အခွံမခွာပစ်သင့်တဲ့ အသီးနဲ့ဟင်းချက်အသီးနှံ (၆) မျိုး

shutterstock-241926172.png

သစ်သီးခွဲမယ်၊ ပြင်ဆင်မယ်ဆို အခွံတွေအကုန်ခွာကြတာပဲ။ အခွံတွေဟာ အရသာလည်း သိပ်မရှိဘူး၊ အာဟာရလည်းမဖြစ်နိုင်ဘူး၊ အပိုသက်သက်ပဲလို့ထင်ပြီး လွှင့်ပစ်ကြတာများပါတယ်။ တကယ်တော့ တချို့အသီးတွေနဲ့ ဟင်းချက်သီးနှံတွေရဲ့အခွံတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ အမျှင်ဓာတ်၊နဲ့ သတ္တုဓာတ်တွေက အတွင်းသားမှာထက် ပိုပါနေတတ်ပါတယ်။ အခွံမခွာထားတဲ့ အသီးတွေမှာ အမျှင်ဓာတ် (၃၃) ရာခိုင်နှုန်းအထိ ပိုများနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပမာဏဆိုရင် အသားမှာထက် ၃၂၈ ဆအထိ ပိုများနိုင်တယ်လို့တောင် သုတေသီတွေက ဆိုကြပါတယ်။

ဒီလိုအာဟာရတွေကို ရနိုင်ဖို့ အခွံပါစားသင့်တဲ့ အသီးတွေအကြောင်း ဆက်ပြောပြမယ်နော်

၁။ ဘယ်ရီသီး၊ ချယ်ရီသီးနဲ့ စပျစ်သီး

ဘယ်ရီသီး၊ချယ်ရီသီးနဲ့ စပျစ်သီးတွေကို မခွာတာကောင်းပါတယ်။ တော်တော်များများက ဒီတိုင်းစားပေမယ့် အခွံခွာစားတတ်သူတွေရှိပါသေးတယ်။ အလုံးသေးလေးတွေကို ခွာရတာလက်ဝင်လို့ဆိုတာထက် သူတို့ရဲ့အခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အာဟာရဓာတ်တွေအများကြီးပါတာကြောင့်ပါ။ စပျစ်သီးအခွံမှာဆို တစ်လုံးစာအခွံဟာ အတွင်းသားထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပမာဏအများဆုံးဖြစ်နေတာပါ။

၂။ ပန်းသစ်တော်သီး၊ မက်မွန်သီး

ပန်းသစ်တော်သီးနဲ့ မက်မွန်သီးတို့မှာ အမျှင်ဓာတ်၊အာဟာရဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါတာဖြစ်ပါတယ်။ မက်မွန်သီးအခွံကို ခွာထုတ်လိုက်ရင် အသီးရဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ (၁၃) ရာခိုင်နှုန်းကနေ (၄၈) ရာခိုင်နှုန်းလောက်အထိ လျော့သွားစေနိုင်ပါတယ်။

၃။ ပန်းသီးနဲ့ တရုတ်ဆီးသီး

အထူးသဖြင့် ပန်းသီးကို အခွံမခွာဖို့ အကြံပေးကြတာပါ။ ပန်းသီးအခွံမှာ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် အေ နဲ့ ဖလေဗာနွိုက် တို့ပါဝင်ပါတယ်။ ဒါပေမယ့် ပန်းသီးဟာ စိုက်ခင်းမှာ ပိုးသတ်ဆေးပိုသုံးရတဲ့အသီးတစ်မျိုးဖြစ်တာကြောင့် ဝယ်လာပြီးရင် သေချာဆေးကြောဖို့လိုပါတယ်။

၄။ ကီဝီသီး

ကီဝီသီးအခွံကို စားလို့ရတယ်လို့ မထင်မိဘူးမလား။ ကီဝီသီးအခွံမှာ ဗီတာမင် စီကြွယ်ဝတဲ့အပြင် သူ့ကိုစားမယ်ဆို အမျှင်ဓာတ်ကိုသုံးဆပိုရနိုင်ပါတယ်လို့ သုတေသီတွေကပြောပါတယ်။ အကွင်းလေးတွေလှီးပြီးစားရင် အတော်ပဲပေါ့။

၅။ သခွားသီး

သခွားသီးကိုတော့ ခါးမှာစိုးလို့ အခွံခွာစားကြတာများပါတယ်။ ဒါပေမယ့် သခွားသီးခါးတာ အခွံနဲ့မဆိုင်ပါဘူ၊း၊ ခါးပြီဆို အသားပါခါးတတ်တာမို့ပါ။ သူ့မှာ ဗီတာမင် ကေ၊ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်တွေပါတယ်ဆိုတာလေး သတိရပါ။

၆။ ခရမ်းသီး

ခရမ်းသီးကိုလည်း အခွံမခွာသင့်ပါဘူးတဲ့။ ခရမ်းသီးအခွံမှာ အမျှင်ဓာတ်၊ ဖလေဗာနွိုက်တွေ၊ မဂ္ဂနီဆီယမ်တွေပါဝင်ပါတယ်။ ခရမ်းသီးက သခွားသီးလိုပဲ ရေဓာတ်ပါဝင်မှုလည်းများတယ်၊ (၉၂) ရာခိုင်နှုန်းလောက်က ရေဓာတ်ပါဝင်တာမို့ အခွံမှာ အာဟာရဓာတ်များနေတာဖြစ်ပါတယ်။

အခွံလေးခွာမှ သန့်တယ်၊ သစ်သီးပြင်ဆင်ရတာ လှတယ်၊ အရသာပိုရှိတယ်(အခွံပါစားမိရင် အရသာပျက်တယ်) လို့တွေးတာလည်းပါတာပေါ့လေ။ အခွံမှာဖယောင်းလွှာပါတယ်လို့ပြောကြတဲ့ တချို့ပန်းသီးတွေကတော့ ခြွင်းချက်ပေါ့နော်။ နောက်တစ်ချက် ဓာတုပိုးသတ်ဆေးဘာညာ ကြောက်ရင်တော့ သေချာဆေးကြောပါ၊ ရေထဲခဏလောက်စိမ်ရင်စိမ်ထားပါ။

Ref: Helloဆရာဝန်
ရေးသားသူ – Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top