ပုံရိပ်ယောင်ကမ္ဘာထဲက ပျော်ရွှင်မှုကို ပုဂ္ဂိုလ်ရေးအချက်အလက်တွေနဲ့ လဲလှယ်နေရတာလား

22-6-2020-yyl-043.jpg

ဒီရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာတော့ ယောကျာ်းထုကြီးတစ်ခုလုံး ဆန့်ကျင်ဘက်လိင်တွေလို အသွင်ပြောင်းသွားသလား အောက်မေ့ရအောင် FaceApp ရဲ့ Gender-Swapping filter လုပ်ဆောင်ချက်သစ်က နေရာယူထားပါတယ်။ FaceApp သုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဓာတ်ပုံတွေပြောင်းရင်း စကြ၊ နောက်ကြတာက ကိုဗစ်ကာလ စိတ်ကျဉ်းကြပ်မှုတွေကို အတန်အသင့် သက်သာလျော့ပါးစေပုံပါပဲ။ AI(မှတ်ဉာဏ်တု)အသုံးပြုပြီး ဓာတ်ပုံတွေကို ပြောင်းလဲပေးနိုင်တဲ့ FaceApp ကို ၂၀၁၇ ခုနှစ်မှာ ရုရှားနိုင်ငံအခြေစိုက် Developer တစ်ယောက်က ဖန်တီးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း မျက်နှာပုံကြည့်ပြီး အသက်ခန့်မှန်းတာ၊ အသက် ၅၀၊ ၆၀ ၇၀ အရွယ်မှာ ကိုယ့်မျက်နှာပုံစံ ဘယ်လိုဖြစ်နေမလဲလို့ ဖော်ပြတာ စတဲ့ လုပ်ဆောင်ချက်တွေက ရေပန်းစားခဲ့ဖူးပါတယ်။ ဒီနှစ်မှာတော့ ယောကျာ်းလေးတွေကို မိန်းကလေးလို အသွင်ပြောင်းလိုက်ရင် ဘယ်လိုပုံစံဖြစ်သွားမလဲဆိုတဲ့ လုပ်ဆောင်ချက် လူသုံးများခဲ့ပါတယ်။

FaceApp က ယူဆောင်လာတဲ့ ပျော်ရွှင်မှုတွေ နောက်ကွယ်မှု စိုးရိမ်မကင်းဖြစ်စရာ အကြောင်းအရင်းတွေလည်း ရှိနေပါတယ်။ ဒါကတော့ ကိုယ့်ရဲ့အချက်အလက်တွေ ချိုးဖောက်ခံရမလားဆိုတာ မေးခွန်းပါပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း အလားတူမေးခွန်းမျိုး ထွက်ပေါ်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကဆိုရင် FaceApp နဲ့ပတ်သက်ပြီး FBI က သတိပေးချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။ FaceApp နဲ့ ရုရှားနိုင်ငံထုတ် App တွေက တန်ပြန်ထောက်လှမ်းရေးခြိမ်းခြောက်နိုင်စွမ်းရှိတယ်လို့ သတိပေးခဲ့တာပါ။ ဒီတစ်ပတ်မှာလည်း ဝါရှင်တန်ပို့စ်သတင်းစာက FaceApp က ဘယ်လိုအချက်အလက်တွေ ရယူသလဲ၊ အဲဒီသတင်းအချက်အလက်တွေကို ဘယ်မှာသုံးလဲ၊ ဘယ်သူတွေက ရယူခွင့်ရှိလဲ၊ အသုံးပြုသူတွေက ကိုယ့်ရဲ့အချက်အလက်တွေကို ဘယ်လိုဖျက်ပစ်နိုင်သလဲဆိုတဲ့ မေးခွန်းတွေအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးထားပါတယ်။

FaceApp က စသုံးပြီဆိုတာနဲ့ အသုံးပြုသူရဲ့ဓာတ်ပုံဖိုင်(Image Libary)တွေထဲကို ဝင်ရောက်ကြည့်ရှု အသုံးပြုခွင့်တောင်းပါတယ်။ အဲဒါကို ဖွင့်ပေးမှ သုံးလို့ရတာပါ။ Camera ကိုလည်း ဝင်ရောက်ကြည့်ရှု အသုံးပြုခွင့်တောင်းပါတယ်၊ အဲဒီတော့ ကိုယ် ဖုန်းထဲမှာ ရှိသမျှ ဓာတ်ပုံတွေကို သူတို့က လှမ်းကြည့်လို့ရတယ်။ ပြီးတော့ ဓာတ်ပုံထဲမှာပါတဲ့ အရာတွေကိုလည်း Scan ဖတ်နိုင်လို့ ဓာတ်ပုံထဲမှာ ဘာအင်္ကျီဝတ်ထားလဲ၊ ဘယ်ရောက်နေလဲဆိုတာမျိုးအထိ သိခွင့်ရနိုင်ပါတယ်။ အဲဒီအချက်အလက်တွေကို ဈေးကွက်ထဲ မရောင်းပါဘူးလို့ Faceapp ရဲ့ CEO ဂွန်ချာရော့ဗ်က အာမခံထားပေမဲ့ စိုးရိမ်စရာတော့ ရှိနေဆဲပါ။

တကယ်လို့ FaceApp ကို ကြားခံပလက်ဖောင်းတစ်ခုခု ဒါမှမဟုတ် ဖေ့ဘွတ်ခ်လို လူမှုကွန်ရက်ကနေ ဝင်ရောက်အသုံးပြုမယ်၊ ချိတ်ဆက်ထားမယ်ဆိုရင် ကြားခံပလက်ဖောင်း ဒါမှမဟုတ် လူမှုကွန်ရက်ပေါ်က အချက်အလက်တချို့ကို ရယူခွင့်ရှိနေပါတယ်။ ဥပမာ လူမှုကွန်ရက်ပေါ်က ကိုယ့်ရဲ့ နာမည်၊ မိတ်ဆွေအရေအတွက် အစရှိတဲ့အချက်တွေပေါ့။ ဒါ့အပြင် FaceApp ကို ဝင်ရောက်အသုံးပြုတဲ့ ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းရဲ့ Operating System ၊ ဗားရှင်းနံပါတ်၊ ထုတ်လုပ်တဲ့ကုမ္ပဏီ၊ မော်ဒယ်အမှတ်၊ ID၊ ကြော်ငြာနဲ့ပတ်သက်တဲ့ ID ၊ Browser အမျိုးအစား၊ IP လိပ်စာ၊ FaceApp ကို မဝင်ခင် နောက်ဆုံးဝင်ရောက်ခဲ့တဲ့ ဝက်ဘ်ဆိုက်၊ ဝင်ရောက်ကြည့်ရှုထားတဲ့ Page ဒါမှမဟုတ် Screen တွေနဲ့ အဲဒါတွေကို အချိန်ဘယ်လောက်ကြာအောင် ကြည့်ခဲ့တယ်၊ Page ဒါမှမဟုတ် Screen တွေပေါ်မှာ Click ဘယ်နှစ်ချက်နှိပ်တယ်၊ Tab ဘယ်နှစ်ခုဖွင့်တယ်ဆိုတဲ့ အချက်အလက်တွေကိုလည်း ရယူခွင့်ရှိနေပါတယ်။

ဆလိုဗက်ကီးယား ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ (ESET)ရဲ့ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင် ဂျိတ်မိုးရဲ့ သတိပေးစကားကလည်း စဉ်းစားစရာပါပဲ။ ” App တစ်ခုကို အလကားသုံးခွင့်ရတယ်ဆိုရင် အဲဒီ App ပိုင်ရှင်အတွက် ဘာပြန်ရလဲ၊ သူတို့ ဘယ်လိုပိုက်ဆံရှာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲမေးခွန်းထုတ်သင့်တယ်”လို့ ဂျိတ်မိုးက ဆိုပါတယ်။ FaceApp ကလည်း တခြားအခမဲ့သုံးခွင့်ရတဲ့ App တွေလိုပဲ ကြော်ငြာတွေ ပါဝင်နေပါတယ်။ FaceApp က အသုံးပြုသူတွေရဲ့ ဓာတ်ပုံတွေကို အနာဂတ်ကာလမှာ အသုံးပြုဖို့ သိမ်းထားနိုင်တယ်လို့တွေးရင် အတွေးခေါင်လွန်းတယ်လို့ မဆိုနိုင်ပါဘူး။ မျက်နှာသွင်ပြင်ခွဲခြားမှတ်သားမှုနည်းပညာ(Facial Recognition)အတွက် ဒီဓာတ်ပုံတွေကို အသုံးပြုနိုင်သလားဆိုတဲ့ မေးခွန်းကိုတော့ ဂွန်ချာရော့ဗ်(Goncharov)က ငြင်းဆန်ထားပါတယ်။ ‘ ဓာတ်ပုံတွေကို ပြုပြင်ပြောင်းလဲပေးရုံကလွဲပြီး တခြားဘာရည်ရွယ်ချက်အတွက်မှ မသုံးဘူး၊ ဓာတ်ပုံပြုပြင်ပြီးရင် ၂၄ နာရီကနေ ၄၈ နာရီအတွင်း သူတို့ရဲ့ cloud servers ထဲမှာရှိတဲ့ ဓာတ်ပုံတွေကို ပြန်ဖျက်ပေးတယ်’လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဒေတာတွေ ဖျက်ပစ်တဲ့အပိုင်းကတော့ ထင်သလောက် မရိုးရှင်းပါဘူး။ အသုံးပြုသူတွေအနေနဲ့ FaceApp ကို ဖုန်းထဲကနေ ဖျက်ပစ်လိုက်ရုံနဲ့ ကိုယ့်ဓာတ်ပုံတွေ ပျက်သွားမှာမဟုတ်ပါဘူး။ Cloud ထဲမှာ သိမ်းထားတဲ့ဓာတ်ပုံတွေ ကျန်ရှိနေနိုင်ပါသေးတယ်။ အသုံးပြုသူတွေအနေနဲ့ FaceApp ရဲ့ ဆာဗာထဲက ဒေတာတွေ အကုန်လုံးကို ဖျက်ပေးဖို့ တောင်းဆိုနိုင်ပေမဲ့ လုပ်ရမယ့်အဆင့်တွေက ရှုပ်ထွေးများပြားတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ ဆောင်းပါးထဲမှာ ရေးသားထားပါတယ်။

မကြာသေးခင်အချိန်အတွင်း FaceApp က ကိုယ်ရေးအချက်အလက်မူဝါဒကို အသစ်ပြင်ဆင်ထားပြီး ပိုတင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ခဲ့ပါတယ်။ အသုံးပြုသူတွေ upload လုပ်ခဲ့တဲ့ ဓာတ်ပုံတွေကို App ထဲမှာ ဓာတ်ပုံပြုပြင်ဖို့ကလွဲပြီး တခြားဘာရည်ရွယ်ချက်အတွက်မှ မျှဝေတာ၊ ပြန်အသုံးပြုတာမျိုး လုပ်မှာမဟုတ်ဘူးလို့ အတိအလင်း ဖော်ပြထားပါတယ်။ အဲဒီလိုစည်းမျဉ်းထုတ်ထားပေမဲ့ FaceApp က စိုးရိမ်စရာမရှိတော့ဘူးလို့တော့ မဆိုနိုင်ပါဘူး။ ဂူဂဲလ်နဲ့ ဖေ့ဘွတ်ခ်တို့လို အခမဲ့သုံးခွင့်ရတဲ့ တခြားဝန်ဆောင်မှုတွေမှာလည်း ကိုယ့်ရဲ့ဒေတာတွေကို ပေးနေရတာပါပဲ။ ဒီနေရာမှာ သတိချပ်သင့်တာက လူမှုကွန်ရက်၊ ဝက်ဘ်ဆိုက်နဲ့ App တွေဟာ အသုံးပြုသူတွေအတွက် ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေတယ်ဆိုတဲ့အချက်ပါ။

လူမှုကွန်ရက်၊ ဝက်ဘ်ဆိုက်နဲ့ App တွေ အသုံးပြုကြတဲ့အခါ သဘောတူရမယ့်အချက်တွေကို ဂရုတစိုက် ဖတ်ရှုကြဖို့ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင် ဂျိတ်မိုးက အကြံပြုထားပါတယ်။ ဒါမှသာ ကိုယ့်ရဲ့အချက်အလက်တွေ ဘယ်လောက်အထိ ပါသွားမလဲ၊ ဒီအချက်အလက်တွေကို ဘယ်လိုသိမ်းဆည်းထားမှာလဲ၊ ဘယ်နေရာမှာ ပြန်အသုံးချမှာလဲ ဆိုတဲ့ ကိစ္စတွေကို သတိပြုနိုင်မှာပါ။ နည်းပညာဖွံ့ဖြိုးမှု အဆမတန်အားကောင်းလာတဲ့ ဒီနေ့ခေတ်ကာလမှာ Virtual World လို့ ‌ခေါ်ဆိုကြတဲ့ ပုံရိပ်ယောင်ကမ္ဘာထဲက ပျော်ရွှင်မှုရဖို့အတွက် လက်တွေ့ဘဝထဲက ပုဂ္ဂိုလ်ရေးအချက်အလက်တွေနဲ့ အလဲအထပ်လုပ်နေရသလားဆိုတာကတော့ ကျွန်တော်တို့အားလုံး ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တဲ့ မေးခွန်းတစ်ခုပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top