အောက်စဖို့ဒ်တက္ကသိုလ်က တီထွင်ဖန်တီးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ဘေးကင်းပြီး (ဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်တဲ့) ကိုယ်ခံအားတုံ့ပြန်မှု ဖြစ်ပေါ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ လူ ၁၀၇၇ ယောက် ပါဝင်တဲ့ စမ်းသပ်ထိုးနှံမှုတွေအရ ကာကွယ်ဆေးထိုးနှံပေးလိုက်ရင် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ပေးနိုင်တဲ့ ပဋိပစ္စည်း၊ T-cell တွေ ထွက်ပေါ်လာစေတယ်လို့ တွေ့ရပါတယ်။ အခုတွေ့ရှိမှုတွေဟာ မျှော်လင့်ချက်အားကောင်းစေပေမဲ့ ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်စွမ်းရှိလားဆိုတာနဲ့ လူအများအပြား ပါဝင်တဲ့ စမ်းသပ်ထိုးနှံမှုတွေ လုပ်နေပြီလားဆိုတာကိုတော့ မသိရသေးပါဘူး။
ဗြိတိန်နိုင်ငံကတော့ ကာကွယ်ဆေး အဖုံ သန်း ၁၀၀ မှာယူထားပါတယ်။ ChAdOx1 nCoV-19 လို့ အမည်ပေးထားတဲ့ ကာကွယ်ဆေးကို မကြုံစဖူး အမြန်နှုန်းနဲ့ တီထွင်ဖန်တီးနေတာပါ။ ချင်ပန်ဇီတွေကို အအေးမိရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို မျိုးဗီဇပြင်ဆင်ပြောင်းလဲပြီး ကာကွယ်ဆေးထုတ်ခဲ့တာပါ။ လူတွေကို ကာကွယ်ဆေးထိုးလိုက်တဲ့အခါ ချင်ပန်ဇီတွေမှာဖြစ်စေတဲ့ အအေးမိရောဂါမဖြစ်အောင်နဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပိုတူလာအောင် ဗိုင်းရပ်စ်ကို ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပိုတူလာတော့မှ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သိရှိလာတာပါ။
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ သုတေသီတွေက ပဋိပစ္စည်းတွေကိုပဲ အာရုံစိုက်ထားကြပါတယ်။ ပဋိပစ္စည်းဆိုတာ ကိုယ်ခံအားစနစ်က ထုတ်လုပ်လိုက်တဲ့ ပရိုတိန်းလေးတွေဖြစ်ပြီး ဗိုင်းရပ်စ်ရဲ့မျက်နှာပြင်မှာ သွားကပ်ကြပါတယ်။ သဘာဝအတိုင်း ထွက်ပေါ်လာတဲ့ ပဋိပစ္စည်းတွေက ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်နိုင်ပါတယ်။ သွေးဖြူဆဲလ်တစ်မျိုးဖြစ်တဲ့ T-cells ဟာ ကိုယ်ခံအားစနစ်ကို ပူးပေါင်းဆောင်ရွက်ပေးပြီး ခန္ဓာကိုယ်ရဲ့ဘယ်ဆဲလ်တွေမှာ ရောဂါကူးစက်ခံထားရသလဲဆိုတာ ရှာဖွေပြီး တိုက်ဖျက်ချေမှုန်းပေးပါတယ်။ ထိရောက်တဲ့ ကာကွယ်ဆေးအားလုံးနီးပါးဟာ ပဋိပစ္စည်းနဲ့ T-cell ရဲ့ တုံ့ပြန်မှုကို မြှင့်တင်ပေးတာဖြစ်ပါတယ်။ T-cells ပမာဏဟာ ကာကွယ်ဆေးထိုးပြီး ၁၄ ရက်အကြာမှာ အမြင့်ဆုံးဖြစ်လာပြီး ပဋိပစ္စည်းပမာဏကတော့ ၂၈ ရက်အကြာမှာ အမြင့်ဆုံးဖြစ်လာတာပါ။
Nz (ရိုးရာလေး)