ဆန္ဒပြပွဲတွေဖြစ်ပွားနေလို့ မြို့ကြီးတွေကို ပြည်ထောင်စုတရားဥပဒေစိုးမိုးရေးအရာရှိတွေ စေလွှတ်သွားမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

intl2107202003.jpg

ဆန္ဒပြပွဲတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အမေရိကန်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေကို ပြည်ထောင်စုတရားဥပဒေစိုးမိုးရေး အရာရှိတွေ စေလွှတ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ ချီကာဂိုနဲ့ နယူးယော့ခ်မြို့တွေအပါအဝင် လစ်ဘရယ်ဒီမိုကရက်တွေ ဦးဆောင်နေတဲ့ မြို့တော်တော်များများမှာ ခေါင်းဆောင်တွေက တစ်ခုခု ပြတ်ပြတ်သားသားလုပ်ဖို့ ကြောက်ရွံ့နေကြတယ်လို့ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပါတယ်။ အော်ရီဂွန်ပြည်နယ်ကို စေလွှတ်ခဲ့တဲ့အရာရှိတွေဟာ ပို့တ်လန်းမြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ကြားကနေ တရားဥပဒေစိုးမိုးရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ချီးကျူးခဲ့ပါတယ်။ ပြည်ထောင်စုအရာရှိတွေက အခြေအနေတွေ ပိုဆိုးလာအောင် လုပ်နေတယ်လို့ ဒေသဆိုင်ရာ အရာရှိတွေက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲရှိတဲ့နှစ်မှာ နိုင်ငံရေးစတန့်ပြကွက်အဖြစ် အခြေအနေတွေ တင်းမာလာအောင်လုပ်နေတယ်လို့ ပြည်နယ်ခေါင်းဆောင်တွေက စွပ်စွဲခဲ့ပြီး ပို့တ်လန်းမြို့ကနေ တပ်ဖွဲ့ဝင်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလက မင်နီဆိုတာပြည်နယ်မှာ လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်ဒ် သေဆုံးခဲ့ပြီးနောက်ပိုင်း ပို့တ်လန်းမြို့မှာ ရဲတပ်ဖွဲ့ရဲ့ ရက်စက်မှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆူပူအုံကြွမှုတွေကို ထိန်းသိမ်းဖို့အတွက် လွန်ခဲ့တဲ့ ၂ ပတ်မှာ ဒေါ်နယ်ထရမ့်က ပို့တ်လန်းမြို့ကို တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရက ဆန္ဒပြသူတွေကို တရားမဝင် ထိန်းသိမ်းတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စုဝေးခွင့်၊ မျှတတဲ့တရားရင်ဆိုင်ခွင့်တွေ ချိုးဖောက်တယ်ဆိုပြီး အော်ရီဂွန်ပြည်နယ် အစိုးရရှေ့နေက တရားစွဲထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top