တစ်ခါက ကြွက်တစ်ကောင်ဟာ ရန်သူတော် ကြောင်ရဲ့ အန္တရာယ်ကြောင့် နေ့စဉ်နဲ့အမျှ ပူပင်သောက ရောက်နေခဲ့ရပါတယ်။ ဒီလို တမှိုင်မှိုင်ဖြစ်နေတဲ့ ကြွက်ကို တွေ့ရတဲ့တန်ခိုးရှင် တစ်ဦးက စိတ်မသက်သာဖြစ်လာတဲ့အတွက် ကြွက်ကလေးကို ကြောင်အဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။
အဲဒီနောက် နောက်တစ်ရက်ရောက်တဲ့အခါမှာ ကြွက်တစ်ဖြစ်လဲကြောင်လေးက ခွေးအန္တရာယ်ကို ကြောက်နေရပြန်တဲ့အတွက် ခွေးအဖြစ် ပြောင်းလဲပေးလိုက်ပြန်ပါတယ်။ ခွေးအဖြစ် ပြောင်းသွားပြီးတဲ့အခါမှာလည်း ကျားသစ် အန္တရာယ်ကို ထပ်ပြီးကြောက်နေရကြောင်းပြောလာတဲ့အတွက် တန်ခိုးရှင်က ကျားသစ်အဖြစ်ကို ထပ်မံ ပြောင်းလဲပေးခဲ့ပြန်ပါတယ်။
ကျားသစ်ဖြစ်လာတဲ့အခါမှာလည်း မုဆိုးရန်ကိုကြောက်နေရသေးကြောင်း ထပ်ပြောလာတဲ့အတွက် တန်ခိုးရှင်လည်း ဘာမှမတတ်နိင်တော့ဘဲ မူလကြွက်ဘဝကိုပဲ ပြန်ပြောင်းပေး လိုက်ပြီး ” ကြွက်ကလေးရေ… မင်းအတွက်အဆင်ပြေမယ်ထင်လို့ ငါလည်း တတ်နိင်သလောက်ဖန်တီးပေးခဲ့တာပဲ။ ငါပြောင်းလဲပေးလိုက်လို့ မင်းရဲ့ခန္ဓာကိုယ်သွင်ပြင် ပြောင်းလဲ သွားပေမဲ့ မင်းရဲ့အတွင်းစိတ်ကတော့ ပြောင်းလဲလာတာမတွေ့ရဘူး။ မင်းရဲ့အတွင်းစိတ်ကို ဘယ်လိုမှလွယ်လွယ်နဲ့ပြောင်းလို့မရနိုင်ဖြစ်နေတယ်။ ဒီတော့ မင်းနဲ့အကိုက်ညီဆုံးဖြစ်တဲ့ ကြွက်အဖြစ်နဲ့ပဲ ဘဝကိုဆက်ပြီးဖြတ်သန်းလိုက်ပါ။ အဲဒါက မင်းအတွက် အန္တရာယ်အကင်းဆုံးလည်းဖြစ်ပါလိမ့်မယ်” လို့ပြောလိုက်ပါတယ်။
ကျွန်တော်တို့ဟာလည်း ဒီပုံပြင်လေးထဲကကြွက်ကလေးလိုပါပဲ။ တစ်ခါတလေ ကိုယ်ပိုင်ဆိုင်ထားရတဲ့ဘဝကို အားမလိုအားမရဖြစ်ပြီး အခြားသူတွေရဲ့ဘဝကို အားကျနေမိတတ် ပါတယ်။ တကယ်တော့ ဘယ်သူမဆို အခက် အခဲတွေ၊ ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေဟာ သူ့အတိုင်းအတာနဲ့သူ ရှိနေကြစမြဲပါ။ သူတစ်ပါးရဲ့ အောင်မြင်မှုတွေ၊ ဖြတ်သန်းမှုတွေကို အားကျနေတာထက် ပိုင်ဆိုင်ထားတဲ့ဘဝကို အကောင်းဆုံး ဖန်တီး ဖြတ်သန်းနိင်ဖို့ကသာ ပိုအရေးကြီးတာဖြစ်ပါတယ်။
Ref: “Heart of a mouse”
Paradise (ရိုးရာလေး)