အဓိကနဲ့ သာမည

16.3.2020-1.jpg

အရှေ့တောင်အာရှမှာ Covid-19 ကူးစက်ခံရသူ မရှိသေးတဲ့ နိုင်ငံဆိုလို့ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံပဲ ရှိပါတယ်။ ဒါက ဝမ်းသာစရာပါ။ ဝမ်းသာစရာကောင်းပေမဲ့ ပေါ့ဆလို့တော့ မရပါဘူး။ မြန်မာနိုင်ငံသားအားလုံး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးတဲ့ သတင်းတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး တစ်ဦးတစ်ယောက်ချင်းစီမှာ ကျန်းမာရေးအသိရှိနေဖို့လည်း လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ သင်္ကြန်ပွဲတော်အပါအဝင် ပွဲလမ်းအခမ်းအနားတွေ(မဖြစ်မနေလုပ်ရမယ့် ကိစ္စကလွဲပြီး)၊ လူစုလူဝေးလုပ်တာတွေကို ဆိုင်းငံ့ထားသလို ရုပ်ရှင်ရုံတွေကိုလည်း ယာယီပိတ်ထားပါပြီ။ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ Covid-19 ရောဂါကို တွန်းလှန်ရာမှာ နည်းနည်းလေးတောင် သတိလက်လွတ်ဖြစ်လို့ မရဘူးဆိုတာ တောင်ကိုရီးယား၊ အီတလီ၊ အီရန်နိုင်ငံတွေက သက်သေခံနေပါတယ်။

ကမ္ဘာ့နိုင်ငံနဲ့ ဒေသ ၁၅၈ ခုမှာ Covid-19 ကူးစက်ခံရသူ ၁၆၉၅၃၁ ယောက်ရှိနေပြီး သေဆုံးသူ ၆၅၁၅ ယောက်ရှိပါတယ်။ Covid-19 စတင်ကူးစက်ပျံ့နှံ့တဲ့ တရုတ်နိုင်ငံမှာ ကူးစက်ခံရသူပမာဏ ဆက်တိုက်ကျဆင်းနေပေမဲ့ တခြားနိုင်ငံတွေမှာ ကူးစက်ခံရသူ မြင့်တက်လာလို့ WHO က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာထားရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ လူနာအမှတ်(၃၁)ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်ကြောင့် ဒဲဂုမြို့ ခရစ်ယာန်ဘုရားကျောင်းကနေ ကူးစက်ပျံ့နှံ့သွားခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း တာဝန်ရှိသူတွေကလည်း သူတို့ဘုရားကျောင်းအဖွဲ့ဝင်တွေရဲ့ အမည်၊ လိပ်စာ၊ အချက်အလက်တွေကို မပေးခဲ့လို့ ကူးစက်ပျံ့နှံ့မှုအားကောင်းသွားခဲ့တာပါ။ အီရန်နိုင်ငံကလည်း Covid-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မယ့် စည်းမျဉ်းတွေ အချိန်မီချမှတ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ Covid-19 ကူးစက်ပျံ့နှံ့နေတဲ့ကာလအတွင်း(ဖေဖော်ဝါရီလ ၂၁ ရက်)လွှတ်တော်ရွေးကောက်ပွဲတွေတောင် ကျင်းပခဲ့ပါသေးတယ်။

ပြီးတော့ အမေရိကန်နိုင်ငံရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် Covid-19 ရှိ၊ မရှိ စစ်ဆေးနိုင်မယ့် ကိရိယာ လုံလုံလောက်လောက်မရှိပါဘူး။ အီရန်နိုင်ငံမှာ Covid-19 ကူးစက်ပျံ့နှံ့မှု စတင်တဲ့နေရာက ဘာသာရေးအရ အထွတ်အမြတ်ထားတဲ့ ကွန်း(Qom)မြို့ပါပဲ။ ကွန်းမြို့ကို နှစ်စဉ်နှစ်တိုင်း ဘုရားဖူး သန်း ၂၀ လောက် လာရောက်လေ့ရှိပါတယ်။ တောင်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေရဲ့ Covid-19 ကူးစက်ပျံ့နှံ့မှုတွေမှာ ဘာသာရေး အခမ်းအနားတွေရဲ့ ပယောဂမကင်းတာကို တွေ့ရမှာပါ။ ပွဲလမ်းအခမ်းအနားတွေကို ဆိုင်းငံ့ထားဖို့ လိုသလို ဘာသာရေးအခမ်းအနားတွေကိုလည်း ဆိုင်းငံ့ထားသင့်ပါတယ်။ တခြားနိုင်ငံတွေမှာတော့ လူဘယ်နှစ်ယောက်ထက်ပိုပြီး စုဝေးခွင့်မရှိဆိုတာမျိုး ထုတ်ပြန်ထားကြပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးဘုရား အစရှိတဲ့ ဘာသာရေးနေရာတွေ၊ ဗလီ၊ ခရစ်ယာန်ဘုရားကျောင်း အစရှိတဲ့နေရာတွေကိုလည်း အခြေအနေအရ စည်းကမ်းတင်းကျပ်လုပ်ဆောင်ဖို့ အစီအစဉ် ရေးဆွဲထားသင့်ပါပြီ။

ဘာသာတရားမို့လို့၊ ရိုးရာအစဉ်အလာမို့လို့၊ ယဉ်ကျေးမှုမို့လိုဆိုတာတွေကို ခဏဘေးချိတ်ထားပြီး အရေးအကြီးဆုံး၊ အဓိကအကျဆုံးအချက်ကိုပဲ ရှေးရှုရမယ့် အချိန်ရောက်နေပါပြီ။ အသက်ကို ဉာဏ်စောင့်ဆိုတဲ့ စကားရှိပါတယ်။ ဘုရားရှင်လက်ထက် ဝေသာလီပြည်မှာ အနာရောဂါဘေး၊ ဘီလူးဘေး၊ အစာငတ်မွတ်ခေါင်းပါးမှုဘေးဆိုတဲ့ ဘေးအန္တရာယ်ကြီး(၃)ပါး ကျရောက်ခဲ့တုန်းက ဖြစ်ရပ်ကို ဉာဏ်မီသလောက် တွေးကြည့်ပြီး ဖောက်သည်ချပါရစေ။ ငတ်မွတ်ခေါင်းပါးလို့ လူတွေသေတယ်၊ သေတဲ့လူတွေများလွန်းလို့ စနစ်တကျ မသဂြိုဟ်နိုင်ဘူး၊ ဟိုနား ပစ်၊ ဒီနား ပစ်၊ စွန့်ပစ်ကြလို့ လူသေကောင်တွေကနေ ရောဂါပိုးမွှားတွေ ပျံ့နှံ့ပြီး ကပ်ရောဂါဆိုက်ကြတဲ့ ဝေသာလီပြည်ဖြစ်စဉ်မှာ မြတ်စွာဘုရားက အရှင်အာနန္ဒာကို ရတနသုတ် ပရိတ်တော်ချပေးပြီး မြို့ရိုးသုံးထပ်ထဲမှာ ရွတ်ဆိုစေခဲ့ပါတယ်။ အဲဒီနောက်မှာ မိုးကြီးရွာသွန်းပြီး ဘေးအန္တရာယ်တွေ ကင်းဝေးသွားတယ်လို့ အဆိုရှိပါတယ်။

ဒီဖြစ်စဉ်မှာ မိုးကြီးရွာသွန်းပြီး အလောင်းကောင်တွေ၊ မစင်ကြယ်တာတွေ ရေထဲမျောပါသွားပြီး သန့်ရှင်းစင်ကြယ်သွားတာက အဓိကပဲလို့ တွေးမိပါတယ်(မြတ်စွာဘုရားရှင်ကို ရတနသုတ်ကိုလည်း ဦးခိုက်ပူဇော်ပါတယ်၊ မထီမဲ့မြင်လုပ်လိုခြင်း အလျဉ်းမရှိပါ၊ ဉာဏ်မိရုံသာ စဉ်းစားခြင်းဖြစ်ပါသည်)။ ကပ်ကြီးသုံးပါးဘေးမှာ မြတ်စွာဘုရားရှင်က အဓိကကျတဲ့အချက်ကို ဖြေရှင်းလိုက်တာကို ပြန်လည်နှလုံးသွင်း ဆင်ခြင်ရမှာပါ။

တောင်ကိုရီးယား၊ အီရန်နိုင်ငံရဲ့ ဖြစ်စဉ်တွေအပြင် အီတလီရဲ့ဖြစ်စဉ်မှာလည်း သင်ခန်းစာယူစရာတွေရှိနေပါတယ်။ အခုလို ရေးပြနေတာ ကျွန်တော်တို့ဆီမှာ (လွဲဟ၊ ချော်ဟ၊ ရှောင်ဟ၊ ရှားဟ)ကြုံလာခဲ့ရင် အခြေအနေကို အကောင်းဆုံးထိန်းချုပ်နိုင်ဖို့ပါ။ အီတလီနိုင်ငံရဲ့ ပထမဆုံး Covid-19 လူနာကို ဇန်နဝါရီလ ၂၉ ရက်မှာ တွေ့ရှိခဲ့တာပါ။ အီတလီကို ရောက်လာတဲ့ တရုတ်ခရီးသည် ၂ ယောက်မှာ Covid-19 တွေ့ရှိခဲ့ပြီး ဥရောပရဲ့ လုံခြုံစိတ်ချမှုအရှိဆုံး ကာကွယ်ရေးစနစ် ဖော်ဆောင်ထားပြီးပြီလို့ အီတလီနိုင်ငံအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက် ၂ ရက်အကြာ(ဇန်နဝါရီလ ၃၁ ရက်)မှာ အီတလီဝန်ကြီးချုပ် ကွန်တီက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

အီတလီနိုင်ငံသားတွေထဲမှာ Covid-19 ပထမဆုံး ကူးစက်ခံရသူကတော့ လွန်ဘာဒီပြည်နယ်မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားပါ။ တုပ်ကွေးရောဂါ လက္ခဏာပုံစံရှိလို့ ဖေဖော်ဝါရီလ ၁၇ ရက်က ဆေးရုံရောက်လာတဲ့ အဲဒီအမျိုးသားမှာ Covid-19 ကူးစက်ခံထားရတယ်ဆိုတာကို ဖေဖော်ဝါရီလ ၂၀ ရက်မှာ တွေ့ရှိခဲ့ပါတယ်။ တကယ်တော့ သူ့မှာ Covid-19 ကူးစက်ခံရတယ်ဆိုတာ မတွေ့ရသေးခင်မှာပဲ သူ့ရဲ့ဇနီး၊ သူ တက်နေတဲ့ ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တခြားလူနာတွေကို Covid-19 ကူးစက်ပျံ့နှံ့သွားခဲ့ပါပြီ။ အဲဒီအတွက် ဖေဖော်ဝါရီလ ၂၀ ရက်အထိ ကူးစက်ခံရသူ ၄ ယောက်ပဲရှိခဲ့တဲ့ အီတလီနိုင်ငံဟာ အဲဒီနောက်ပိုင်းမှာ ဆတိုးမြင့်တက်လာခဲ့ပြီး အခုအချိန်မှာ(မတ်လ ၁၆ ရက်) ကူးစက်ခံရသူ ၂၄၇၄၇ ယောက်၊ သေဆုံးသူ ၁၈၀၉ ယောက်အထိ ရှိနေပါတယ်။

အီတလီနိုင်ငံမြောက်ပိုင်းက ချမ်းသာကြွယ်ဝတဲ့ လွန်ဘာဒီပြည်နယ်ကတော့ ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးပါပဲ။ အီတလီကျန်းမာရေးအာဏာပိုင်တွေက အချိန်နောက်ကျပြီးမှ ရောဂါစစ်ဆေးရှာဖွေမှုတွေလုပ်ခဲ့တယ်၊ သူတို့တွေ ရောဂါစစ်ဆေးမှု မလုပ်ခင် ၁၀ ရက်အလိုမှာကတည်းက ရောဂါပျံ့နှံ့သွားခဲ့တာလို့ ဆိုပါတယ်။ တခြားနိုင်ငံတွေလည်း အီတလီနိုင်ငံလို မဖြစ်စေဖို့ သူက သတိပေးထားပါတယ်။ နောက်တစ်ချက်ကတော့ ဆေးရုံတွေမှာ ပျံ့နှံ့သွားတယ်ဆိုတဲ့ အယူအဆပါပဲ။ Covid-19 ရောဂါလက္ခဏာက ရာသီတုပ်ကွေးရောဂါလက္ခဏာတွေနဲ့တူလို့ Covid-19 ကူးစက်ခံထားရသူတွေကို ရာသီတုပ်ကွေးလူနာတွေလို သဘောထားပြီး ကုသပေးမိရာကနေ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကြား ကူးစက်ပျံ့နှံ့သွားခဲ့တယ်ဆိုတာပါပဲ။ အီတလီနိုင်ငံမှာ Covid-19 ကူးစက်ခံရသူရဲ့ ၅ ရာခိုင်နှုန်းက ကျန်းမာရေးဝန်ထမ်းတွေဖြစ်ပါတယ်။

အီတလီနိုင်ငံမှာ အသက်အရွယ်ကြီးမြင့်သူ များပြားတဲ့အတွက် Covid-19 ကြောင့် သေဆုံးသူ များပြားခဲ့တာလို့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Covid-19 က ကိုယ်ခံအားကျဆင်းနေတဲ့ အသက်အရွယ် အိုမင်းသူတွေကို ပိုပြီးထိခိုက်စေလို့ပါပဲ။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ အီတလီနိုင်ငံက တစ်နိုင်ငံလုံး Lockdown(ပိတ်ဆို့)လုပ်လိုက်ရပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း သူတို့ရဲ့နယ်စပ်တွေကို (တချို့နိုင်ငံသားတွေ မဝင်နိုင်အောင်)ပိတ်ဆို့တာမျိုး လုပ်နေကြပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့လည်း အဓိကနဲ့ သာမညကို ခွဲခြားပြီး အသက်ကို ဉာဏ်စောင့်နိုင်ဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top