ကမ္ဘာ့အလှဆုံးနိုင်ငံအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတဲ့ စကော့တလန်

3599-e1551084244340.jpg

နာမည်ကြီး ခရီးသွားလမ်းညွှန်စာအုပ်ဖြစ်တဲ့ Rough Guides မှ ကမ္ဘာအလှဆုံးတိုင်းပြည်အဖြစ် ကနေဒါကို ကျော်ပြီး စကော့တလန်နိုင်ငံကို ကမ္ဘာအလှဆုံးတိုင်းပြည် အဖြစ်ရွေးချယ်ခဲ့ပါတယ်။ ဒီ ကမ္ဘာအလှဆုံးတိုင်းပြည်များစာရင်းမှာ နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်လာခဲ့ပြီး ကနေဒါနိုင်ငံက ဒုတိယနေရာမှာ ရပ်တည်နေကာ နယူးဇီလန်၊ နော်ဝေးနဲ့ တောင်အာဖရိကနိုင်ငံတို့ပါ ပါဝင်လာခဲ့ပါတယ်။

“စကော့တလန်နိုင်ငံက သဘာဝအတိုင်းရှိနေသေးတဲ့ ကမ်းခြေတွေ၊ အင်းအိုင်တွေနဲ့ ကျောက်ဆောင်တွေကြားထဲမှာ ဆောက်ထားတဲ့ ရဲတိုက်ကြီးတွေက  အလွန်လှပတဲ့ မြင်ကွင်းတွေဆိုတာကိုတော့ အားလုံးလက်ခံကြမှာပါ ”လို့ Rough Guides မဂ္ဂဇင်းစာအုပ်က ဖော်ပြခဲ့ပါတယ်။

စကော့တလန်ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အင်္ဂလန်ကတော့ နံပါတ် ၇ နေရာမှာ ရပ်တည်နေခဲ့ပြီး ဝေးလ်ကတော့ နံပါတ် ၁၀ မှာ ရပ်တည်နေခဲ့ပါတယ်။

စကော့တလန် ခရီးသွားလာရေးဆိုင်ရာ အဖွဲ့ချုပ်ရဲ့ CEO ဖြစ်သူ မယ်လ်ကွန်ရော့ဟဒ် (Malcolm Roughead) ကတော့ အခုလို Rough Guides မဂ္ဂဇင်းစာဖတ်သူများရဲ့ ရွေးချယ်မှုကြောင့် စကော့တလန်နိုင်ငံကို ကမ္ဘာလှည့် ခရီးသွားများ ပိုမိုဝင်ရောက်လာလိမ့်မယ်လို့ ယုံကြည်နေပြီး “Rough Guides မဂ္ဂဇင်းစာဖတ်သူတွေ စကော့တလန်နိုင်ငံရဲ့ အလှတရားတွေကို ချီးကျူးပေးခဲ့တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အတိုင်းမသိဝမ်းမြောက်မိပါတယ်။ ဒါ့အပြင်  စကော့တလန်ကို လာရောက်တဲ့ သူတိုင်းလည်း စကော့တလန်ဟာ လှပတဲ့ တိုင်းပြည်တစ်ခု ဖြစ်ကြောင်း သိကြမှာပါ။ ဒါပေမဲ့ လှပခြင်းဟာ တာဝန်ယူမှုတစ်ခုကြောင့် ဖြစ်တဲ့အတွက် ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဒေသခံတွေရော ခရီးသည်များကိုပါ စကော့တလန်ရဲ့ သဘာဝတရားတွေကို လေးစားပြီး  ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုက်တွန်းပါတယ်။ ” လို့ပြောဆိုခဲ့ပါတယ်။

ဒါဆိုရင် စကော့တလန်နိုင်ငံကို ကမ္ဘာ့အလှဆုံးနိုင်ငံအဖြစ် ဘယ်နေရာတွေကြောင့် ရွေးချယ်လိုက်သလဲဆိုတာကို တစ်ချက်ကြည့်လိုက်ရအောင်။

၁။ ကာဂေရီ ပင်လယ်အော် (Calgary Bay)

စကော့တလန်ရဲ့ အကောင်းဆုံး ကမ်းခြေတစ်ခုဖြစ်တဲ့ ကာဂေရီပင်လယ်အော်ဟာ အငူနှစ်ခုကြားမှာ တည်ရှိပါတယ်။ သဲသောင်ပြင် ဖြူလွလွနဲ့ ပြာမှိုင်းနေတဲ့ပင်လယ်ရေပြင်တွေရှိပြီး သဘာဝအတိုင်း မပျက်မဆီး တည်ရှိနေသေးတဲ့ ကာဂေရီ ပင်လယ်အော်ဟာလည်း စကော့တလန်နိုင်ငံရဲ့ အလှတစ်ပါးပါပဲ။

၂။ ကိုရုစ် ကန် (Loch Coruisk)

တောင်တန်းတွေကြားထဲမှာ တည်ရှိတဲ့ ကိုရုစ်ကန်ကို ခြေလျင်လမ်းကြောင်းနဲ့ မသွားရောက်နိုင်ပါဘူး။ ဒါပေမဲ့ ကိုရုစ်ကန်ကို လှေနဲ့စီးပြီး သွားရောက်ရတဲ့  ခရီးဟာတောင်တွေကြားထဲကရေပြင်ကို ဖြတ်သန်းရတဲ့အတွက် အံ့ဩစရာ လမ်းခရီး တစ်ခု ဖြစ်စေမှာ အမှန်ပါပဲ။

၃။ ဂလပ်စကို (Glasgow)

စကော့တလန်နိုင်ငံ အနောက်ပိုင်း မြေနိမ့်မှာတည်ရှိတဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဂလပ်စကိုဟာ ဗစ်တိုးရီးယားခေတ်ဗိသုကာလက်ရာများနဲ့ ၁၉ ရာစု နှစ်နှောင်းပိုင်း ထင်ရှားတဲ့ အဆောက်အဦး အမွေအနှစ်များ တည်ရှိတဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။

၄။ ဝှာလီဂိုး လှေကား (The Whaligoe Steps)

ဝှာလီဂိုး (ဝေလငါးများရဲ့ ချောင်းစွယ်) ၁၇၈၆ ခုနှစ်မှာ သောမတ်တယ်ဖို့(Thomas Telford) ဆိုသူ ရှာဖွေတွေ့ရှိခဲ့တဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး အန္တရာယ်များလွန်းတဲ့ နေရာတစ်ခုလို့ အစပိုင်းမှာ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကပ္ပတိန်ဒေးဗစ်ဘရိုဒီက ၈ ပေါင် အကုန်ကျခံကာ လှေကားထစ် ၃၃၀ ကိုထွင်းထုခဲ့ပြီး ဆိပ်ကမ်းငယ်တစ်ခု အဖြစ် တည်ဆောက်ခဲ့တဲ့ ဆိပ်ကမ်းလည်းဖြစ်ပါတယ်။

၅။ ဂလန်ကိုး တောင်တန်းဒေသ (Glencoe)

ဂလန်ကိုးဟာ စကော့တလန်တောင်တန်းဒေသဖြစ်ပြီး စကော့တလန်နိုင်ငံရဲ့ အလှပဆုံးနဲ့ ရင်သက်ရှုမောဖွယ်ရာ အကောင်းဆုံးနေရာတစ်ခု အဖြစ် သတ်မှတ်ထားခြင်း ခံထားရတဲ့နေရာတစ်ခုဖြစ်ပါတယ်။

Ref : Guardian News : Rough Guide readers name Scotland the ‘most beautiful country in the world

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top