ကူညီတတ်ပါစေ

purse.jpg

တစ်ခါတုန်းက အကူအညီလိုအပ်တဲ့ ဘယ်သူ့ကိုမဆို အချိန်မရွေးကူညီတတ်ပြီး လူတိုင်းကို ကူညီရိုင်းပင်းကြင်နာတတ်တဲ့ ဂျွန်လ်ဆိုတဲ့ ကောင်လေးတစ်ဦးရှိပါတယ်။ တစ်နေ့မှာတော့ ဖုန်ထူထပ်တဲ့လမ်းတစ်ခုမှာ ဂျွန်လ်တစ်ယောက်လမ်းလျှောက်လာရင်း ပိုက်ဆံအိတ်တစ်လုံးကို မမျှော်လင့်ဘဲတွေ့မိလိုက်ပါတယ်။ ကောက်ကိုင်ကြည့်လိုက်တဲ့အခါမှာတော့ စက္ကူအပိုင်းအစအနည်းငယ်သာတွေ့လိုက်ရပါတယ်။ ကြည့်နေတုန်းမှာပဲ အမျိုးသမီးတစ်ဦးနဲ့အတူ ရဲဝန်ထမ်းနှစ်ယောက်ဟာ ရုတ်တရက်ရောက်လာခဲ့ပြီး အမျိုးသမီးက “ကျွန်မရဲ့ ပိုက်ဆံအိတ်ကို ဘယ်ကနေရတာလဲ” လို့မေးလိုက်ပါတယ်။ ဂျွန်လ်ကလည်း “ဒီပိုက်ဆံအိတ်ကို လမ်းပေါ်မှာ တွေ့မိလို့ ကောက်ခဲ့မိတာပါ။ ကောက်ယူမိကတည်း ပိုက်ဆံအိတ်ထဲမှာ စက္ကူစတွေကလွဲပြီး ဘာပိုက်ဆံမှမပါပါဘူး။ အိတ်ခွံသက်သက်ကြီးပါ” လို့ ခွန်းတုံ့ပြန်ခဲ့ပါတယ်။

အဲ့ဒီအခါမှာ အမျိုးသမီးကြီးက “တောင်းပန်ပါတယ်ရှင်… ယူထားတဲ့ပိုက်ဆံလေးတွေပြန်ပေးပါ။ အဲ့ဒီပိုက်ဆံတွေနဲ့ ကျွန်မသားလေးကို မနက်ဖြန် ကျောင်းသွားအပ်ရမှာပါ”လို့ပြောလိုက်ပါတယ်။ ဂျွန်လ်လည်း အမျိုးသမီးကြီးရဲ့ ဝမ်းနည်းနေတဲ့မျက်နှာရိပ်ကို အကဲခတ်မိပြီး စိတ်မကောင်းဖြစ်သွားတာကြောင့် “ဒါဆိုရင် ဒီပိုက်ဆံတွေယူသွားပြီးတော့ အမရဲ့ သားလေးကို ကျောင်းသွားအပ်လိုက်ပါ” ဆိုပြီး အိတ်ကပ်ထဲက ပိုက်ဆံလိပ်လေးကို ထုတ်ပေးလိုက်ပါတယ်။ အမျိုးသမီးကြီးလည်း ဝမ်းသာအားရနဲ့ယူပြီး ပြန်ထွက်သွားပါတယ်။ ဂျွန်လ်ကတော့ ရဲဝန်ထမ်းနှစ်ဦးနဲ့အတူ ကျန်ရှိခဲ့ပါတယ်။

အမျိုးသမီးကြီးဟာ အိမ်ပြန်ရောက်လို့ ပိုက်ဆံလိပ်လေးကို ရေတွက်ကြည့်လိုက်တဲ့အခါမှာတော့ သူမပိုက်ဆံအိတ်ထဲမှာရှိရမယ့် ငွေပမာဏထက်ပိုများနေတာကို အံ့သြစွာနဲ့တွေ့လိုက်ရပါတယ်။

နောက်တစ်နေ့မှာတော့ အမျိုးသမီးကြီးဟာ သူ့ရဲ့သားငယ်လေးကို လက်ဆွဲပြီး ကျောင်းသွားအပ်ဖို့ထွက်လာခဲ့ပါတယ်။ တစ်နေရာအရောက်မှာတော့ သူတို့နောက်ကနေ နောက်ယောင်ခံလိုက်တဲ့ လူစိမ်းတစ်ယောက်ကို သတိထားမိတာကြောင့် နီးစပ်ရာ ရဲစခန်းထဲကိုဝင်ပြီး အကူညီတောင်းလိုက်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပိုက်ဆံအိတ်ပျောက်တုန်းက ကူညီပေးခဲ့ဖူးတဲ့ ရဲဝန်ထမ်းဖြစ်လို့နေပါတယ်။ အမျိုးသမီးကြီးလည်း အားတက်သရောနဲ့ သူ့အနောက်ကနေလူတစ်ယောက်လိုက်နေကြောင်းပြောပြပီး အကူညီတောင်းခံလိုက်ပါတယ်။

ရဲစခန်းထဲကနေအတူထွက်လာခဲ့တဲ့အမျိုးသမီးကြီးနဲ့ရဲဝန်ထမ်းကိုတွေ့လိုက်ရတဲ့အခါ ပုန်းကွယ်ပြီးစောင့်ကြည့်နေတဲ့ လူတစ်ယောက်ဟာ အလျင်အမြန်ပဲထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သစ်ငုတ်တိုတစ်ခုနဲ့ ခလုတ်တိုက်မိပြီး မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။ ပြန်မထမီမှာပဲ ရဲဝန်ထမ်းနဲ့ အမျိုးသမီးကြီးဟာ သူ့ရဲ့ဘေးကိုရောက်လို့နေပါတယ်။ ရုပ်ဖြတ်ထားတဲ့ ဦးထုပ်ကိုချွတ်လိုက်တဲ့အခါမှာတော့ မနေ့က ပိုက်ဆံအိတ်ကောက်ရတဲ့သူဖြစ်လို့နေပါတယ်။ ရဲဝန်ထမ်းနဲ့ အမျိုးသမီးကြီးလည်း အံ့သြလို့နေပြီး ရဲဝန်ထမ်းကြီးက “ဟိုနေ့က အမကိုပြန်ပေးလိုက်တဲ့ ပိုက်ဆံတွေက အမပျောက်သွားတဲ့ပိုက်ဆံတွေမဟုတ်ပါဘူး။ အမဝမ်းနည်းနေတာကို စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့ပိုက်ဆံလေးတွေ အမကိုပေးလိုက်တာပါ” လို့ဆိုပြီး လဲကျနေတဲ့ ဂျွန်လ်ကိုဆွဲထူပေးလိုက်ပါတယ်။

ဂျွန်လ်က “ဟုတ်ပါတယ် အမ။ အခုလည်း အမနောက်ကနေ နောက်ယောင်ခံလိုက်နေတယ်ဆိုတာ အမရဲ့သားငယ်လေးကိုကျောင်းသွားအပ်တဲ့လမ်းတစ်လျှောက် သူခိုးသူဝှက်တွေရဲ့အန္တရာယ်ကနေ ကာကွယ်ပေးဖို့အတွက် ကျွန်တော် မလှမ်းမကမ်းကနေ လိုက်ပြီးစောင့်ရှောက်ပေးနေတာပါ…အမကို ဒုက္ခပေးဖို့မဟုတ်ပါဘူးခင်ဗျ” လို့ပြောလိုက်တဲ့အခါမှာတော့ အမျိုးသမီးကြီးလည်း အံ့သြစွာနဲ့ပဲ ဆွံ့အလို့သွားပါတော့တယ်။

ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့ အသိလေးကတော့ လူသားအချင်းချင်းရိုင်းပင်းကူညီတာ မွန်မြတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ကိုယ့်ရဲ့ စေတနာမေတ္တာတွေကို တဖက်သူကမသိတဲ့အခါ၊ တန်ဖိုးမထားတတ်တဲ့အခါ နားလည်မှုတွေလွဲသွားတတ်ပြီး ကူညီပေးတဲ့သူကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ရတတ်ပါတယ်။ အဲ့ဒါကြောင့် ကူညီတဲ့အခါမှာ တစ်ဖက်သူကအထင်မြင်မလွဲရအောင် သေချာစဉ်းစားပြီးမှသာ အကောင်းဆုံးနည်းလမ်းနဲ့ ကူညီပေးသင့်ပါတယ်။

Ref: “A Purse”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top