ဘဝရဲ့တန်ဖိုးဆိုတာ ကိုယ်ကျင့်နဲ့ပညာ

locana-buddha-statue-niche-PEKDEUF.jpg

(၁)
‘တန်ဖိုး’ဆိုတဲ့စကားကို ပစ္စည်းတစ်ခု၊ အရာဝတ္ထုတစ်ခုရဖို့အတွက် ကိုယ့်ဘက်ကပေးလိုက်ရတဲ့ သတ်မှတ်ချက်ဈေးနှုန်းတစ်ခုအဖြစ် နားလည်ကြတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ဈေးဖြတ်လို့မရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတစ်ခုအနေနဲ့လည်း နားလည်၊ လက်ခံတတ်ကြတယ်။ ‘တန်ဖိုး’နဲ့ပတ်သက်လို့ တန်ဖိုးထား၊ တန်ဖိုးသိ၊ တန်ဖိုးရှိ၊ တန်ဖိုးဖြတ်၊ တန်ဖိုးမဲ့ . . .စတဲ့အသံတွေ ကြားရသလို အသုံးဝင်မှုတန်ဖိုး၊ မြတ်နိုးမှုတန်ဖိုး၊ ရှေးဟောင်းတန်ဖိုး၊ သမိုင်းတန်ဖိုးဆိုတဲ့ စကားတွေဟာလည်း ကျွန်တော်တို့တွေနဲ့ မစိမ်းလှပါဘူး။ ရခဲလှတဲ့ လူ့ဝထဲ ရောက်လာကြပြီးတဲ့နောက် သူသူကိုယ် ကိုယ်ဆိုသလို တန်ဖိုးရှိတဲ့ကား၊ တန်ဖိုးရှိတဲ့အသုံးအဆောင်၊ တန်ဖိုးရှိတဲ့အရာတွေကိုပဲ ရရှိပိုင်ဆိုင်ချင်ကြမှာပါ။ အဲဒီလိုပဲ ဘဝတစ်ခု၊ အိပ်မက်တစ်ခုဆီ ရည်မှန်းလမ်းလျှောက် တည်ဆောက် ရာမှာလည်း တန်ဖိုးရှိတဲ့ဘဝနဲ့ တန်ဖိုးရှိတဲ့ မျှော်လင့်အိပ်မက်တွေ ကိုပဲ ကျွန်တော်တို့တွေ မက်ချင်၊ ရချင်ကြမှာ သေချာပါတယ်။

ဒီနေရာမှာ စဉ်းစားဆင်ခြင်မိတာတစ်ခုက လောကနဲ့ ဘဝထဲက တန်ဖိုးတွေ၊ အရည်အသွေးတွေအကြောင်း ပြောဆိုနေကြတဲ့ လောကလူသားတွေ တွယ်တာမြတ်နိုး တန်ဖိုးထားနေတာတွေဟာ ဓမ္မနဲ့ချိန်ထိုးကြည့်လိုက်တဲ့အခါ တကယ်တမ်း တန်ဖိုးရှိတာတွေ ဟုတ်သေးရဲ့လားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကိုယ်လိုချင်တောင့်တနေတဲ့ တန်ဖိုးမြင့် အိမ်၊ ခြံ၊ ကားနဲ့ အောင်မြင်ကျော်ကြားမှုတွေအသာထားပြီး ‘ဘဝရဲ့တန်ဖိုး အစစ်အမှန်ဆိုတာ ဘယ်လိုအရာပါလဲ’လို့ မေးခွန်းထုတ်၊ ဆင်ခြင်ကြည့်ဖို့ တွေးမိခြင်းပါ။

(၂)
‘တန်ဖိုး’ဆိုတာကို ပါဠိဘာသာမှာ ‘သာရ’လို့ သုံးပြီး ‘အနှစ်သာရ’လို့ အဓိပ္ပာယ်ရကြောင်း ဆိုပါတယ်။ အပေါ်ယံ ပုံသဏ္ဍာန်နဲ့ အတွင်းသား အနှစ်သာရကို စိစစ် ခွဲခြားပြီး ပြောရမယ်ဆိုရင် လောကလူသားတွေ တန်ဖိုးထားတဲ့အရာတိုင်း အမှန်တကယ် တန်ဖိုးရှိတယ်လို့ မဆိုနိုင်ပါဘူး။ တစ်ခါတရံ လူတွေဟာ တစ်စုံတစ်ဦး၊ အရာဝတ္ထုတစ်ခုအပေါ် တန်ဖိုးထားခြင်း/ မထားခြင်းကို သူတို့ရဲ့ စွဲလမ်း၊ မြတ်နိုးမှုပေတံနဲ့ တိုင်းတာဆုံးဖြတ်တတ်ကြတယ်။ တစ်စုံတစ်ယောက် အငမ်းမရ စွဲလမ်းမြတ်နိုး တန်ဖိုးထားနေတဲ့အရာဟာ တစ်ခြားတစ် ယောက်အတွက်ကျတော့ ဘာမှ မပြောပလောက်တဲ့ အသေးအဖွဲ လေးဖြစ်နေတတ်တာ ကြုံဖူးကြမှာပါ။ ဒါဟာ တကယ် စစ်မှန်တဲ့ တန်ဖိုး မရှိတာကြောင့်လို့ ဆိုရမယ့်သဘောပါပဲ။

ဒီအချက် သိသာစေဖို့ လူတစ်ယောက်၊ ပုဂ္ဂိုလ်တစ်ဦး ရထားတဲ့ ဘဝလေးတစ်ခုကို ကြည့်ပြီး ဆင်ခြင်ဖို့ ကျေးဇူးတော် ရှင်ပါမောက္ခချုပ်ဆရာတော်ကြီးက တရားတစ်ပုဒ်မှာ မိန့်ကြားထား တာ ရှိပါတယ်။ ‘ရထားတဲ့ဘဝလေးတစ်ခုကိုပဲ ကြည့်။ လူ့ရဲ့ရုပ်ခန္ဓာဆိုတာ အတိုင်းအတာတစ်ခုအတွင်းမှာ အိုမင်းပျက်စီးသွားမှာ သေချာတယ်။ အဲဒီ တစ်ခုလုံးကိုအားကိုးနေသည့်အတွက်ကြောင့် ဘာတန်ဖိုးမှ ရလိုက်မှာမဟုတ်ဘူး။

နုပျိုမှုဆိုတာ တစ်ခဏအတွင်းပဲ သွားတာပဲနော်။ အဲဒါတွေဟာ ခိုင်မာတဲ့အရာတစ်ခုမဟုတ်ဘဲ အားလုံးဟာ အချိန်တိုအတွင်း ပျက်စီးသွားနိုင်တာဖြစ်လို့ တန်ဖိုးလို့ ဆိုနိုင်မှာမဟုတ်ဘူးပေါ့။ အဲဒါ လူတိုင်းရှိတဲ့ အရာဝတ္ထုမျှသာဖြစ်တယ်’လို့ ဆရာတော်ကြီးက မိန့်ကြားထားတာပါ။ လူ့ဘဝရဲ့ အနှစ်သာရ၊ ဘဝရဲ့တန်ဖိုးအစစ်အမှန်ဟာ ရုပ်ဝတ္ထု တွေအပေါ်မှာ မှီတည်နေတာမဟုတ်ဘူးလို့ ဆိုလိုရင်းဖြစ်ကြောင်း နားလည်ရပါတယ်။ ဒီလိုဆိုတော့ ဘဝရဲ့တန်ဖိုးအစစ်အမှန်ကို ဘယ်နေရာကနေ ရှာဖွေ၊ တွေ့ရှိနိုင်မလဲ။

(၃)
အချိန်တိုအတွင်း ပျက်စီးသွားနိုင်တဲ့ ရုပ်ခန္ဓာအပေါ်မှာ တန်ဖိုး မရှာဘဲ ခန္ဓာကိုယ်နဲ့ပေါင်းစပ်ပြီး ဖြစ်ပေါ်နေတဲ့ သိစိတ်ထဲမှာ ဘဝရဲ့ တန်ဖိုးကို ရှာရမှာပဲဖြစ်ပါတယ်။အဲဒီလိုရှာတဲ့အခါ ဘဝရဲ့တန်ဖိုးဆိုတာ သီလနဲ့ ပညာပဲ ဖြစ်ပါ တယ်။ ဒီနှစ်ချက်ကိုပဲ ‘သီလဆိုတာ ကိုယ်ကျင့်တရား၊ ပညာဆိုတာ ကိုယ်ကျင့်တရားအပေါ် မှီတည်ပြီး တိုးတက်မြင့်မားလာတဲ့ အသိဉာဏ်’လို့ ပါမောက္ခချုပ်ဆရာတော်ကြီးက ထပ်ပြီးရှင်းလင်း မိန့်ကြားပါတယ်။လူမှာ သူ့ခန္ဓာကိုယ်၊ ရုပ်ပိုင်းဆိုင်ရာတွေ ဘယ်လိုပဲပျက်စီး သွားသော်လည်းပဲ နှလုံးသားထဲ ရောက်ရှိသွားတဲ့ ကိုယ်ကျင့်သီလနဲ့ အသိဉာဏ်ပညာကတော့ ပျက်သုဉ်း၊ ပျောက်ဆုံးသွားမှာမဟုတ် ပါဘူး။ ဒီအတွက် သီလနဲ့ ပညာ၊ ဒီနှစ်ခုဟာ ဘဝရဲ့တန်ဖိုးလို့ တရားတော်က ဆိုလိုတာပါ။

‘လူတွေရဲ့ သီလနဲ့ပညာဟာ တစ်ဘဝပြီးတစ်ဘဝ အဆင့်တိုး တက်လာတယ်။ မပျောက်ဘူးလို့ ဘာကြောင့်ပြောလို့ရလဲဆိုရင် မူလတန်းပညာသင်ထားတဲ့ ကလေးတစ်ယောက်ဟာ မူလတန်းစာ တွေ မေ့သွားသော်လည်းပဲ အလယ်တန်းအတွက် နားလည်နိုင်စွမ်း ရှိတယ်။ အဲဒီ သတ္တိလေး ကျန်ခဲ့တယ်။ အလယ်တန်းပညာ တတ်ပြီးလို့ရှိရင် အထက်တန်းပညာကို နားလည်နိုင်စွမ်းရှိတယ်။ အထက်တန်းပညာတတ်ပြီးရင် တက္ကသိုလ်ပညာရပ်တွေကို နား လည်နိုင်စွမ်းရှိတယ်။အဲဒီလို အဆင့်ဆင့်နားလည်မှုစွမ်းအား မြင့်မားလာတယ်ဆိုတာ ထင်ရှားတယ်ပေါ့။ ဒီတစ်ဘဝတင် မြင့်မားတာလားဆိုတော့ ဒီလိုမဟုတ်ဘူး’။

လူဟာ သေဆုံးပြီးတဲ့နောက် ရုပ်ခန္ဓာကိုယ်ကြီး ပြိုကျပျက်စီးပြီး မြှုပ်နှံလိုက်ရပေမယ့် ဘဝတစ်ခုမှာ သူပြုခဲ့ဖူးတဲ့ ကုသိုလ်၊ အကုသိုလ်၊ ကိုယ်ကျင့်သီလနဲ့ ပညာဉာဏ်ဖြည့်ဆည်းမှုတို့ကတော့ စွမ်းအင်၊ သတ္တိအနေနဲ့ ဆက်သွားနေမှာဖြစ်ပါတယ်။ ဒီအတွက် သီလဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ အမှားအမှန်၊ အဆိုးအကောင်း၊ အကျိုးအကြောင်း ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ ပညာဉာဏ်ရင့်သန်မှု တို့ကို ဒီဘဝအတွက်သာမက နောင်ဘဝသံသရာအတွက်ပါ အနှစ်သာရပြည့်ဝတဲ့ တန်ဖိုးအစစ်အမှန်တွေဖြစ်တယ်လို့ ဆိုလိုရင်း ဖြစ်ကြောင်း နာယူ၊ နားလည်မိပါတယ်။

(၄)
အနှစ်သာရပြည့်ဝတဲ့ ပညာဆိုတာ ကိုယ့်ရပ်တည်ချက်၊ အသက် မွေးဝမ်းကျောင်းအတွက် Subject Matter (ဘာသာရပ်ဆိုင်ရာ အကြောင်းအရာ)တစ်ခုအနေနဲ့ သင်ကြား၊ သင်ယူထားတဲ့ သုတ ပညာသက်သက်ကို ဆိုလိုတာတော့ မဟုတ်ပါဘူး။

ကိစ္စတစ်ခု၊ အကြောင်းအရာတစ်ခု ပြုတော့မယ်ဆိုရင် ဒါဟာ ဖြစ်သင့်/မဖြစ်သင့်၊ လုပ်သင့်/မသင့် ချင့်ချိန်နိုင်ပြီး ကိုယ်ချင်းစာ မေတ္တာတရားနဲ့ ကုသိုလ်လား၊ အကုသိုလ်လား ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်စွမ်းရှိတဲ့ အသိဉာဏ်ပညာကို အဓိက ရည်ညွှန်းလိုတာဖြစ်ပါတယ်။

ဒီလိုမျိုး ကုသိုလ်နဲ့ အကုသိုလ်၊ အမှန်နဲ့အမှား၊ မေတ္တာတရားနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခွဲခြားနားလည်၊ ရှောင်သင့်တာ ရှောင်၊ ဆောင်သင့်တာဆောင်ပြီး ကိုယ့်စိတ်လေးကို ဖြူစင်အောင် ထားနိုင်ဖို့ဆိုရင်တော့ ကိုယ်ကျင့်တရားနဲ့ အသိပညာကို ပေါင်းစပ် နိုင်ရပါမယ်။ ဘဝမှာ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်လာဖို့ သီလနဲ့ပညာဆိုတဲ့ လူ့အရည်အချင်းနှစ်ရပ် ရှိဖို့လိုအပ်ကြောင်းကို ကျေးဇူးတော် ရှင်ပါမောက္ခချုပ်ဆရာတော်ကြီးက- ‘(လူမှာ) သီလနဲ့ပညာလို့ဆိုတဲ့ ဒီအရည်အသွေး(၂)မျိုးလုံးရှိရ မယ်။ ဒီအရည်အသွေးနှစ်မျိုးလုံး ရှိတယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့ သူဖြစ်တာပေါ့။

ဒီအရည်အသွေးနှစ်ခုထဲမှာ တစ်ခုမှ လျှော့ပစ်လို့မရဘူး။ သီလရှိမှ ပညာရှိနိုင်တယ်၊ ပညာရှိမှ သီလရှိနိုင်တယ်။ သီလ ပရိဓောတာ ပညာ-ပညာကို သီလနဲ့ ဆေးကြောရတယ်၊ ပညာ ပရိဓောတံ သီလံ-သီလကို ပညာနဲ့ဆေးကြောရတယ်။ အေး၊ သူတော်ကောင်းဆိုတာ ကိုယ်ကျင့်တရားလို့ခေါ်တဲ့ သီလလည်းကောင်းတယ်၊ ပညာလည်း တော်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုး ပဲ။ သို့သော် အဆင့်အမြင့်ဆုံး သူတော်ကောင်းဆိုတာကတော့ ဘုရား၊ ရဟန္တာသာဖြစ်တယ်။ အခြေခံအားဖြင့် သီလနဲ့ ပညာရှိသူကို သူတော်ကောင်းလို့ ပြောရတယ်။ ဒီနေရာမှာ သီလဆိုတာ သုစရိုက်တရား (၁ဝ)ပါးကို ကျင့်တာပဲ။ သုစရိုက်တရား ကျင့်သုံးတဲ့သူကို လူကောင်းလို့ ပြော ရမယ်’လို့ ‘သူတော်ကောင်းတို့၏ စိတ်နေသဘောထား’တရား တော်မှာ ထည့်သွင်းဟောကြားထားတာပါ။

(၅)
တန်ဖိုးရှိတဲ့ လူ့ဘဝ၊ တန်ဖိုးရှိတဲ့ လူ့အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာဖို့အရေး သီလနဲ့ အသိပညာဆိုတဲ့ အရည်အချင်းနှစ်ရပ် ဘာကြောင့် လိုအပ်တာလဲ မေးစရာရှိပါတယ်။ ကျွန်တော်တို့ နေထိုင်ရှင်သန်ရာ လူ့အဖွဲ့အစည်းထဲမှာ ပညာ တတ်လူမိုက်လေးတွေ ပိုများမလာဖို့၊ တစ်နည်းအားဖြင့် တော်ရုံ သာမက ကောင်းလည်းကောင်းတဲ့ သူတော်ကောင်းတွေ၊ လူတော် လူကောင်းမျိုးဆက်သစ်လေးတွေ ထွက်ပေါ်လာဖို့ သီလနဲ့ ပညာ မဖြစ်မနေ လိုအပ်တယ်လို့ ဖြေရမှာပါပဲ။ လောကဝန်းကျင်မှာ ဒီကနေ့ဖြစ်ပျက်နေတာတွေ ကြည့်လိုက်ရင် တချို့လူတွေဟာ အတန်းပညာ၊ အတတ်ပညာတွေ မိုးပျံ အောင်တော်နေပေမယ့် အသိပညာနဲ့ ကိုယ်ကျင့်တရားပိုင်းမှာ အားနည်းလွန်းတာကြောင့် လူ့အသိတရားတွေပျောက်နေတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့်လည်း ပညာတတ်တွေ ယုတ်မာသွားရင် လောကကြီးအတွက် သိပ်ပြီး အန္တရာယ်ကြီးတဲ့အကြောင်း ကျွန် တော်တို့တွေ ညည်းတွားပြောဆိုနေရတာပါ။

ခုနောက်ပိုင်းမှာ မိဘတွေဟာ သူတို့သားသမီးတွေရဲ့ ကျောင်း ပညာရေးဘက်ကိုပဲ ဦးစားပေးပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာတွေ ဆုံးမ လမ်းညွှန်ထားတဲ့ ဘာသာရေးအဆုံးအမဘက်ကို မလှည့်နိုင်ကြ တော့ပါဘူး။ ပညာရေးဘက်ကိုပဲ အဓိကထားပြီး ဘာသာရေးအဆုံး အမ မပါတဲ့အခါ၊ တစ်နည်းအားဖြင့် တတ်ဖို့၊ တော်ဖို့ပဲ အာရုံစိုက်ပြီး စိတ်ထားကောင်းဖို့အရေး အလေးမပေးနိုင်တော့တဲ့အခါမှာ ပညာ တတ်လူမိုက်လေးတွေ ထွက်ပေါ်လာတတ်တာ သတိပြုဖို့ပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ပါမောက္ခချုပ်ဆရာတော်ကြီးက အခုလို မိန့်ကြား၊ ဆုံးမထားတာ တွေ့ရပါတယ်။ ‘သူတော်ကောင်းဆိုတာ တော်လည်းတော်၊ ကောင်းလည်း ကောင်းတယ်လို့ ဆိုလိုတယ်။ တော်တယ်ဆိုတာ အရည်အချင်းရှိ တာ၊ ကောင်းတယ်ဆိုတာ စိတ်ထားကောင်းတာ။ ကိုယ်ကျင့်တရားနဲ့ အသိဉာဏ်ဆိုတဲ့ အရည်အချင်းလည်း ရှိတယ်၊ စိတ်နေစိတ် ထားလည်း ကောင်းတယ်ဆိုရင် ဒီလိုပုဂ္ဂိုလ်မျိုးကို သူတော်ကောင်း တဲ့။ သို့သော် လူတွေထဲမှာ ပညာတော်တယ်၊ ကိုယ်ကျင့်တရား မကောင်းဘူး။ ကိုယ်ကျင့်တရားကောင်းတယ်၊ ပညာမတော်ဘူး ဆိုသူတွေလည်း ရှိနိုင်တယ်။ ကိုယ်ကျင့်တရားကောင်းတယ်၊ ပညာ မတော်ဘူး၊ ပညာတော်တယ်၊ ကိုယ်ကျင့်တရား မကောင်းဘူးဆိုရင် တစ်ခြမ်းပဲ့နေတယ်။ မပြည့်စုံဘူး’လို့ သတိပေးထားတာပါ။

လူတစ်ယောက်မှာ ရှိသင့်ရှိအပ်သင့် ပညာဉာဏ်နဲ့ စောင့်စည်း လိုက်နာအပ်တဲ့ ကိုယ်ကျင့်တရား ကင်းမဲ့နေမယ်ဆိုရင် သူတစ်ဖက် သားအပေါ် အနိုင်ကျင့်စော်ကားဖို့ ဝန်မလေးသလို၊ သူ့အသက် သတ်၊ သူ့ဥစ္စာ မတရားယူ …စတဲ့ မကောင်းမှု ဒုစရိုက်တွေလည်း မှောက်မှား ကျူးလွန်ဖို့ဖြစ်လာနိုင်တာ သေချာပါတယ်။
ကိုယ်ကျင့်တရားနဲ့ အသိဉာဏ်ပညာ မဲ့ရင်မဲ့သလောက် ဒီ အကုသိုလ်အပြစ်တွေက ကျွန်တော်တို့တွေရဲ့ဘဝတွေကို အောက် ဆွဲချသွားနိုင်တာ သတိထားစရာပါ။ ရခဲလှတဲ့ လူ့ဘဝထဲ ဘဝရဲ့တန်ဖိုးအစစ်အမှန်ဆိုတာ ကိုယ်ကျင့်တရားနဲ့ ပညာသာဖြစ်တယ်ဆိုတာ နှလုံးသွင်းဆင်ခြင်ကြဖို့ပါ ခင်ဗျာ။

MoeAungLinnNaing (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top