ကင်မရာ (၃) လုံးနဲ့ iPhone အသစ်တွေအပြင် လစဉ်ကြေး (၅) ဒေါ်လာတန် အွန်လိုင်းတီဗီဝန်ဆောင်မှုကိုပါမိတ်ဆက်ခဲ့တဲ့ Apple

yyl11919023.jpg

Apple က သူတို့ရဲ့အကြီးမားဆုံးဈေးကွက်ရှာဖွေရေးအစီအစဉ်မှာ ထိပ်တန်းထုတ်ကုန်တွေအပါအဝင် Disney နဲ့ Netflix ကိုဈေးယှဉ်ပြိုင်ထားတဲ့ အွန်လိုင်းတီဗီအစီအစဉ်ကိုပါ စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ Apple ရဲ့အွန်လိုင်းတီဗီအစီအစဉ်ကို လာမယ့်နိုဝင်ဘာလကစတင်ပြီး နိုင်ငံပေါင်း (၁၀၀) မှာစပြီးကြည့်ရှုနိုင်တော့မှာပါ။ သန်းရာနဲ့ချီတဲ့ကြည့်ရှုသူတွေကိုဆွဲဆောင်လိုတဲ့ရည်ရွယ်ချက်နဲ့ iPhone၊ iPad နဲ့ Mac ကွန်ပျူတာတစ်လုံးဝယ်သူတိုင်းကို အွန်လိုင်းတီဗီအစီအစဉ်ကြည့်ခွင့် (၁) နှစ်စာပေးအပ်သွားဖို့ Apple ကသတ်မှတ်ထားပါတယ်။

iPhone XR ကိုအဆင့်မြှင့်တင်ထားတဲ့ မျက်နှာပြင် (၆.၁) လက်မအရွယ် iPhone 11 က iPhone XR ရဲ့ ဈေးထက် ဒေါ်လာ (၅၀) လောက်ပိုသက်သာပြီး အုပ်စုလိုက်ဓာတ်ပုံတွေကိုရိုက်ကူးဖို့ပိုအဆင်ပြေစေတဲ့ wide angle lens တစ်လုံးအသစ်ထပ်မံပါဝင်လာပါတယ်။

iPhone XS နဲ့ iPhone XS Max ကိုအဆင့်မြှင့်ထားတဲ့ iPhone 11 Pro နဲ့ iPhone Pro Max တို့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ (၁၀၀၀) နဲ့ အထက်ကျသင့်မှာဖြစ်ပါတယ်။ အရင်ဖုန်းတွေမှာပါခဲ့တဲ့ တယ်လီဖိုတို lens အပြင် wide angle lens ကိုလည်း ထပ်မံထည့်သွင်းပေးထားပါတယ်။ iPhone 11 Pro က မျက်နှာပြင်အရွယ်အစား (၅.၈) လက်မရှိမှာဖြစ်ပြီး iPhone Pro Max ကတော့ (၆.၅) လက်မအရွယ်ရှိမှာဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ iPhone မော်ဒယ်လ်အသစ်တွေကို စက်တင်ဘာ (၂၀) မှာ စတင်ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

Always-on display နဲ့ သံလိုက်အိမ်မြှောင် app အသစ်ပါရှိတဲ့ တိုက်တေနီယမ်နဲ့ ကြွေသားဒီဇိုင်း မျိုးဆက် (၅) ခုမြောက် Apple Watch တွေကို (၃၉၉) ဒေါ်လာနဲ့ စက်တင်ဘာ (၂၀) မှာစတင်ဝယ်ယူနိုင်ပြီး ဖုန်းဆင်းကတ်အသုံးပြုနိုင်တဲ့ Apple Watch မော်ဒယ်လ်တွေကတော့ ဒေါ်လာ (၁၀၀) ပိုကျသင့်မယ်လို့ သိရပါတယ်။

အရင်မော်ဒယ်လ်တွေထက် မျက်နှာပြင်အရွယ်အစားနည်းနည်းပိုကြီးတဲ့ (၁၀.၂) လက်မအရွယ် iPad တွေကို (၃၂၉) ဒေါ်လာနဲ့ စက်တင်ဘာ (၃၀) မှာစတင်ရောင်းချသွားမှာပါ။ စက်တင်ဘာ (၁၉) မှာ လက်ရှိသုံးစွဲနေတဲ့ iPhone တွေအတွက် iOS 13 ကို အခမဲ့အဆင့်မြှင့်တင်နိုင်မှာဖြစ်သလို iPad တွေအတွက်လည်း စက်တင်ဘာ (၃၀) မှာ iPadOS အဆင့်မြှင့်တင်မှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

5G ကွန်ရက်သုံး iPhone တွေအကြောင်းကိုတော့ ဘာတစ်ခုမှထုတ်ပြန်ကြေညာသွားခြင်းမရှိတဲ့အတွက် နောက်နှစ်ထဲအထိတော့ ထွက်လာဖို့မရှိသေးဘူးလို့ပဲ ယူဆရပါတယ်။

Ref: CGTN “Apple reveals triple-camera iPhone; $5 monthly streaming TV undercuts Disney”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top