ခွေးပေါက်လေးတွေကို ဆုံးရှုံးခဲ့ပြီးတဲ့နောက် ကြောင်ပေါက်လေးတွေရဲ့မိခင်ဖြစ်ပေးခဲ့တဲ့ ခွေးမကြီး

31-8-2020-yyl-052.jpg

သံယောဇဉ်၊ ချစ်ခြင်းမေတ္တာထားတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကန့်သတ်ချက်တွေထားစရာမလိုပါဘူးနော်။ တိရစ္ဆာန်လေးတွေတောင် မျိုးမတူချင်းပေါ်မှာတောင် မေတ္တာတရား၊ ချစ်ခြင်းမေတ္တာပေးတတ်ကြပါတယ်။ ဂျော်ဂျီယား အမည်ရတဲ့ ခွေးမကြီးဆိုရင် မိခင်မဲ့နေတဲ့ ကြောင်ပေါက်လေးတွေရဲ့အမေအဖြစ် မေတ္တာတရားထားပြီး ဂရုစိုက်ပေးခဲ့ပါတယ်။ အဲဒီခွေးမကြီးက သနားစရာကောင်းလှပါတယ်။ the Sunshine Dog Rescue က ကယ်ဆယ်ရေးတွေက အမေရိကန်-မက္ကစီကိုနယ်စပ်နားမှာရှိတဲ့ ဂက်စ်ဆိုင်နားမှာ ယောင်လည်လည်ဖြစ်နေတဲ့ ဂျော်ဂျီယားကို တွေ့ခဲ့တာပါ။ ကလေးလွယ်ထားရတဲ့ ဂျော်ဂျီယားဟာ အရေးပေါ်ကုသမှုကို ကျော်လွှားနိုင်ခဲ့ပေမယ့် တိရစ္ဆာန်ဆရာဝန်တွေက သူ့ရဲ့ကလေးတွေကို မကယ်တင်နိုင်ခဲ့ပါဘူး။ လမစေ့ဘဲ မွေးဖွားပေးခဲ့ရပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ခွေးမကြီးဂျော်ဂျီယားက သူ့ကလေးတွေကို ဆုံးရှုံးလိုက်ရပါတယ်။

ဂျော်ဂျီယားက ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ သူ့ကလေးတွေကို ရှာဖွေဖို့ ကြိုးစားရင်းနဲ့ ဆောက်တည်ရာမရဖြစ်နေခဲ့တာပါ။ “အရမ်းသနားဖို့ကောင်းပါတယ်။ သူက သူ့ရဲ့ကလေးတွေကို ရှာနေခဲ့တာ”လို့ Sunshine Dog Rescue တည်ထောင်သူ အန်နီတာ အိုဆာ (Anita Osa) ကပြောပါတယ်။ ဂျော်ဂျီယားက နို့ရည်လိုက်နေတဲ့အတွက် အန်နီတာက နို့တိုက်ဖို့ လိုအပ်နေတဲ့ ခွေးပေါက်လေးတွေကို ရှာဖို့အတွက် ဖေ့စ်ဘွတ်မှာ ပို့စ်တင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မိခင်ရဲ့စောင့်ရှောက်မှုကို လိုအပ်နေတဲ့ ကြောင်ပေါက်လေး (၄) ကောင်ကို တွေ့ခဲ့ပါတယ်။ ပထမတော့ အန်နီတာက ကြောင်တွေဟာ ခွေးတွေနဲ့ မျိုးမတူတဲ့အတွက် နည်းနည်းတုံ့ဆိုင်းမိခဲ့ပါတယ်။ ဒါပေမဲ့ အချိန်မရှိတာကြောင့် ခွေးနဲ့ကြောင်က လိုက်ဖက်တဲ့တိရစ္ဆာန်တွေဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

စိတ်မကောင်းစွာနဲ့ပဲ ကြောင်လေး (၄) ကောင်ထဲက တစ်ကောင်က ပထမဆုံးညမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ကျန်နေတဲ့ ကြောင်လေး (၃) ကောင်က ဂျော်ဂျီယားရဲ့ဂရုစိုက်မှုအောက်မှာ ကောင်းကောင်းနေခဲ့ပါတယ်။ တိရစ္ဆာန်စောင့်ရှောက်ကယ်ဆယ်ရေးစင်တာက ဂျော်ဂျီယားနဲ့ ကြောင်ပေါက်လေးတွေ ကျန်းမာရေးပြန်ကောင်းလာတဲ့အထိ စောင့်ရှောက်ခဲ့ကြပါတယ်။ ခွေးမကြီးဂျော်ဂျီယားနဲ့ ကြောင်ပေါက်လေးတွေ မိသားစုဖြစ်သွားအောင် ဘယ်လိုလုပ်ခဲ့ရလဲဆိုတာကို အန်နီတာက “ကျွန်တော်က ကြောင်ပေါက်လေးတွေကို ဂျော်ဂျီယားနဲ့ ဖြည်းညင်းစွာ မိတ်ဆက်ပေးခဲ့ပါတယ်။ အရင်ဆုံး ကျွန်တော် တစ်ကောင်ယူလာပြီး သူ့ကို အနံ့ရှုခိုင်းခဲ့ပါတယ်။ သူက ကြောင်ပေါက်လေးကို လက်ခံတဲ့ပုံပါပဲ။ ဒါကြောင့် အခြားကြောင်ပေါက်လေးတွေကိုလည်း ယူလာခဲ့ပါတယ်။ ဂျော်ဂျီယား ကြောင်လေးတွေအပေါ် ကောင်းကောင်းဆက်ဆံပေးတာကို မြင်ရတာ အံ့သြဖို့ကောင်းပါတယ်”လို့ ပြောပါတယ်။

အခုဆိုရင် ဂျော်ဂျီယားနဲ့ ကြောင်လေး (၃) ကောင်ကို မွေးစားမယ့်မိသားစုတွေ ရှိနေပါပြီ။ ဂျော်ဂျီယားက သူ့ရဲ့ကြောင်လေး (၃) ကောင်ထဲက တစ်ကောင်နဲ့ အတူတူနေထိုင်နေပါတယ်။

Ref: Boredpanda “Rescue Dog Becomes A Mom To 3 Orphaned Kittens After Losing Her Own Litter Of Puppies”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top