ထူးခြားတဲ့အသွင်အပြင်ကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ခွေးလေး

dog04.jpg

ထိုင်းနိုင်ငံက လက်ကီး (Lucky) အမည်ရတဲ့ အသက် (၂) နှစ်အရွယ် ခွေးလေးက လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုကိုရရှိလို့နေပါတယ်။ လက်ကီးလေးက ထူးခြားတဲ့ အသွင်အပြင်လေးကို ပိုင်ဆိုင်ထားတဲ့ ခွေလေးပါ။ သူ့ရဲ့မျက်နှာလေးက အခြားခွေးလေးတွေနဲ့ မတူအောင် လုံးဝကွဲထက်နေတာဖြစ်ပါတယ်။ အဲဒီခွေးလေးက ကယ်ဆယ်ရေးဂေယာမှာ ရှိနေတဲ့ ပိုင်ရှင်မဲ့ခွေးလေးဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ သူ့ကိုခေါ်ယူမွေးစားမယ့် ပိုင်ရှင်ပေါ်လာပါပြီ။

အသက် (၂၉) နှစ်အရွယ် ချာရစ် (Charice) က လက်ကီးလေးအတွက် ပိုင်ရှင်ရှာနေကြောင်း ပြောထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်မှာ တွေ့ရှိခဲ့ပါတယ်။ သူက လက်ကီးလေးရဲ့မျက်နှာကို မြင်လိုက်တဲ့အခါမှာ ချက်ချင်းပဲ ခွေးလေးကို လိုချင်ခဲ့ပြီး မွေးစားဖို့အတွက် ဆက်သွယ်ခဲ့ပါတယ်။ သူ့ရဲ့ထူးခြားတဲ့အသွင်အပြင်လေးက သူ့ကို အံ့အားသင့်စေခဲ့တာပါ။ လက်ကီးလေးကို ပြီးပြည့်စုံပြီး ထူးခြားတဲ့ခွေးလေးလို့ ထင်မှတ်ခဲ့ပါတယ်။ သူ လက်ကီးလေးကို မွေးခဲ့ပြီး ခွေးပိုင်ရှင်များအဖွဲ့အစည်းဆိုတဲ့ ဖေ့စ်ဘွတ်ခ်မှာ ချစ်စရာကောင်းတဲ့မိသားစုဝင်အသစ်လေးဆိုပြီး လက်ကီးလေးရဲ့ပုံကိုတင်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီပို့စ်လေးက Like (၁၁၀၀၀) နဲ့ Comment (၆၀၀) ကျော်ရရှိနေပါပြီ။

လက်ကီးရဲ့မျက်လုံးတစ်ဖက်က အပြာရောင်ဖျော့တော့တော့လေးဖြစ်ပြီး နောက်တစ်ဖက်က အညိုရောင်လေးဖြစ်ပါတယ်။ သူ့ရဲ့အပေါ်ကို ပင့်တတ်နေတဲ့ ထူပြီးမဲနက်နေတဲ့ မျက်ခုံးမွေးက တစ်ယောက်ယောက်ကို အကဲခတ်နေသလို တစ်ခုခုကို သေချာစဉ်းစားနေသလိုဖြစ်နေပါတယ်။ အဲဒီမျက်လုံးတွေနဲ့ မျက်ခုံးမွေးကြောင့်ပဲ အင်တာနက်မှာ လက်ကီးလေး နာမည်ကြီးနေတာပါ။

“တချို့ကတော့ သူ့ရဲ့မျက်ခုံးမွေးအစစ်လို့ မထင်ကြပါဘူး။ သူ့ရဲ့မျက်နှာမှာ ဘောပင်နဲ့ ဆွဲထားတာလို့ ထင်ကြပါတယ်။ ခွေးလေးမှာ အခုလိုမျက်ခုံးမွေးရှိတာကို ယုံကြည်ဖို့ ခက်တာကို ကျွန်မနားလည်ပါတယ်” လို့ ချာရစ်က ပြောပါတယ်။

လက်ကီးလေးက ထူးခြားတဲ့အသွင်အပြင်ရှိပေမယ့် အရမ်းကျန်းမာပါတယ်။ “Heterochromia” လို့ခေါ်တဲ့ ထူးခြားတဲ့အခြေအနေကြောင့် သူ့ မျက်လုံးက တကယ်ကောမြင်ရလားလို့ လူတွေသိချင်နေကြပါတယ်။ လက်ကီးလေးက မျက်လုံးမကွယ်ပါဘူး။ အရာမှန်သမျှကို ရှင်းရှင်းလင်းလင်းနဲ့ မြင်ရတယ်လို့ ချာရစ်က ဆိုထားပါတယ်။

လက်ကီးက သူ တစ်သက်လုံးနေရမဲ့အိမ်အသစ်လေးမှာ အသားကျနေပြီဖြစ်ပြီး အခြားသူတွေ ချစ်အောင် ဘယ်လိုနေရမလဲဆိုတာကို သင်ယူနေပါတယ်။ သူက လူတွေနဲ့ အသံတွေကို အရမ်းကြောက်တတ်ပြီး နည်းနည်း ရန်လိုတတ်ပါတယ်။ “တစ်ခါတရံ ကျွန်မရဲ့အခြားခွေးလး ဟယ်ရီကို လက်ကီးက ကိုက်ပါတယ်။ ကျွန်မကို လက်ကီးက အရမ်း ခင်တွယ်တာကြောင့်ပါပဲ။ သူက ဉာဏ်ကောင်းသလို အဆော့လည်းသန်ပါတယ်။ ကျွန်မရဲ့ပြောစကားကိုလည်း နားထောင်ပါတယ်” လို့ ချာရစ်က ပြောပါတယ်။

လက်ကီးလေးကို အင်တာနက်အသုံးပြုသူတွေက စိတ်ဝင်စားနေကြတဲ့အတွက် နေ့စဉ်လုပ်သမျှအရာတွေကို မျှဝေပေးဖို့ လက်ကီးလေးအတွက် အကောင့်တစ်ခုဖန်တီးပေးဖို့ စီစဉ်ထားပါတယ်။

Ref: Boredpanda “This Rescue Dog With Unique Features Is Taking Over The Internet”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top