ကိုယ်ခံပညာကို ပြိုင်ပွဲဝင်နိုင်တဲ့အဆင့်ထိ တတ်မြောက်ထားကြတဲ့ ဟောလိဝုဒ်သရုပ်ဆောင်များ

fea-img.jpg

ရုပ်ရှင်ထဲက ဟောလိဝုဒ်သရုပ်ဆောင်တွေရဲ့ အံ့မခန်းတိုက်ခိုက်သတ်ပုတ်ခန်းတွေကိုကြည့်ရတာက စိတ်လှုပ်ရှားဖို့ကောင်းလှပါတယ်။ အများအားဖြင့် လူစားထိုးရိုက်ကူးမှုတွေပါဝင်တတ်တာရှိပေမဲ့ တိုက်ခိုက်ရေးပညာရပ်တွေကို တကယ်တမ်းတတ်မြောက်ထားတဲ့သရုပ်ဆောင်တွေလည်းရှိနေပါတယ်။ အပျော်တမ်းအဆင့်ထက်တောင်ပိုတဲ့အဆင့်ထိ တတ်မြောက်ထားကြတာပါ။

အခုဖော်ပြပေးလိုက်တဲ့သူတွေကတော့ ကိုယ်ခံပညာရပ်နဲ့ပတ်သက်လို့ ပြိုင်ပွဲဝင်နိုင်တဲ့အဆင့်ရှိနေတဲ့ ဟောလိဝုဒ်သရုပ်ဆောင်တချို့ဖြစ်ပါတယ်။

ဒွိန်း ဂျွန်ဆင် (The Rock)

မြင့်မားတဲ့အရပ်အမောင်း တောင့်တင်းကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့ ဒွိန်း ဂျွန်ဆင်က ရုပ်ရှင်နယ်ပယ်ကိုမရောက်လာခင်က WWE နပမ်းသမားတစ်ဦးဖြစ်ခဲ့တာကို အားလုံးနီးပါးသိထားကြပါတယ်။ အားကစားလေ့လာလိုက်စားဖို့အားသန်တဲ့သူက မိုင်ယာမီတက္ကသိုလ်ရဲ့ ဘောလုံးအသင်း (အမေရိကန်ဖွတ်ဘော) မှာလည်း နောက်တန်းကစားသမားတစ်ဦးဖြစ်ခဲ့ဖူးသူပါ။ နာမည်ကြီး MMA နည်းပြတစ်ဦးဖြစ်တဲ့ ဂရက် ဂျက်ဆင် (Greg Jackson) ကလည်း The Rock က MMA မှာဟဲဗီးဝိတ်တန်းကစားသမားတစ်ယောက်ဖြစ်လာနိုင်ချေတောင်ရှိတဲ့အကြောင်း မှတ်ချက်ပြုခဲ့ဖူးပါတယ်။

ချာလီ ဟန်နမ် (Charlie Hunnam)

Sons Of Anarchy, Pacific Rim, King Arthur နဲ့ Papillon ရုပ်ရှင်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ ချာလီ ဟန်နမ်က ကိုယ်ခံပညာကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် ငယ်စဉ်ကတည်းကသင်ယူခဲ့တာပါ။ ဘရာဇီးဂျူဂျစ်ဆုပညာမှာ ခါးပတ်အပြာအဆင့်ရှိထားသူဖြစ်ပါတယ်။ အသက် (၃၈) နှစ်အရွယ် ချာလီက ကစ်ဘောက်ဆင် မွေထိုင်းနဲ့ ဝင်ချွန်းကွန်ဖူးပညာတွေကိုလည်း လေ့ကျင့်သင်ကြားခဲ့ဖူးပါသေးတယ်။ UFC ဖိုက်တာ ကွန်နာ မက်ဂရီဂေါ်ရဲ့ အမာခံပရိသတ်ဖြစ်သလို မက်ဂရီဂေါ်နဲ့ လက်ရည်စမ်းကြည့်ဖူးချင်ပြီး အလဲထိုးမခံရခင် (၇) စက္ကန့်လောက်ထိတော့ယှဉ်နိုင်လောက်မယ်လို့ ဟာသလုပ်ပြောထားခဲ့ပါသေးတယ်။

ဂျေဆင် စတက်သမ် (Jason Statham)

(၂၁) ရာစုရဲ့ အကျော်ကြားဆုံး အက်ရှင်ဇာတ်ကားသရုပ်ဆာင်တစ်ဦးဖြစ်တဲ့ ဂျေဆင် စတက်သမ်က ကိုယ်ခံပညာကို ကိုယ်တိုင်တတ်မြောက်ထားသလို MMA ပြိုင်ပွဲတွေကို မလွတ်တမ်းအားပေးတတ်သူလည်းဖြစ်ပါတယ်။ အရပ် (၅) ပေ (၁၀) လက်မ ကိုယ်အလေးချိန် ပေါင် (၁၇၀) ရှိတဲ့ ဂျေဆင်ဟာ ကစ်ဘောက်ဆင်၊ ဂျူဒို၊ ကွန်ဖူး စတဲ့ကိုယ်ခံပညာရပ်တွေကို သင်ယူတတ်မြောက်ထားပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ဖြစ်မလာခင်ကလည်း ၁၉၉၀ ဓနသဟာယအားကစားပြိုင်ပွဲမှာ ဒိုက်ဗင်အားသမားတစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါသေးတယ်။ ဘာရာဇီးဂျူဂျစ်ဆုပညာရပ်ကိုတော့ စတန့်ခန်းတွေမှာသရုပ်ဆောင်နိုင်လောက်တဲ့အထိလေ့ကျင့်သင်ယူခဲ့ပြီး ခရမ်းရောင်ခါးပတ်ရရှိထားသူပါ။

အီဒရစ် အယ်လ်ဘာ (Idris Elba)


အီဒရစ် အယ်လ်ဘာ ကိုတော့ အခုပြသနေတဲ့ Hobbs and Shaw ရုပ်ရှင်မှာလည်း တွေ့ကြရမှာပါ။ ဝင်ငွေသောက်သောက်လဲရတဲ့ ဟောလိဝုဒ်နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်နေပေမဲ့လည်း တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ချင်တဲ့ သူ့ရဲ့ဆန္ဒကတော့မလျော့သွားသေးပါဘူး။ အသက် (၅၀) နီးပါးအရွယ်ရှိနေပြီဖြစ်တဲ့ အယ်လ်ဘာကကြေးစားလက်ဝှေ့သမားတစ်ဦးဖြစ်ချင်သူဖြစ်ပါတယ်။ တကယ်တမ်းလည်း ကြေးစားထိုးသတ်ခဲ့ဖူးသူဖြစ်ပြီး ပွဲဦးထွက်မှာတင် သူ့ထက်အတွေ့အကြုံရင့်တဲ့ပြိုင်ဘက် လီယွန်နယ်ဂရေ့ဗ်စ် (Lionel Graves) ကို ဒူးတိုက်ချက်နဲ့ ပွဲသိမ်းအနိုင်ရခဲ့ဖူးပါသေးတယ်။

ခရစ္စ ပရတ် (Chris Pratt)


Guardians Of The Galaxy’ နဲ့ ‘Jurassic World’ ရုပ်ရှင်တွေက သရုပ်ဆောင်မင်းသား ခရစ္စ ပရတ်ကလည်း ခေသူမဟုတ်ပါဘူး။ အသက် (၁၇) နှစ်အရွယ် တက္ကသိုလ်ကျောင်းသားဘဝကတည်းက နပမ်းအားကစားကိုလေ့ကျင့်သင်ကြားခဲ့သူဖြစ်ပြီး လက်ရှိအသက်အရွယ်အထိလည်း နာမည်ကြီးကစားသမားတွေနဲ့အတူ လေ့ကျင့်နေဆဲပါ။ ဒီကစားသမားတွေကိုယ်တိုင်ကလည်း သူ့ရဲ့နပမ်းစွမ်းရည်နဲ့ပတ်သက်လို့ ချီးကျူးထားကြပါတယ်။

Ref: SCRAP DIGEST “Celebrities Who Could Compete In MMA”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top