ယနေ့ခေတ်တွင် ပုဂ္ဂလိက စာသင်ကျောင်း(Private School)အလျှိုလျို ပေါ်ထွန်းလာသည်။ ခေတ်၏ လိုအပ်ချက်အရ ဖြစ်ပေါ်လာသည့် ပုဂ္ဂလိက စာသင်ကျောင်းများ၏ ကောင်းခြင်း၊ ဆိုးခြင်းကို ဇာမချဲ့လို။ ယေဘုယျပြောရသော် ငွေကြေးတတ်နိုင်သူများ၊ ပညာရေးစနစ်၏ ဟာကွက်များကို မလိုလားသူများ၊ အချိန်မပေးနိုင်သည့်မိဘများက သားသမီးများကို ပုဂ္ဂလိကကျောင်းပို့တတ်၏။
ကျွန်တော့်အတွက်မူ ကျောင်းဟုဆိုသော် ကိုယ်တိုင်တက်ရောက်၊ သင်ကြား၊ ခံစားခဲ့ဖူးသော အစိုးရစာသင်ကျောင်းများကိုသာ ပြေးမြင်မိ၏။ ရေးနေရင်းပင် ကျောင်းခန်းသို့ စိတ်ကတစ်ဖန် ပြန်ရောက်မိသည်။ စာသင်သားဘဝ ငယ်ဘဝ၏ ဖြတ်သန်းရာ ပုံရိပ်များကို ပြန်မြင်မိ၏။ ဤသည်ကား နုပျိုသည့်စိတ်တွင် ခိုင်မြဲသည့် တံဆိပ်ခတ်ထားသကဲ့သို့ပင် စွဲမြဲကျန်ရစ်လျက်ရှိသည်။
ကလေးဘဝ အအိပ်မက်၊ အဆော့မက်၍ ကျောင်းသွားခါနီးမှ လွယ်အိတ်ပြင်ရသည့်အခါ ဆွဲမိဆွဲရာ။ ခဲတံမပါ၊ အချိန်စာရင်းတွင် သင်မည့်ဖတ်စာအုပ်မပါ၊ ဗလာစာအုပ်မပါ ဖြစ်ပုံများသည် မဝေးသေးသည့် မနေ့၊ တစ်နေ့ကဖြစ်ရပ်ကဲ့သို့ ရှိသေးသည်။
ကျောင်းခေါင်းလောင်းထိုးခါနီး၍ အပြေးအလွှားသွားရပုံများကို ပြန်တွေးမိလျှင် ချွေးပြန်ချင်သကဲ့သို့ပင်။
ထိုသို့သော အခြေအနေများတွင် အတန်းဖော်များ၏ ဖတ်စာအုပ်ကို ကပ်ကြည့်ပြီး ခဲတံငှါးရေးရသည်။ မုန့်စားဆင်းချိန် ထမင်းချိုင့်မပါ၊ မုန့်ဖိုးမပါသော အတန်းဖော်ကို အချင်းချင်း ခွဲဝေကျွေးမွေးကြသည့် အဖြူထည်မေတ္တာများကို လက်ရှိဘဝတွင် တမ်းတမိသည်။ မြို့နှင့် (၄)မိုင်မျှ ဝေးသည့် ရွာတွင် နေထိုင်သည့် ကျွန်တော့်ဇနီးမှာ တစ်ရွာတည်းမှ သူငယ်ချင်းများနှင့်အတူ စက်ဘီးကိုယ်စီဖြင့် ကျောင်းတက်ကြသည်။ ရံဖန်ရံခါ တစ်ယောက်ယောက် စက်ဘီး ပျက်သွားသည့်အခါ တစ်ဖွဲ့လုံး အတူတကွ ကြံဆကြသည်။
မျှဝေခံစားမှုသည် လူပီသကြောင်း ထောက်ခံစာဖြစ်၏။ မျှဝေခံစားမှုရှိရာရပ်ဝန်းသည် ပစ္စုပ္ပန်တွင် ပျော်မွေ့ရာဖြစ်သကဲ့သို့ အနာဂတ်အတွက်လည်း မျိုးစေ့ကောင်းချပေးနိုင်စွမ်းရှိ၏။ အတိတ်ဖြစ်သွားပါကလည်း ပြန်တွေးချိန်တိုင်း ကြည်နူးစိတ် အကြည်ဓာတ် သက်ရောက်စေနိုင်သည်။
ကလေးဘဝသည် ဖြူစင်၏၊ ပျော့ပျောင်း၏၊ ထို့ကြောင့် ပုံသွင်းလွယ်သည့် ရွံများကဲ့သို့ တင်စားကြသည်။ ကမ္ဘာတွင် ကလေးများတိုက်သော စစ်ပွဲဟူသည်မရှိ။ နောင်လည်းရှိမည်မဟုတ်။ ညစ်ထေးခြင်းမရှိသေးသည့် ရွံအဖြူထည်များကို သူရဲကောင်းရုပ်တု ထုနိုင်သကဲ့သို့ သမိုင်းတရားခံရုပ်တုလည်း ထုနိုင်၏။ ထို့ကြောင့် စာသင်ကျောင်းများသည် မျှဝေခံစားမှုကို မွေးမြူပေးရာနေရာဖြစ်သင့်သည်။ မျှဝေခံစားမှုရှိရာ ရပ်ဝန်းမှန်သမျှ ချမ်းမြေ့ပျော်ရွှင်ဖွယ်ဖြစ်သည်။ ဤကား သဘောတရားသက်သက်မဟုတ်။ လက်တွေ့လည်း ကျပေသည်။
အလုပ်ရှင်က အလုပ်သမားကို မျှဝေခံစားခြင်းမရှိသည့် လုပ်ငန်းခွင်သည် စားဝတ်နေရေး ဖြေရှင်းရာနေရာသက်သက်မျှသာဖြစ်၍ အလုပ်သမားများအဖို့ လွတ်မြောက်ရာအကြောင်းကို အစဉ်အမြဲ ရှာဖွေနေလိမ့်မည်။ အလုပ်ရှင်ဘက်ကလည်း အလုပ်သမားများ ဘဝကို မစဉ်းစား၊ အလုပ်သမားများကလည်း အလုပ်ရှင်အကျိုးကို မစဉ်းစားလျှင် တိုးတက်မှုသည် အဘယ်မျှနည်း။ ဤကား မျှဝေခံစားမှု မရှိခြင်း၏ လုပ်ငန်းခွင် အခြေအနေဖြစ်သည်။
ထိုမျှမကသေး။ ထိုထက် အသေးစိတ်ရလျှင် မိသားစုအတွင်း၌ပင် မျှဝေတတ်ခြင်းမရှိက အိမ်ပူ၊ ရေဆာဖြစ်ပေလိမ့်မည်။ အဖေက အမေ့ကို မစာနာလျှင် သားသမီးများ၏ အရိုသေတန်ခြင်း ခံရတတ်၏။ သားသမီးများကိုပါ ကူးစက်သွားလျှင် မခက်ပြီတကား။
မိသားစုများစွာနှင့် ဖွဲ့စည်းထားသည် တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံအတွက်မူကား ဆိုဖွယ်ရာမရှိပေ။ ငြိမ်းချမ်းရေးကို ဓာတ်ခွဲသော် မျှဝေခံစားတတ်ခြင်းဆိုသည့် ပါဝင်ပစ္စည်းကို မလွဲဧကန်တွေ့ရပေမည်။ တစ်အိမ်ထောင်ချင်းပင် မျှဝေခံစားနိုင်စွမ်းမရှိပါက ဘာသာစကား၊ ယဉ်ကျေးမှု၊ ဒေသန ္တာရ၊ ရာသီဥတု အစရှိသည့် အထွေထွေကွဲလွဲမှုများရှိရာ ပြည်နယ်များ၊ လူမျိုးစုများ၊တိုင်းရင်းသားများကြား ဝေမျှခံစားပြီး တစ်ခရီးတည်းသွားရန် အလှမ်းဝေးပေသည်။
ငြိမ်းချမ်းမှုကို ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး လိုချင်ကြသည်။ သို့ဆိုလျှင် ငြိမ်းချမ်းမှု ဖြစ်တည်ပေါက်ဖွားရာဇစ်မြစ်ဖြစ်သည့်
မျှဝေခံစားမှု မျိုးစေ့ချရန် မဆိုင်းတွသင့်ပြီတကား။
Team (ရိုးရာလေး)