တစ်ခါဟာ ဧကရာဇ်မင်းတစ်ပါးဟာ သူအနှစ်သက်ဆုံး သူ့ရဲ့အမတ်တစ်ဦးကို စိတ်ဆိုးဒေါသထွက်နေပြီး အမတ်ကို တိုင်းပြည်ကနေ ထွက်သွားဖို့ စေခိုင်းပါသတဲ့။ ဘုရင်ကြီးရဲ့ အမိန့်ကို နာခံပြီး အမတ်မင်းဟာ တိုင်းပြည်ကနေ ထွက်ခွာပြီး ဝေးလံတဲ့ အမည်မသိ ကျေးရွာတစ်ခုက ယာတောတစ်ခု အလုပ်လုပ်ပါတယ်။
လပေါင်းများစွာ ကြာပြီးနောက်မှာ ဘုရင်ကြီးဟာ အမတ်ကို သတိရလာပြီး အမတ်မင်းရဲ့ အကြံဥာဏ်မပါဘဲ တိုင်းပြည်က ပြဿနာတွေကို ခက်ခက်ခဲခဲ ဖြေရှင်းနေရပါတယ်။ ဒေါသတကြီးနဲ့ တိုင်းပြည်ကနေ ထွက်သွားဖို့ အမိန့်ပေးခဲ့တာကို နောင်တရနေမိပါတယ်။ ဒါကြောင့် အမတ်မင်းကို ရှာဖွေဖို့ သူ့ရဲ့စစ်သည်တော်တွေကို စေလွှတ်လိုက်ပေမဲ့ အမတ်မင်းကို ရှာမတွေ့ကြပါဘူး။ အမတ်မင်းဘယ်မှာရှိလဲ ဘယ်သူမှ မသိကြပါဘူး။ နောက်ဆုံးမှာ ဘုရင်ကြီးဟာ လှည့်ကွက်တစ်ခုကို သုံးလိုက်ပါတယ်။ ဧကရာဇ်ဘုရင်မင်းမြတ်ထံကို ရွာတိုင်းက အသိဥာဏ်အပြည့်ပါတဲ့ အိုးတစ်လုံး ပို့ဆောင်ဖို့နဲ့ အသိဥာဏ်အပြည့်ပါတဲ့ အိုးတစ်လုံး မပို့ဆောင်နိုင်ရင် စိန်တွေ၊ ကျောက်သံပတ္တမြားတွေပါတဲ့ အိုးကို ပို့ဖို့ အမိန့်တော်ထုတ်လိုက်ပါတယ်။
ဒီအမိန့်တော်ဟာ အမတ်ကြီးထံသို့လည်း နားပေါက်သွားပါတယ်။ ရွာသားတွေအားလုံး စုဝေးပြီး တိုင်ပင်ကြပါတယ်။ အသိဥာဏ်ဆိုတာ အိုးထဲထည့်လို့ရနိုင်တဲ့ အရာမျိုး မဟုတ်ဘူးလေ။ ဘုရင်မင်းမြတ်ထံကို ကျောက်သံပတ္တမြားအပြည့်နဲ့ အိုးတစ်လုံး ပို့ဖို့ ဘယ်လို စီစဉ်ကြမလဲ? ရွာသားများအကြားမှာ ထိုင်နေတဲ့ အမတ်မင်းက “ကျုပ်ကို အိုးတစ်လုံးပေးပါ။ တစ်လအတွင်း အသိဥာဏ်တွေ ထည့်ပေးပါမယ်” လို့ ပြောပါသတဲ့။ အားလုံးက အမတ်မင်းကို ယုံကြည်ပြီး အခွင့်အရေးပေးဖို့ သဘောတူလိုက်ပါတယ်။ သူဘယ်သူဆိုတော့ ဘယ်သူမှ မသိကြပါဘူး။
အမတ်မင်းဟာ အိုးကို ယူပြီး ယာတောဆီ ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ယာတောမှာ ဖရဲသီးတွေ စိုက်ပျိုးပြီး ဖရဲသီးအသေးတစ်လုံး ရွေးလိုက်ပါတယ်။ အဲဒီဖရဲသီးကို အပင်ကနေ မဖြတ်ဘဲ အိုးထဲ ထည့်လိုက်ပါတယ်။ သူဟာ အဲဒီဖရဲသီးလေးကို ပုံမှန် ရေလောင်း၊ မြေဩဇာကျွေးပြီး ကြည့်ရှုစောင့်ရှောက်ပါတယ်။ ရက်အနည်းငယ်အတွင်းမှာ ဖရဲသီးလေးဟာ ကြီးထွားလာပြီး အိုးထဲကနေ မထွက်နိုင်တော့ပါဘူး။
မကြာခင်မှာ ဖရဲသီးဟာ အတွင်းထဲကနေ အိုးအရွယ်အစားအတိုင်း ဖြစ်လာပါတယ်။ အဲဒီနောက် အမတ်မင်းဟာ အပင်ကနေ ဖရဲသီးကို ခုတ်ဖြတ်လိုက်ပါတယ်။ နောက်တော့ ဘုရင်မင်းမြတ်ထံကို အမှာစကားတစ်ခွန်းနဲ့အတူ အဲဒီအိုးကို ပို့ပေးလိုက်ပါတယ်။ အဲဒီအမှာစကားကတော့ “အိုးကို မဖြတ်ပိုင်း၊ မခွဲဘဲ အသိဥာဏ်ပညာကို ရယူပါလေ” ပါတဲ့။
ဘုရင်ကြီးက အိုးထဲက ဖရဲသီးကို ကြည့်ပြီး ဒါဟာ သူ့အမတ်မင်းရဲ့ လုပ်ဆောင်ချက်သာ ဖြစ်နိုင်တယ်ဆိုတာ သဘောပေါက်သွားပါတယ်။ ဘုရင်မင်းမြတ်ကိုယ်တိုင် ရွာအထိ လိုက်လာပြီး အမတ်မင်းကို ပြန်လည်ခေါ်ဆောင်သွားပါတော့တယ်။
ဒီပုံပြင်ကနေ ရရှိတဲ့သင်ခန်းစာကတော့ ဘယ်အရာကိုမှ အလျင်စလို မဆုံးဖြတ်ဖို့ပါပဲ။ အဖြေတစ်ခု ရရှိဖို့ သေသေချာချာ စဉ်းစားတွေးခေါ်ဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်နားလည်ရမှာပဲဖြစ်ပါတယ်။
Ref : Knowledge : The Pot of the Wit
Htet Htet Tin Zar (ရိုးရာလေး)