မျိုးသုဉ်းနိုင်ချေရှိသတ္တဝါမျိုးစိတ်တွေကို အရောင်းအဝယ်ပြုလုပ်မှုတားမြစ်ရေးနိုင်ငံတကာဆွေးနွေးပွဲမှာ ကမ္ဘာ့နိုင်ငံ (၁၈၀) ကျော်က ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပြီး ဆင်အရောင်းအဝယ်ပြုလုပ်မှုနဲ့ပတ်သက်တဲ့စည်းမျဉ်းတွေကို တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ဆန္ဒပြုသူအများစုက အာဖရိကဆင်ရိုင်းတွေကို တိရိစ္ဆာန်ရုံမှာပြသဖို့ရည်ရွယ်ချက်နဲ့ ဖမ်းဆီး၊ အရောင်းအဝယ်ပြုလုပ်မှုကို တားမြစ်တဲ့စည်းမျဉ်းအတွက် တခဲနက်ထောက်ခံဆန္ဒပြုခဲ့ကြပြီး (၄၆ မဲ – ၃၇ မဲ) ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Humane Society International (HSI) ရဲ့ မူဝါဒရေးရာအကြီးတန်းအကြံပေးအရာရှိ အိုင်းရစ်ဟို (Iris Ho) က အာဖရိကဆင်ရိုင်းတွေကိုဖမ်းဆီးပြီး တိရိစ္ဆာန်ရုံတွေဆီမရောင်းချဖို့ စည်းမျဉ်းထုတ်ပြန်မှုအပေါ် တစ်ခဲနက်ထောက်ခံပေးမှုရှိခဲ့တဟာ သမိုင်းဝင်အစပျိုးခြေလှမ်းတစ်ခု လို့ ဆိုပါတယ်။

ဒီစည်းမျဉ်းသတ်မှတ်ချက်ဟာ ဆင်ရိုင်းကောင်ရေများစွာကျန်ရှိနေသေးပြီး ဆင်သားပေါက်ငယ်တွေကို အရောင်းအဝယ်ပြုလုပ်နေတဲ့ အာဖရိကတိုက်တောင်ပိုင်းနိုင်ငံတွေအပေါ် ကြီးကြီးမားမားအကျိုးသက်ရောက်စေမှာပါ။
လွန်ခဲ့တဲ့ (၇) နှစ်တာကာလအတွင်း ဇင်ဘာဘွေတစ်နိုင်ငံတည်းကေ ဆင်သားပေါက် (၁၀၀) ကို တရုတ်နိုင်ငံဆီရောင်းချခဲ့ပါတယ်။ ရောင်းချမယ့်ဆင်ပေါက်လေးတွေကို မိခင်ဆင်မကြီးနဲ့ ဆင်အုပ်ကနေ ခွဲထားတဲ့ကိစ္စအပေါ် “ဒီလိုမျိုးထားလိုက်တာက ဆင်ပေါက်ဘေးတွေကို ရုပ်ပိုင်း စိတ်ပိုင်းနှစ်မျိုးလုံးထိခိုက်သွားအောင် ညှင်းပန်းတဲ့လုပ်ရပ်ပါ” လို့ တိရိစ္ဆာန်အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူတွေက ထောက်ပြဝေဖန်ထားကြပါတယ်။
တိရိစ္ဆာန်ရုံတွေနဲ့ တခြားလှောင်အိမ်တွေက ဆင်ပေါက်တွေအတွက်လိုအပ်ချက်တွေနဲ့ မကိုက်ညီနေဘဲ သဘာဝနဲ့မနီးစပ်တဲ့ ပတ်ဝန်းကျင်တွေလည်းဖြစ်တယ်လို့ ဇီဝဗေဒပညာရှင် အပ်ဒ်ရေး ဒဲလ်ဆင့်ခ် (Audrey Delsink) က ရှင်းပြပါတယ်။
ဆင်နဲ့ ဆင်ကရရှိတဲ့ပစ္စည်းတွေကိုရောင်းဝယ်မှုဟာ အာဖရိကတိုက်မှာ နှစ်ပေါင်းများစွာရှိနေခဲ့တဲ့ဈေးကွက်တစ်ခုဖြစ်ပြီး ဆင်တွေရဲ့ ဘဝရှင်သန်နေထိုင်မှုကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့လုပ်ရပ်လည်းဖြစ်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ လူသားတွေရဲ့အပြုအမူကြောင့် ထိခိုက်နစ်နာနေရတဲ့ တိရိစ္ဆာန်မျိုးစိတ် (၁) သန်းကျော်ရှိနေပြီး CITES အနေနဲ့လည်း မျိုးစိတ်အများအပြားကိုကာကွယ်ပေးနိုင်ဖို့ အသည်းအသန်လုပ်ဆောင်နေတယ်လို့ CITES ရဲ့ အတွင်းရေးမှူး အိုင်ဗိုနေး ဟီဂွာရို (Ivonne Higuero) က ပြောဆိုခဲ့ပါတယ်။
Ref: DYK “Zoos Can No Longer Acquire African Elephants from the Wild”
TH (ရိုးရာလေး)

