အရည်အချင်းဆိုတာ အသုံးချနိင်မှသာ ပေါ်လွင်တာပါ

6-7-2020-yyl-029.jpg

တစ်နေ့မှာ ကုလားအုတ်သားအမိနှစ်ယောက် စကားစမြည်ပြောနေကြပါတယ်။ ကုလားအုတ်ငယ်လေးက အမေဖြစ်သူ ကုလားအုတ်မကြီးကို ” မေမေ ကျွန်တော်တို့ ကျောကုန်းမှာ ဘာလို့ ဘုကြီးပါနေရတာလဲလို့ မေးပါတယ်။

ကုလားအုတ်မကြီးက “အမေတို့က သဲကန္တာရထဲမှာ သွားလာလှုပ်ရှားရတဲ့ အမျိုးကွယ့်။ အရမ်းပူလောင်တဲ့ သဲကန္တာရကြီးထဲမှာ ဖြတ်သန်းသွားရတဲ့အခါ လိုအပ်တဲ့ ရေဓာတ်တွေကို အဲဒီဘုကြီးတွေထဲမှာ စုဆောင်းထားရတာ သားရဲ့” လို့ဖြေလိုက်ပါတယ်။

“သန်မာပြီးတုတ်ခိုင်တဲ့ ဒီခြေထောက်ရှည်ကြီးတွေကရော မေမေ”လို့ ကုလားအုတ်ငယ်လေးက ထပ်မေးပြန်တယ်။

“ဒီခြေထောက်တွေက အမေတို့ သဲကန္တာရထဲမှာ လမ်းလျှောက်ရတဲ့အခါ သဲတွေကြားထဲ အခက်အခဲမရှိဘဲ လမ်းလျှောက်နိင်အောင်လို့ ကူညီပေးတယ်လေ”

“ဟုတ်ပါပြီ အဲဒါဆို နောက်ဆုံးမေးခွန်းတစ်ခုလောက် မေးချင်သေးတယ်။ ကျွန်တော်တို့ရဲ့မျက်တောင်မွှေးတွေက အရှည်ကြီးပဲနော်။ ဘာလို့ အဲ့လောက်တောင် ရှည်လျားကြတာလဲ” လို့ ထပ်မေးတဲ့အခါ ကုလားအုတ်မကြီးက “အမေတို့ သဲကန္တာရကို ဖြတ်သန်းသွားရတဲ့အခါ သဲတွေ ဖုန်တွေ မျက်စိထဲ အလွယ်တကူ မဝင်နိုင်အောင် ဒီမျက်တောင်ရှည်တွေကပဲ ကာကွယ်ပေးတာ သားရဲ့” လို့ ဖြေလိုက်တယ်။

“အဲ့ဒါဆို ကျောကဘုကြီးက ရေဓာတ်သိုလှောင်ဖို့အတွက်၊ သန်မာတဲ့ ခြေထောက်ရှည်ကြီးတွေက သဲကန္တာရထဲသွားလာရ လွယ်ကူဖို့အတွက်၊ မျက်တောင်မွှေးအရှည်ကြီးတွေက ဖုန်တွေသဲတွေ မဝင်ရအောင် ကာကွယ်ပေးဖို့ ဆိုတာ သိပါပြီ။ ဒါဆို သဲကန္တာရထဲ သွားလာလို့ရနေပြီလေ။ ဘာလို့ ကျွန်တော်တို့ တိရိစ္ဆာန်ရုံထဲမှာ နေနေရတာလဲဟင်” လို့ ပြန်မေးလိုက်တဲ့အခါ အမေဖြစ်သူ ကုလားအုတ်မကြီးက ဘာပြောရမှန်းမသိအောင် ဆွံ့အသွားပါတော့တယ်။

ဒီအကြောင်းအရာလေးကနေ အဓိကပေးချင်တဲ့ အသိကတော့ အရည်အချင်းတွေ၊ အရည်အသွေးတွေက သူ့နေရာနဲ့သူ နေရာမှန်မှသာ အကျိုးကျေးဇူးရှိပြီး အသုံးဝင်တာပါ။ အရေးကြီးဆုံးကတော့ ရှိသင့်ရှိထိုက်တဲ့ နေရာမှန်မှာ မရှိရင်တောင်မှ ကိုယ့်မှာရှိတဲ့ စွမ်းအင်တွေ၊ အရည်အချင်းတွေ ဘယ်လိုဘယ်ပုံရှိတယ်ဆိုတာ နားလည်ထားဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့မအပ်စပ်တဲ့ နေရာမှာ အချိန်အကြာကြီးရှိနေမယ်ဆိုရင် ကိုယ့်မှာရှိပြီးသား အရည်အချင်းတွေ ကျဆင်းလာရုံသာမက ကိုယ့်ကိုယ်ကိုယ် အသုံးမဝင်ဘူးလို့ ခံစားရစေနိင်လို့ မိမိအရည်အချင်း အရည်အသွေးနဲ့ ကိုက်ညီမယ့် နေရာမှန်ကို သေသေချာချာ ရွေးချယ်သင့်ပါတယ်။

Ref: ” The Camel and The Baby”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top