(၁) မြန်မာမှုနယ်ပယ်မှာ လူလူချင်းပေါင်းသင်းဆက်ဆံမှုနဲ့ ပတ်သက်လို့ ချစ်စရာကောင်းတဲ့ အခေါ်အဝေါ်၊ အသုံးအနှုန်းလေးတွေနဲ့ အားလုံးရင်းနှီးကြပြီးသားမို့လား။လူမမယ် ဗုစုခရုလေးကတည်းက သူ့အမေ၊ ကိုယ့်အမေနို့ အတူစို့ ကြီးပြင်းခဲ့ကြရင် နို့စို့ဘက်တဲ့။ အရွယ်ငယ်လေးကစ အတူတကွ ကစားခုန်စား ပျော်မြူးလာကြတော့ ငယ်ပေါင်းကြီးဖော်။စာသင်ကျောင်းခေါင်းလောင်းသံတွေကြားမှာ သွားအတူ၊ လာအတူ၊ စာတွေလည်း အတူတူသင်အံခဲ့ကြရင် ကျောင်းသွားဖော်သူငယ်ချင်းတဲ့။ နောက် လုပ်ငန်းခွင်ထဲရောက်ချိန်မှာ တွေ့ဆုံဆက်ဆံလာရတဲ့ လုပ်ဖော်ကိုင်ဘက်၊ ရဲဘော်ရဲဘက်၊ သေဖော်ရှင်ဘက်၊ အိုးစားဘက် …စတဲ့စတဲ့ ခေါ်ဝေါ် အသိအမှတ်ပြုမှုတွေနဲ့အတူ သူငယ်ချင်း သံယောဇဉ်တွေ အမြစ်တွယ်လာတတ်ကြတယ်။
ဒီလို ခင်မင်ရင်းနှီးမှုပုံစံအမျိုးမျိုးနဲ့ ကျွန်တော်တို့တွေ ဖြတ်သန်းလာရာ လမ်းတစ်လျှောက် တွေ့ဆုံခဲ့ရတဲ့ အပေါင်းအသင်းမိတ်ဆွေ သူငယ်ချင်းတွေဆိုတာ မနည်းပါဘူး။ လူ့ဘဝထဲရှင်သန်ဖြစ်တည်နေသမျှလည်း လူမှုဆက်ဆံရေး နယ်ပယ်ထဲက မိတ်ဆွေသစ်၊ မိတ်ဆွေဟောင်းတွေနဲ့ အကြောင်းသင့်၊ ဆက်ဆံနေရဦးမှာပါပဲ။ဒီတော့ သူငယ်ချင်းဆိုတဲ့အဓိပ္ပာယ်မှာ ဘယ်လိုနွေးထွေးမှုတွေ ပါဝင်နေသလဲ။ လူတစ်ယောက်ရဲ့ဘဝမှာ မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးပါလဲ။ လူမှုဆက်ဆံရေးနယ်ပယ်မှာ မိတ်ကောင်းဆွေမွန်ဆိုသူတွေကို ဘယ်လိုများ တိုင်းတာ၊ ရှာဖွေကြည့်ရပါ့။’သူငယ်ချင်း’ဆိုတဲ့ ခေါ်သံရဲ့ နောက်ကွယ်မှာ တွေးဆ၊ ဆင်ခြင်စရာလေးတွေ အသေအချာ ရှိနေပါသေးတယ်။
(၂)’သူငယ်ချင်း’အဓိပ္ပာယ်နဲ့ပတ်သက်ပြီး ရင်ထဲကို နွေးနွေး၊ နင့်နင့်လေး ဖြစ်သွားစေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။တစ်ခါတုန်းက တိုက်ပွဲပြင်းထန်နေတဲ့ စစ်မြေပြင်တစ်နေရာမှာ တပ်သားတစ်ယောက်ဟာ သူ့ရဲ့အထက်အရာရှိဆီကို ရေးကြီးသုတ်ပျာ ပြေးလာပါတယ်။’တိုက်ပွဲဖြစ်တဲ့နေရာကနေ ကျွန်တော့်သူငယ်ချင်း ခုထိ ပြန်ရောက်မလာသေးဘူး ဗိုလ်ကြီး။ ကျွန်တော် သူ့ကို သွားကယ်မှဖြစ်မယ်။ သူ့ကို စစ်မြေပြင်ကနေ ဆွဲထုတ်လာခွင့်ပြုပါ ဗိုလ်ကြီး’။တပ်သားလေးရဲ့စကားအဆုံးမှာ အထက်အရာရှိက ‘ခွင့်မပြုနိုင်ဘူး’လို့ ခပ်ပြတ်ပြတ် ငြင်းလိုက်တယ်။’ဟိုမှာ မင်း သူငယ်ချင်းက ကျဆုံးရင် ကျဆုံးနေလောက်ပြီ။ဒီလိုမျိုး အသက်မရှိတော့တာ သေချာသလောက် ဖြစ်နေတဲ့ လူတစ်ယောက်အတွက် မင်းရဲ့အသက်နဲ့လဲပြီး ငါ ခွင့်မပြုနိုင်ဘူး’ လို့ ငြင်းလိုက်တာပါ။
ရဲဘော်ရဲဘက်စိတ်အပြည့်ရှိတဲ့ တပ်သားလေးဟာ သူ့ဗိုလ်ကြီးရဲ့စကားကို မကြားဟန်ဆောင်၊ နားထောင်မနေတော့ဘဲ စစ်မြေပြင် သေနတ်သံတွေထဲ ရဲရဲ တိုးဝင်သွားပါတော့တယ်။ သိပ်မကြာခင်မှာ သေလောက်အောင် ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ ပြန်ရောက်လာခဲ့ပြီး သူကိုယ်တိုင် သွေးသံရဲရဲကြားထဲကနေ သူ့သူငယ်ချင်းတပ်သားရဲ့အလောင်းကို ဆွဲထုတ်လာခဲ့တာပါ။ တပ်သားလေးရဲ့အဖြစ်ကို မချိတင်ကဲဖြစ်မိတဲ့ အထက်အရာရှိက ‘မင်း သူငယ်ချင်း အသက်ရှင်မှာမဟုတ်ဘူးလို့ ငါမပြောဘူးလား။ အခုတော့ မင်းအသက်ကိုပါ ထပ်ပြီး ဆုံးရှုံးရတော့မယ်။ သေနေတဲ့ အလောင်းကောင် တစ်ကောင်အတွက် ကိုယ့်အသက်ကို စွန့်လိုက်ရတာ အဓိပ္ပာယ်ရှိရဲ့လားကွာ’လို့ မေးလိုက်ပါတယ်။သူကိုယ်တိုင် သေအံ့မူးမူးအချိန်မှာ တပ်သားလေးပြောလိုက်တဲ့စကားက တကယ့်ကို ထိထိရှရှ။’အဓိပ္ပာယ် ရှိပါတယ် ဗိုလ်ကြီး။ ကျွန်တော် သူ့ဆီကို ရောက်သွားတဲ့အချိန်မှာ သူ မသေသေးဘူး။ ကျွန်တော့်ကို မြင်လိုက်တာနဲ့ သူ ပြုံးပြီးပြောတယ် ဗိုလ်ကြီး။ မင်း ငါ့ကို ဒီအတိုင်းထားခဲ့မှာမဟုတ်ဘူးဆိုတာ ငါသိပါတယ် သူငယ်ချင်းရာတဲ့’။
အထက်က ဇာတ်လမ်းလေးကို ကြားရပြီးတဲ့နောက် ကျွန်တော့်ခေါင်းထဲ ရောက်လာတာကတော့ ”A friend in need is a friend indeed.” ဆိုတဲ့ စကားပုံလေးပါပဲ။ လောကဓံစစ်မြေပြင်ထဲ ဘဝတိုက်ပွဲဝင်နေကြတဲ့ လူသားတွေရဲ့ဘဝမှာအနည်းဆုံး သူငယ်ချင်းစစ်စစ်တစ်ယောက် လောက်ရှိဖို့ လိုအပ်သလို သူငယ်ချင်းအဆင့်ကနေ ရဲဘော်ရဲဘက်၊ အဲဒီကနေမှ သေဖော်ရှင်ဘက်ဖြစ်လာတဲ့အထိ ယုံကြည်ရင်းနှီးလို့ရနိုင်တဲ့ မိတ်ဆွေကောင်းတွေ ရှိဖို့လိုအပ်တဲ့အကြောင်းလည်း ထပ်တွေးဖြစ်ပြန်တယ်။ လူမှုဗေဒဆိုင်ရာ ကျင့်ဝတ်နည်းနာတွေနဲ့ပတ်သက်ပြီး ထောင့်စေ့အောင် လမ်းညွှန်ထားတဲ့ ဗုဒ္ဓဒေသနာတော်တွေထဲမှာလည်း ‘ကလျာဏမိတ္တ’လို့ဆိုတဲ့ မိတ်ဆွေစစ်တွေအကြောင်း ဟောကြားထားတာ စာရှုသူ တွေ့ရမှာပါ။
(၃) လူတစ်ယောက် ကြီးပွားတိုးတက်ဖို့ အခြေခံအင်္ဂါရပ်နှစ်ချက် ရှိရမယ်လို့ မြတ်စွာဘုရားရှင်က ဟောကြားပါတယ်။ လောက၊ သံသရာ နှစ်ဖြာကြီးပွားရေးအတွက် အင်္ဂါရပ်နှစ်ချက်က ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်းရှိဖို့နဲ့ ယောနိသော မနသိကာရ- မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်တတ်မှုရှိဖို့ ဖြစ်ကြောင်း မှတ်သားနာယူရပါတယ်။ တကယ့် လူ့ဘောင်လောကမှာလည်း ကိုယ်ကိုယ်တိုင်က ငွေကြေးဥစ္စာ အရင်းအနှီးမရှိပေမယ့် ကိုယ့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသား၊ ကြိုးစားမှုကိုယုံကြည်တဲ့ မိတ်ဆွေသူငယ်ချင်းရဲ့ ပံ့ပိုးမြှင့်တင်ပေးမှုကြောင့် အလျင်အမြန် ကြီးပွားသွားကြသူတွေကို မြင်နိုင်ပါတယ်။ မိတ်ဆွေကောင်း အင်္ဂါရပ်တွေမှာတော့ မိမိကို အင်မတန် ပေးနိုင်ခဲတဲ့အရာ ပေးတတ်တယ်၊ အင်မတန်ပြုနိုင်ခဲတဲ့ အမှုမျိုး၊ အကူအညီမျိုး ကူညီလုပ်ဆောင်ပေးတတ်တယ်၊ မိမိဘက်က ပြောမှား၊ ပြုမှားရှိတဲ့ကိစ္စရပ်တွေကိုလည်း ခွင့်လွှတ် သည်းခံတတ်တယ်ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် မိတ်ကောင်းဆွေမွန်ဆိုတာ သဒ္ဓါတရားနဲ့ ပြည့်စုံခြင်း၊ စင်ကြယ်တဲ့ သီလရှိခြင်း၊ အကြားအမြင် ဗဟုသုတများခြင်း၊ ကိုယ့်မိတ်ဆွေအပေါ် မနာလိုဝန်တိုမှု ကင်းခြင်း၊ အသိဉာဏ်ပညာနဲ့ပြည့်စုံခြင်း ဆိုတဲ့အချက်တွေနဲ့ ပြည့်စုံနေရမယ်လို့လည်း မှတ်သားရပါတယ်။
ဒီနေရာမှာ တစ်ဘဝ တစ်နပ်စာသာမက နောင်သံသရာအတွက်ပါ ထည့်တွက်စဉ်းစားရမယ့် ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ အထူးအလေးအနက်ထားသင့်တာက မိတ်ဆွေစစ် မိတ်ဆွေကောင်းတွေဟာ ကိုယ့်သူငယ်ချင်း ကိုယ့်မိတ်ဆွေနဲ့ပတ်သက်လာရင် လက်ရှိဘဝ ကြီးပွားတိုးတက်ရေးတင်မက၊ သံသရာ ဘဝနောင်ရေးအတွက်ပါ ထည့်တွက်စဉ်းစားပေးရတယ် ဆိုတာပါ။ ကိုယ့်မိတ်ဆွေရဲ့ စိတ်သန္တာန်မှာ တရားဓမ္မအမြင် မရှိသေးဘူးဆိုရင် ဓမ္မဘက်စိတ်ညွတ်လာအောင်၊ တရားအသိတွေ နှလုံးသွင်းဆင်ခြင်၊ ကျင့်ကြံပွားများလာအောင် ဆွဲခေါ် ညွှန်ပြပေးရမှာက သူငယ်ချင်းကောင်း၊ ဓမ္မမိတ်ဆွေတွေရဲ့ ဝတ္တရားပဲဖြစ်ပါတယ်။ ဒီအတွက်လည်း ‘လူပုဂ္ဂိုလ်၊ ရဟန်းတစ်ပါးအနေနဲ့ မြတ်သောအကျင့်ကိုကျင့်ပြီး တရားထူးရဖို့၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ဖို့အတွက် မိတ်ကောင်းဆွေကောင်းရှိခြင်းက ရာနှုန်းပြည့် အကျိုးပြုနိုင်တယ်’လို့ ဗုဒ္ဓမြတ်စွာက အရှင်အာနန္ဒာကို မိန့်ကြားတော်မူခဲ့တာပါ။
(၄) အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်တဲ့ လူ့ဘောင်လောက ထုံးစံအတိုင်း လောကမှာ ကောင်းတဲ့လူတွေရှိသလို မကောင်းတဲ့ လူတွေလည်း ရှိနိုင်ပါတယ်။ ဒီအတိုင်းပါပဲ။ လူမှုပတ်ဝန်းကျင်မှာ တစ်ဦးနဲ့တစ်ဦး၊ မိတ်ဆွေတစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံကြတဲ့အခါ တကယ့်ရင်ဘတ်အစစ်နဲ့ နှစ်လို ပေါင်းသင်းတတ်တဲ့ မိတ်ဆွေစစ်စစ်တွေ ရှိသလို ပါးစပ်ဖျားနဲ့ ပေါင်းတတ်တဲ့ အပေါ်ယံ သူငယ်ချင်းတွေလည်း ရှိတတ်ပါတယ်။
”Success has many friends.” စကားပုံအတိုင်း ကိုယ် အောင်မြင်ကြီးပွားနေတဲ့အချိန်မှာ အပေါင်းအသင်းမိတ်ဆွေတွေ ဝိုင်းဝိုင်းလည်နေသလောက် ကိုယ်ကျရှုံး လဲပြိုသွားလို့ ကူညီဖေးမမှုလိုတဲ့အချိန်မှာ စွန့်ခွာထွက်ပြေးသွားတဲ့ အတုအယောင်မိတ်ဆွေတွေကို ကြုံတွေ့ရတတ်တာဟာ ဖြစ်တတ်တဲ့ သဘာဝတစ်ခုလို့ ဆိုရမယ်ထင်ပါရဲ့။ ဒီအဖြစ်သနစ်နဲ့ပတ်သက်ပြီးလည်း သင်ခန်းစာယူစရာ ပုံပြင်လေးတစ်ပုဒ် ရှိပါတယ်။တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက် တောအုပ်ကြီးတစ်ခုကို ဖြတ်သန်းသွားကြတာပေါ့။ သူတို့နှစ်ယောက်မှာ တစ်ယောက်က လက်ဗလာဖြစ်ပြီး ကျန်တဲ့တစ်ယောက်ကတော့ သူ့မှာ ကာကွယ်တိုက်ခိုက်စရာ လက်နက်လည်း ပါလာပါတယ်။
တောအုပ်ထဲဖြတ်သန်းရင်း ဘာအန္တရာယ်၊ အတားအဆီးမှ မတွေ့ခင်အချိန်တုန်းကတော့ လက်နက်ပါလာတဲ့ သူငယ်ချင်းရဲ့စကားတွေက တကယ့်ကို အားကိုးချင်စရာ။’သူငယ်ချင်း။ မင်း ဘာမှမကြောက်နဲ့။ င့ါမှာ လက်နက် ပါလာတယ်။ ဒီတောအုပ်ထဲမှာ ကျားပဲတွေ့တွေ့၊ ဆင်ပဲတွေ့တွေ့ ငါ ကာကွယ်ပေးနိုင်ပါတယ်ကွာ’တဲ့။ပြောလို့မှ မဆုံးသေးဘူး။ လမ်းတစ်ကွေ့မှာ သူတို့ဆီကို တောဝက်ကြီးတစ်ကောင် လာနေတယ်ဆိုတာသိလိုက်တာနဲ့ ဆိုခဲ့တဲ့သူငယ်ချင်းဟာ လက်ဗလာနဲ့ တစ်ယောက်ကို ထားခဲ့ပြီး သစ်ပင်ပေါ် တက်ပြေးတော့တာပါပဲ။ဒါနဲ့ပဲ လက်ဗလာနဲ့လူလည်း အရေးပေါ်အကြံထုတ်ပြီး မြေပြင်ပေါ်ကို လှဲအိပ်လိုက်တယ်။ လှုပ်လည်း မလုပ်၊ အသက်လည်း လုံးဝမရှူဘဲ လူသေကောင်ယောင်ဆောင်ပြီး မြေကြီးပေါ်မှာ လှဲအိပ်နေခဲ့တာပါ။အနားရောက်လာတဲ့တောဝက်ကြီးက လှဲအိပ်နေတဲ့လူကို ဟိုဘက်တို့ကြည့်၊ ဒီဘက်နမ်းကြည့်လုပ်ပြီး ဒီအတိုင်း ထွက်သွားပါသတဲ့။ (အသေကောင်မှတ်ပြီး ဘာမှ ရန်မပြုတော့ဘဲ ထွက်သွားတဲ့သဘောပါ။) တောဝက်ကြီးအဝေးကို ရောက်သွားပြီဆိုမှ သစ်ပင်ပေါ်က လူဆင်းလာပြီး အသက်မသေဘဲ လွတ်မြောက်ခဲ့ရတဲ့ သူ့သူငယ်ချင်းကို မေးပါတော့တယ်။
‘တောဝက်ကြီးက မင်းအနားကပ်ပြီး တစ်ခုခု ပြောသွားတယ် ထင်တယ်။ ဘာပြောသွားတာလဲ သူငယ်ချင်းရဲ့’။’အေး၊ ဟုတ်တယ်။ အန္တရာယ်တစ်စုံတရာ ကျရောက်လာတဲ့အချိန်မှာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးတတ်တဲ့ မိတ်ဆွေတုတွေနဲ့ နောက်တစ်ခါ ဘယ်တော့မှ ခရီးအတူမသွားနဲ့လို့ တောဝက်ကြီးက ငါ့ကို ပြောသွားတာ’တဲ့။ဒီလောက်ဆိုရင် ကျွန်တော်တို့ဖြတ်သန်းရာ ဘဝခရီးလမ်းမှာ တွေ့ကြုံရမယ့် သူငယ်ချင်းမိတ်ဆွေတွေအကြောင်း စာလုံးပေါင်း ကြည့်လို့ ရနိုင်ပြီထင်ပါတယ်။ ‘ကဲ ..ဒါဆို မိတ်ဆွေစစ် မိတ်ဆွေကောင်းတွေ ရအောင် ဘယ်လိုရှာမလဲ’ဆိုတဲ့ မေးခွန်း မေးစရာရှိပါတယ်။ အဲဒီမေးခွန်းအတွက် အဖြေကလည်း ရိုးရှင်းပါတယ်။ ဘဝမှာ မိတ်ဆွေ စစ်စစ်တွေနဲ့ပဲ ဖြတ်သန်းပျော်ရွှင်သွားချင်တယ်ဆိုရင် အရင်ဆုံး ကိုယ်ကိုယ်တိုင်က တစ်ပါးသူအတွက် စိတ်ကောင်းနှလုံးကောင်းနဲ့ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားကြည့်ဖို့ပါပဲ။
ကျွန်တော်ကတော့ မိတ်ကောင်းဆွေမွန်တွေအကြောင်း စဉ်းစားမိတဲ့အခါတိုင်း စစ်မြေပြင်ထက်က ဒဏ်ရာဒဏ်ချက်တွေနဲ့ ရဲဘော်တစ်ယောက်ရဲ့ နောက်ဆုံးစကားလေးကို ကြားယောင်မိနေတုန်း။ ‘မင်း ငါ့ကို ဒီအတိုင်းထားခဲ့မှာမဟုတ်ဘူးဆိုတာငါသိပါတယ် သူငယ်ချင်းရာ’။
မိုးအောင်လင်းနိုင် (ရိုးရာလေး)