(၁)
‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်
ဖြူအောင် စိတ်ကိုထား။
ပြော၊ ပြု၊ ကြံလျှင် သတိယှဉ်
ဆင်ခြင်ဥာဏ် ရှေ့သွား။
ဘုရားတိုင်းသာ ဟောမိန့်မှာ
သုံးဖြာ ဤစကား’။
အထက်မှာဖော်ပြထားတဲ့ ဓမ္မလင်္ကာလေးကို ကျောင်းသားဘဝ ငယ်စဉ်ကတည်းက ကျက်မှတ်ခဲ့ရသလို ပွင့်တော်မူပြီးသမျှ ဘုရားရှင်တိုင်းရဲ့ သြဝါဒအနှစ်ချုပ် အဆုံးအမဖြစ်တယ်ဆိုတာလည်း မှတ်သားခဲ့ရပါတယ်။၂ဝ၁၇ ခု၊ နိုဝင်ဘာလအတွင်းက သစ္စာရွှေစည်ဆရာတော် ဟောကြားခဲ့တဲ့ မကောင်းမှုရှောင်တရားတော်နဲ့ ကောင်းမှုဆောင် တရားတော်တို့ကို နာကြားပြီး မကောင်းမှုနဲ့ ဆင်းရဲဒုက္ခဆိုတာ အကြောင်းအကျိုး တစ်စုံဖြစ်သလို ကောင်းမှုကုသိုလ်နဲ့ ချမ်းသာ သုခဟာလည်း အကြောင်းအကျိုး တစ်စုံဖြစ်တဲ့အကြောင်း ဆိုခဲ့ပြီးပါပြီ။
ဒီတစ်ပတ်မှာတော့ သစ္စာရွှေစည်ဆရာတော်ရဲ့ ‘ဖြူအောင် စိတ်ကိုထား’တရားတော်နဲ့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရေးသားစီရင်အပ်တဲ့ ကိုယ်ကျင့်အဘိဓမ္မာတို့ကို အခြေခံပြီး စိတ်ထားဖြူစင်ရေး အကြောင်းတရားတွေကို မျှဝေပေးချင်ပါတယ်။
(၂)
စိတ်အကြောင်းကို ပြောဖို့ အရင်ဆုံး စိတ်ဆိုတာ ဘာလဲ မေးခွန်းထုတ်ကြည့်ရအောင်ပါ။ ‘စိတ်ဆိုတာ အာရုံကိုသိတတ်သော သဘော’လို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ကြီးက ရှင်းလင်းပြီး ‘ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြသည်။ ထိုသို့ အာရုံတွေကို သိတတ်သော သဘောကို စိတ်ဟု ခေါ်သည်’လို့ ဆိုထားပါတယ်။
စိတ်အာရုံတွေဟာ ဟိုရောက်လိုက်၊ ဒီရောက်လိုက်၊ ဟိုတွေးလိုက်၊ ဒီတွေးလိုက်နဲ့ မကောင်းမှုအကုသိုလ်တွေဘက် ရောက်သွားမယ်ဆိုရင် ညစ်နွမ်းတဲ့စိတ် ဖြစ်သွားပါပြီ။ ညစ်နွမ်းတဲ့စိတ်၊ ညစ်နွမ်းတဲ့အတွေးနဲ့ ညစ်နွမ်းတဲ့ပြောဆိုမှု၊ လုပ်ဆောင်မှုတွေ ပြုမိပြီဆိုရင် မကောင်းတဲ့အကျိုးတရားတွေ ရရှိခံစားရတော့ မှာပါ။ ဒီလိုမျိုး စိတ်ညစ်နွမ်းမှု၊ အကုသိုလ်တွေ ဖြစ်မလာဖို့အတွက် စိတ်ကိုဖြူစင်အောင်ထားရမယ့်အကြောင်း တရားတော်တွေမှာ ဟောဖော် လမ်းညွှန်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ဘာအတွက်ကြောင့် ကိုယ့်စိတ်လေးကို ဖြူစင်အောင်မွေးယူရမှာလဲ မေးလာရင်တော့ သန့်ရှင်းဖြူစင်တဲ့စိတ်ကပဲ ကောင်းမြတ်တဲ့ဘဝကို ရနိုင်၊ ရောက်နိုင်တာကြောင့်ပါ။
ဆိုကြပါစို့။ ရေအိုင်တစ်အိုင် ရှိတယ်။ ရေအိုင်ဟာ နောက်ကျိနေပြီး အနည်တွေ ထနေတယ်ဆိုရင် သူ့ရဲ့အတိမ်အနက်ကို မှန်းဆ မရနိုင်သလို ရေအိုင်ထဲမှာရှိတဲ့ ဖားလေး၊ ငါးလေးတွေ၊ ကျောက်စရစ်ခဲလေးတွေကိုလည်း ကြည့်နိုင်၊ မြင်နိုင်မှာ မဟုတ်ပါဘူး။
ရေက ကြည်လင်သန့်ရှင်းပြီး အနည်အနောက်တွေ ကင်းနေမှသာ အောက်ခြေမှာရှိတဲ့ သဲလေးတွေကအစ ရေသတ္တဝါ လေးတွေကိုပါ ကြည်လင်ပြတ်သားစွာမြင်နိုင်မှာပါ။
အဲဒီသဘောအတိုင်းပါပဲ။ ကျွန်တော်တို့တွေရဲ့ စိတ်တွေဟာ အလိုမကျမှု၊ စိတ်ဆိုး စိတ်ပျက်မှု၊ တွေဝေမှုတွေနဲ့ နောက်ကျိ နေမယ်ဆိုရင် ကိုယ်လုပ်ဆောင်သင့်၊ လုပ်ဆောင်ရမယ့်အရာတွေကို ကောင်းကောင်းမြင်နိုင်စွမ်း မရှိပါဘူး။ ကိုယ့်အကျိုးစီးပွားအတွက် ဘယ်လိုလုပ်ရင် အကျိုးရှိမယ်၊ ဘယ်လိုလုပ်ရင် အကျိုးမဲ့မယ်ဆိုတာ မခွဲခြားနိုင်တော့ပါဘူး။ နောက်ကျိနေတဲ့စိတ်၊ တစ်နည်းအားဖြင့် ဖြူစင်သန့်ရှင်းမှုမရှိတဲ့စိတ်ဟာ မိမိ၊ သူတစ်ပါး နှစ်ဦးသားတို့ရဲ့ အကျိုးစီးပွားကို မသိနိုင်၊ မမြင်နိုင်ပါဘူး။ စိတ်ဆိုတာ ဖြူစင်သန့်ရှင်းနေမှ သိနိုင်၊ မြင်နိုင်တဲ့စွမ်းအား ထက်မြက်ပြီး စစ်မှန်တဲ့ချမ်းသာကို ထွင်းဖောက်မြင်နိုင်စွမ်းရှိကြောင်း ပြောလိုတာပါ။
(၃)
ကြုံဖူးတဲ့ ကျောင်းသူနှစ်ယောက် အကြောင်းပါ။ သူတို့နှစ်ယောက်ဟာ အတန်းတူ၊ အရွယ်တူ၊ စာတော်တာချင်းလည်းတူတဲ့ စာပြိုင်ဘက်တွေပေါ့။ တစ်ယောက်က တစ်ဘက်သားအပေါ် မနာလို၊ ဝန်တိုမှု နည်းပြီး ပင်ကိုစိတ် ရိုးရှင်းဖြူစင်သူ။ ကျန်တစ်ယောက်ကတော့ မနာလိုစိတ်အားကြီးပြီး ပင်ကိုစိတ် သိပ်မဖြောင့်ဘူးလို့ ပြောရမယ်။အဲဒီ မနာလိုစိတ်အားကြီးတဲ့ တစ်ယောက်ဟာ ဘုရားရှိခိုး၊ ပဋ္ဌာန်းရွတ်၊ ကုသိုလ်ယူ …စတဲ့ ဘာသာရေးအလုပ်တွေမှာတော့ ဝါသနာထုံတာ တွေ့ရတယ်။ ပင်ကိုစိတ်ဖြူတဲ့ ကျောင်းသူကတော့ ဘုရားတောင် ကောင်းကောင်းမှန်အောင် မရှိခိုးတဲ့သူပေါ့။
ကျောင်းနေအရွယ်ကတည်းက ပြိုင်ဘက်တွေလိုဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက် ဘဝကို နှိုင်းယှဉ်ကြည့်တဲ့အခါ အခုထိ ပင်ကို စိတ်ဖြူစင်တဲ့ကျောင်းသူကပဲ အစစ အရာရာ သာနေတာ တွေ့ရတယ်။ ဒီနေရာမှာ ဘေးလူအနေနဲ့ တွေးကြည့်မိတာက ပင်ကိုစိတ် ရိုးရှင်းဖြူစင်တဲ့တစ်ယောက်က ဘာသာရေးအလုပ်မှာ ဝါသနာ မထုံပေမယ့် တစ်ဘက်သားအပေါ်ကို အဖြူထည် စိတ်ထားတတ်တယ်။ စိတ်ရှင်းရှင်းနဲ့ မနာလိုတာ၊ အကောက်ကြံတာတွေ မရှိ တော့ ဘဝမှာ သူလုပ်ရင် လုပ်သလောက် ဖြစ်ခဲ့တယ်။
တစ်ဘက်က မနာလိုစိတ် အားကြီးတဲ့ကျောင်းသူဟာ ဘုရားရှိခိုးရင် ကုသိုလ်ရမယ်၊ ဘယ်အဓိဋ္ဌာန်ဝင်ရင် ဘာအောင်မြင်မှုရမယ်ဆိုတဲ့ အသိ၊ မျှော်လင့်ချက်နဲ့ ဘာသာရေးအလုပ်တွေတော့ လုပ်ပါရဲ့။ ဒါပေမဲ့ သူ့ပင်ကိုစိတ်က မဖြူတဲ့အတွက် လုပ်သလောက်မရဘဲ အမြဲတမ်း နောက်ကျနေတယ်ပဲပြောရမလား။ ကုသိုလ်ကောင်းမှုတစ်ခုခု လုပ်တာချင်းတူရင်တောင် ပင်ကိုစိတ် ဖြူစင်သူက ပိုပြီး အကျိုးပေးသန်မယ်ဆိုတာ အမှန်ပါပဲ။ ဒါကြောင့်လည်း ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ဂန္ဓာရုံကျောင်းတိုက်မူထဲမှာ ‘စိတ်ကောင်းရှိဖို့က ပထမ’ လို့ သတ်မှတ်ခဲ့တာ မဟုတ်ပါလား။
လောကလူသားတွေ စိတ်ကောင်းထားနိုင်ဖို့၊ မိမိရဲ့ စိတ်ကို ဖြူစင်အောင်ထားနိုင်ဖို့ရာ အရေးကြီးပုံနဲ့ပတ်သက်ပြီးလည်း ဆရာတော်ကြီးရဲ့ ကိုယ်ကျင့်အဘိဓမ္မာကျမ်းစာထဲမှာ ‘မိမိ၏ စိတ်နေ စိတ်ထားကို ကောင်းအောင်ပြုပြင်ဖို့ရာ အကြောင်းများစွာ ရှိပေ သည်။ မိမိစိတ်ထား မကောင်းသေးသောအချက်၊ ယုတ်မာနေ သောအချက်များကို မိမိသာအသိဆုံးဖြစ်၏။ ထိုကဲ့သို့ စိတ်ယုတ်မာရှိနေသောသူသည် လောကီဂုဏ်အတွက် အထက်တန်း၌ ရောက်နေသော်လည်း စိတ်အနေအထားအားဖြင့် အောက်တန်း စားပင် ဖြစ်သေး၏။ စိတ်နေစိတ်ထား အောက်တန်းစားဖြစ်နေသော ဂုဏ်ကြီးရှင်သော်လည်း နောက်နောင်ဘဝတို့၌ အောက်ကျနောက်ကျ ဖြစ်ရတော့လတ္တံ့။ ထိုကဲ့သို့ တန်းလျှောရမည့် အရေးကို တွေးမိခြင်းကြောင့်လည်း စိတ်နေစိတ်ထား ကြီးမား မြင့်မြတ်အောင် ပြုပင်ထိုက်ပေသည်’လို့ ပြဆိုထားပါတယ်။
ဒါတင်ကသေးပါဘူး။ ‘စိတ်ဆိုး စိတ်ယုတ် ရှိသူသည် ကိုယ့်ကိုယ်ကိုလည်း မကြည်ညိုနိုင်၊ မိတ်ဆွေချင်း၊ ညီအစ်ကို မောင်နှမ သားချင်း၊ သမီး ခင်ပွန်းချင်း၊ ဆရာဒကာချင်း၊ အပေါင်းအသင်း ရင်းနှီးသူချင်းကလည်း သူ၏ယုတ်မာကြောင်းကို သိလျှင် ချစ်ခင်နိုင်၊ အားရနိုင်၊ ကြည်ညိုနိုင်ကြမည်မဟုတ်။ ဤသို့ ရင်းနှီးသူများ အထင်သေးမည်ကို စိုးသောကြောင့်လည်း မိမိစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်ထိုက်ကြပေသည်’လို့လည်း မဟာ ဂန္ဓာရုံဆရာတော်ကြီးက လမ်းညွှန်ခဲ့ပါသေးတယ်။
ဒီထက်ပိုပြီး အလေးအထက်ထား ဆင်ခြင်ကြည့်ဖို့ကောင်းတာက ပင်ကိုစိတ် ဖြူစင်မှုမရှိဘဲ စိတ်ဆိုးစိတ်ယုတ်မာ ရှိနေသူ ဟာ ဒါနပဲပြုပြု၊ သီလပဲ ဆောက်တည်ဆောက်တည်၊ ဘာဝနာပဲ ပွားများ ပွားများ၊ ဘယ်ကုသိုလ်အလုပ်မျိုးမဆို ရိုးသားဖြူစင်လိမ့်မယ်လို့ မမှတ်ယူထိုက်ဘူး။ စိတ်ရင်းမကောင်းသူရဲ့ ကုသိုလ်ကံတွေဟာ အကျိုးပေး စင်စင်ကြယ်ကြယ် မရှိတတ်ဘူးလို့ ကိုယ်ကျင့်အဘိဓမ္မာကျမ်းစာမှာ ရေးသားဖော်ပြထားတာပါ။
(၄)
‘သစိတ္တ ပရိယော ဒပနံ-မိမိစိတ်ကို ဖြူစင်စေရာ၏’ဆိုတဲ့ အဆုံးအမနဲ့ပတ်သက်လို့ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာ သပါဠိတော်မှာ ဘုရားရှင်ဟောကြားထားတဲ့ ဝတ္ထသုတ်ဆိုတာ ရှိပါတယ်။ စိတ်ဖြူစင်ခြင်း၊ ညစ်နွမ်းခြင်းအကြောင်းများကို အကျယ် ဟောကြားထားတဲ့ ဝတ္ထသုတ်မှာ ညစ်နွမ်းပြီး အညစ်အကြေး စွဲကပ်နေတဲ့ အဝတ်ပေါ် ဆေးဆိုးမယ်ဆိုရင် ဘယ်အရောင်ပဲဆိုးဆိုး စင်ကြယ်မှာ မဟုတ်တဲ့အကြောင်း၊ ပင်ကိုအဝတ်က ညစ်နေတဲ့အပေါ် အရောင်ဆိုးရင် မစင်ကြယ်သလိုမျိုး ကိုယ့်စိတ်လေးက ညစ်နွမ်းနေရင်လည်း မကောင်းတဲ့လားရာ၊ မကောင်းတဲ့ အကျိုးကိုပဲ ရနိုင်ကြောင်း ဟောကြားထားတာပါ။
လူဟာ ညစ်နွမ်းတဲ့စိတ်နဲ့တော့ ကောင်းရာမွန်ရာကို မရောက်နိုင်ဘူးလို့ နားလည်ရမှာပါပဲ။ ပင်ကို စင်ကြယ်နေတဲ့အဝတ်ပေါ် အရောင်ဆိုးရင် ကိုယ်လိုချင်တဲ့အရောင် ထွက်လာနိုင်ကြောင်းကိုတော့ ‘ရဟန်းတို့၊ ဥပမာသော်ကား စင်ကြယ်ဖြူဖွေးသော အဝတ်ကို ဆေးဆိုးသမားသည် အညိုရောင်အတွက်ဖြစ်စေ၊ အရွှေရောင်အတွက်ဖြစ်စေ၊ အနီရောင်အတွက်ဖြစ်စေ၊ မောင်းသောအရောင်အတွက်ဖြစ်စေ၊ အကြင် အကြင်သို့သော ဆိုးရည်၌ထည့်ခဲ့လျှင် ကောင်းစွာစွဲသော၊ အရောင်စင်ကြယ်သော အရောင်သာလျှင် ဖြစ်ရာ၏။
ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း။ ရဟန်းတို့၊ အဝတ်စင်ကြယ်ခြင်းကြောင့်တည်း။ ရဟန်းတို့၊ ဤအတူပင် စိတ် မညစ်နွမ်းခဲ့သော် ကောင်းသောလားရာ ‘ဂတိ’ကို အလိုရှိအပ်၏’ လို့ ဝတ္ထသုတ်မှာ ဟောကြားဆုံးမထားပါတယ်။ ဒါကိုပဲ သစ္စာရွှေစည်ဆရာတော်က ‘ဖြူအောင်စိတ်ကိုထား’ တရားတော်မှာ ညစ်နွမ်းတဲ့စိတ်နဲ့ ကောင်းရာမွန်ရာကို မရောက်နိုင်ဘဲ စိတ်ဓာတ်လေးဖြူစင်သန့်ရှင်းနေမှ ကောင်းမြတ်တဲ့ဘဝကို ရနိုင်ကြောင်း၊ ကောင်းမြတ်တဲ့ဘဝတွေဆိုတာ ကောင်းမြတ်တဲ့စိတ်ကနေ ဖြစ်လာတာဖြစ်တဲ့အကြောင်း ဟောကြားထားတာပါ။
စိတ်ကို ဖြူစင်သန့်ရှင်း အပြစ်ကင်းနေအောင် ထားနိုင်ဖို့အတွက် လိုအပ်တာကတော့ လောဘ၊ ဒေါသ၊ မောဟ၊ ဣဿာ၊ မစ္ဆရိယ ..အစရှိတဲ့ အကုသိုလ်စေတသိက်တွေ ဝင်မလာအောင် တားဆီးနိုင်ဖို့ပါ။ ဒီအကုသိုလ် စေတသိက်တွေဟာ စိတ်ကို ညစ်နွမ်းအောင်၊ မကောင်းအောင် ခြယ်လှယ်တတ်တဲ့အရာတွေလို့ နားလည်ပြီး သူ့အသက်သတ်၊ သူ့ဥစ္စာခိုး စတဲ့ ဒုစရိုက်တရားတွေကလည်း စိတ်ရဲ့အကြမ်းစား အညစ်အကြေးတွေဖြစ်ပါတယ်။ ဒီအတွက် စိတ်ရဲ့အကြမ်းစား အညစ်အကြေးတွေကို ဖယ်ရှားနိုင်ဖို့ လိုအပ်သလို အနုစားအညစ်အကြေးလို့ဆိုနိုင်တဲ့ တချို့ သော မကောင်းတွေး၊ မကောင်းကြံတွေကိုလည်း ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။
‘စိတ်၏အတွေးများ’တရားတော်မှာ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးက မှန်ကန်တဲ့အတွေးဟာ အပြစ်ကင်း ပြီး ကောင်းကျိုးချမ်းသာကို ပေးတတ်ကြောင်း မိန့်ကြားပြီး ‘စိတ်ကို ဖြူစင်အောင်လုပ်တဲ့အခါမှာ တချို့အတွေးတွေကို ထိန်းချုပ်ဖို့ လိုအပ်တယ်။ တချို့ အတွေးတွေကို အားကောင်းလာအောင် လုပ်ပေးဖို့ လိုအပ်တယ်’လို့ ဟောကြားထားပါတယ်။
‘ဇလေန ဘဝတိ ပင်္ကံ၊ ဇလေနေဝ ဝိသုဇ္ဈတိ။
စိတ္တေန ဘဝတိ ပါပံ၊ စိတ္တေနေဝ ဝိသုဇ္ဈတိ။
ရွှံ့သည် ရေကြောင့်ဖြစ်ရ၏၊ ရေဖြင့်သာလျှင် စင်ကြယ်၏။ မကောင်းမှုသည် စိတ်ကြောင့်ဖြစ်ရ၏၊ စိတ်ဖြင့်သာလျှင် စင်ကြယ်၏’ဆိုတဲ့ ဆုံးမစကားအတိုင်း ကိုမိမိတို့စိတ်ကို ဖြူစင်သန့် ရှင်းအပြစ်ကင်းအောင် သတိဆောင်နိုင်ကြပါစေ …ခင်ဗျာ။
မိုးအောင်လင်းနိုင် ( ရိုးရာလေး )