနုသုခုမပညာရပ်တွေကို လက်ဆင့်ကမ်းထိန်းသိမ်းကြဖို့ မျှော်လင့်ရင်း …..။
Angelic Demon (ရိုးရာလေး)