ပျော်ရွှင်စရာ မိသားစုဘ၀ ဖန်တီးဖို့ နှလုံးသွင်းထားရမယ့် တန်ဖိုးများ

20160823_family_large.jpg

ပျော်ရွှင်စရာ ကမ္ဘာကြီးဖန်တီးဖို့ မိသားစုတိုင်း ပျော်ရွှင်နေဖို့ လိုပါတယ်။

ပျော်ရွှင်စရာ မိသားစုတစ်စု ဖန်တီးနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာက အဓိကကျပါတယ်။ မိသားစု တစ်စုရဲ့ နေ့စဉ်ပြုမူလှုပ်ရှားမှုတွေမှာ အဲဒီမိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ထင်ဟပ်နေပြီး နှလုံးသွင်းထားတဲ့ စိတ်တန်ဖိုးတွေ ခိုင်မာမှ ပျော်ရွှင်စရာ မိသားစုဘ၀ တည်ဆောက်နိုင်မှာပါ။ စိတ်တန်ဖိုးဆိုတာ တန်ဖိုးထားရမယ့် စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေကို ဆိုလိုတာဖြစ်ပါတယ်။

(၁)ချစ်ခြင်းမေတ္တာ နှလုံးသွင်းပါ
စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုတွေမှာ ချစ်ခြင်းမေတ္တာက အခြေခံအကျဆုံးဖြစ်ပြီး မိသားစုတစ်စုအတွက်(ဒါမှမဟုတ်)ဘာသာရေး အဆုံးအမအတွက် အရေးအကြီးဆုံး အစိတ်အပိုင်းပါ။ ရင်ထဲမှာ ချစ်ခြင်းမေတ္တာ ထည့်မထားနိုင်တဲ့အခါ တစ်ယောက်ယောက် အမှားလုပ်တာနဲ့ ပြစ်ဒဏ်ခတ်ဖို့ အတွေးရောက်တတ်ပါတယ်။ ချစ်ခြင်းမေတ္တာထည့်ထားနိုင်ရင်တော့ အဲဒီလို တွေးမိမှာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ ချည်နှောင်ထားတဲ့ မိသားစုတစ်စုဟာ ပြိုကွဲဖို့ ခဲယဉ်းပါတယ်။ မရှိသလောက်ပါပဲ။ ဆက်လက်ဖော်ပြထားတဲ့ အရာတွေအတွက်လည်း ချစ်ခြင်းမေတ္တာက အခြေခံအုတ်မြစ်ပါ။ ရင်ထဲမှာ ချစ်ခြင်းမေတ္တာ မရှိရင် ကျန်တဲ့အရာတွေကို နှလုံးသွင်း တန်ဖိုးထားနိုင်မှာ မဟုတ်ပါဘူး။

(၂) ရန်ငြိုးပယ်သတ်၊ သည်းခံလျက်

အချို့မိသားစုတွေမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲတာ၊ ကတောက်ကဆ ဖြစ်တာမျိုးရှိကြပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ အချို့တွေက မိသားစု ဆက်ဆံရေးရဲ့ အခြေခံအုတ်မြစ်ကို ပြိုကွဲစေမယ့် အငြိုးထားမှု(ဒါမှမဟုတ်) စိတ်အစိုင်အခဲတွေကို ရင်ထဲသိမ်းထားလေ့ရှိပါတယ်။ ဒီအချက်ကို ရှောင်ရမှာပါ။ ချစ်ခြင်းမေတ္တာရှိတဲ့အခါ ခွှင့်လွှတ်သည်းခံဖို့ လွယ်ကူပါတယ်။ အချို့အခြေအနေတွေမှာ ပဋိပက္ခဖြစ်ပြီး ချက်ချင်းဆိုသလို မိသားစုတွေ ပြန်စည်းလုံးသွားတာ ချစ်ခြင်းမေတ္တာဆိုတဲ့ ပင်စည်ကနေ ပွင့်ဝေတဲ့ သည်းခံခွှင့်လွှတ်မှု ပန်းပွင့်ကြောင့်ပါပဲ။

(၃)ငြိမ်းအေးချမ်းသာ၊ ကြည်လင်စွာ

စိတ်ထဲက ပြဿ နာမီးတွေကို ငြှိမ်းသတ်နိုင်မှပဲ ငြိမ်းအေးမှု ခံစားရမှာပါ။
ရုပ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုတွေထက် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေကို ပိုအလေးထားသူက သူတို့ကိုယ်တိုင်တင်မကဘဲ သူတို့နဲ့ဆက်စပ်နေတဲ့ သူတွေကိုပါ ငြိမ်းအေးစေပါတယ်။ ခွင့်လွှတ်တဲ့စိတ်ရှိမယ်။ အငြိုးအတေး မထားဘူး။ မကျေလည်စရာတွေကို ရှင်းလင်းထားနိုင်မယ်ဆိုရင် အတွင်းစိတ်ရဲ့ ရောင်ပြန်ဟပ်မှုက အရင်ကထက် ပိုကြည်လင်လာမှာပါ။

(၄) အဆိုးကြုံလည်းမမှု၊ ပျော်အောင်သာပြု

ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်စိတ်၊ ငြိမ်းအေးမှု စတဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေ အခိုင်အမာ နှလုံးသွင်းထားနိုင်သူဟာ ပြဿ နာအခက်အခဲတွေ ကြုံရတဲ့အချိန်မှာလည်း ပိုကောင်းတဲ့ မနက်ဖြန်ရောက်လာမယ်ဆိုတဲ့ ယုံကြည်စိတ် အခိုင်အမာရှိရမှာပါ။ အဲဒီယုံကြည်ချက်နဲ့ အဆိုးထဲက လွတ်မြောက်မယ့်လမ်းကို တွေ့နိုင်ပါလိမ့်မယ်။ ဒီအတွက် အဆိုးကြုံလည်း
စိုးရိမ်သောက ဖိစီးနှိပ်စက်မှုဒဏ် မခံစားဘဲနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ နေသွား ရမှာပါ။ အခက်အခဲတွေ ကြုံရချိန်မှာ လူတစ်ယောက် ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ယှဉ်ပြီး လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ နှလုံးသွင်းမှုကို တိုင်းတာလေ့ရှိပါတယ်။ အဆိုးကြုံလည်း ပျော်အောင်နေဖို့အတွက် ရင့်ကျက်မှုရျိဖို့တော့ လိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top