လူလိမ် လူကောက်များ (မိန်းကလေးများသတိပြုနိုင်စေဖို့)

7-7-2020-yyl-012.jpg

ကျွန်မတို့နယ်မြို့က ဈေးလေးထဲမှာ ဟိုဝယ် ဒီဝယ်လုပ် ပြီးတော့ အလုပ်ကိစ္စလေးတစ်ခု ချိန်းထားတာက ရှိနေပြန်တယ်..အချိန်ကလည်း တစ်နာရီလောက်လိုသေးတာမို့ ရုပ်ရှင်ရုံထဲ ရုပ်ရှင်ဝင်ကြည့်မယ်လို့ စိတ်ကူးနဲ့ ရုပ်ရှင်ဝင်ကြည့်မိခဲ့တာက ဘဝတစ်သက်လုံး မမေ့နိုင်တဲ့

အန္တရာယ်ချောက်တစ်ခုထဲကို ကျရောက်သွားခဲ့သလိုပါပဲ…။

အသက်၅၀ကျော်လောက်အန်တီကြီးက ကျွန်မရဲ့ဘေးခုံမှာ..တစ်နာရီပြည့်တာနဲ့ ရုပ်ရှင်ပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ.အလုပ်ကိစ္စရှိလို့ ပြန်မှာမ်ို့ ထောင့်စွန်းခုံလေးကိုပဲ ဝယ်လိုက်တယ်…ရုပ်ရှင်ကထွေလာတွေပြနေချိန်မှာ ကျွန်မဘေးကအန်တီကြီးက ကျွန်မကို ပွတ်သီးပွတ်သတ်လုပ်လာတယ်.. စိတ်ထဲတော့ ဟိုရှာသလိုလို ဒီရှာသလိုလိုနဲ့ တစ်မျိုးပဲ..ဒါပေမဲ့ ကိုယ့်က အကောင်းဘက်ကပဲတွေးလိုက်တယ် သူအသက်ကြီးလို့ ဖြစ်ပါလိမ့်မယ်လို့ပေါ့…ရှပ်ရှင်က မြန်မာဟာသကားပြနေတာ..တဖြည်းဖြည်းနဲ့ ရုပ်ရှင်ထက်သူ့ကို ပိုစိတ်ဝင်စားလာတယ်..ဖုန်းတွေပြောလိုက် ကိုယ်နားကိုတိုးလာလိုက်နဲ့…။

အဲဒီအချိန်မှာ မထင်မှတ်တဲ့အသံကြီးတစ်ခု ထွက်လာတယ်….”လုပ်ကြပါဦးရှင် ကျွန်မရွှေတွေပျောက်သွားလို့” ဘေးကအန်တီအော်လိုက်တဲ့အသံ… ရုပ်ရှင်ရုံတစ်ခုလုံးကို ဟိန်းသွားတယ်..ရုပ်ရှင်ရုံထဲမှာလည်း မီးတွေဖွင့်ပြီး သူက ကျွန်မကို မယုံသလိုနဲ့ “သူ့ကိုစစ်ပေးပါ..သူ့ကိုစစ်ပေးပါ” တဲ့လေ..ကြည့်လိုက်တော့ F ဆိုတဲ့ခုံတန်းမှာ သူနဲ့ ကျွန်မနှစ်ယောက်တည်းပဲရှိနေတာ..လုံခြုံလေးရေးက ကျွန်မအိတ်ထဲကိုရှာတော့ ကိုယ်ပစ္စည်းမဟုတ်တဲ့ ရွှေလက်စွပ်နဲ့ ရွှေဆွဲကြိုးတွေ…တွေ့ခါစတော့ လူကိုပူထူသွားတယ်..ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေါ့…။

‘”ဒါ…အန်တီသပ်သပ်လုပ်ကြံတာ…အဲဒါကျွန်မပစ္စည်းတွေမဟုတ်ဘူး” ကြောက်တဲ့စိတ်နဲ့ လုံခြုံရေးကို ဖြေမိခဲ့တယ်…အနောက်တန်းနဲ့ ဘေးခပ်လှမ်းလှမ်း ခုံကသူတွေက”အဲဒီမိန်မကြီးက မူမမှန်နေတာ ကျွန်မတို့တွေ့တယ် ကောင်မလေးနားကို တကပ်ကပ်နဲ့ အဲဒီမိန်းမကြီးလုပ်ကြံတာပါ”လို့ မထင်မှတ်လောက်အောင် ဝိုင်းပြောပေးကြတယ်..အဲဒီအန်တီက လုံခြုံရေးကို…မဲ့ကာရွဲ့ကာနဲ့..”ထားလိုက်တော့ ငါပစ္စည်းလည်းပြန်တွေ့ပြီး”…ရုပ်ရှင်ရုံထဲ မီးတွေပြန်ပိတ်ပြီး..ပြလက်စရုပ်ရှင်ကိုဆက်ပြတယ်…။

ကျွန်မ ပြန်ထွက်ဖို့လုပ်ရင်း သတိတစ်ခုဝင်ခဲ့တယ် အဲဒီအန်တီပုံကို ဓာတ်ပုံရိုက်ထားဖို့…. ဖုန်းပဲထုတ်ရသေးတယ်..ထောင်ထောင်မောင်းမောင်း ရွှေတွေအိနေအောင်ဝတ်ထားတဲ့မိန်းမတစ်ယောက်.. .ကျွန်မနဲ့တော့ အသက်မကွာလောက်ဘူး…ကျွန်မအနားကို သူရောက်လာပြီး လက်ကိုတအားဆွဲလိုက်တယ် ပြီးတော့သူဆွဲကြိုးကိုအတင်းထိပြီး.. ”’ကယ်ကြပါဦးရှင် ကျွန်မဆွဲကြိုးကိုလုနေလို့ဆိုပြီး” အသဲဗြဲကြီးနဲ့ အော်ပြန်တယ်…လုံခြုံလေးရေးကပြန်ရောက်လာ ရုံထဲမီးတွဖွင့်တော့ ကိုယ်ပဲတကယ်လုပ်တဲ့အမူအရာနဲ့…လုံခြုံရေးဆိုတဲ့ကောင်းလေး နှစ်ယောက်ကလဲ အသက်၁၈နှစ်သာသာလေးတွေ…ရုံထဲမီးဖွင့်တဲ့အချိန်မှာ ကြည့်လိုက်တော့ လူ ၈ ယောက်လောက်ပဲ ရုပ်ရှင်ရုံထဲမှာတွေ့တယ်…နယ်ကရုပ်ရှင်ရုံက သေးလို့ဖြစ်စေ ကျွန်မကြည့်တဲ့အချိန်က မနက်၁ဝနာရီခွဲပွဲ တနလာၤနေ့ဖြစ်လို့ လူနည်းတယ်ဆိုတာထက်..အဲဒီထဲက လူရှစ်ယောက်လုံးရဲ့ မျက်လုံးတွေကအကြံတွေနဲ့ဆိုတာ ကျွန်မစိတ်ကသိနေတယ်..။

အဲဒီမိန်းမရဲ့ ဆွဲကြိုးကို ကျွန်မတကယ်ပဲ အားနဲ့ ရုန်းလို့မရအောင် ဆံပင်တွေကိုရော ရုပ်ရှင်ရုံ အပြင်ဘက်ရောက်တဲ့အထိ အသေဆွဲခေါ်ခဲ့တယ်…သူတို့ အုပ်စုဖွဲ့ပြီး ရုပ်ရှင်ရုံထဲမှာ ကျွန်မကိုအနိုင်ကျင့်မယ်..ပါလာတဲ့ဖုန်းတွေ ပိုက်ဆံတွေကို လုပြီး ထွက်ပြေးမယ့် သူတို့အကြံအစည်ကို ကျွန်မသိနေတယ်…။

ဒီတစ်ခါတော့ မကြောက်တော့ဘူး…သူက လူတွေသနားအောင် အော်ကြီးဟစ်ကျယ်နဲ့…။ ပြီးတော့ ပြောလိုက်သေးတယ်” နင့်ဆီက ငါတို့ မလုတော့ပါဘူး ငါ့ကိုလွှတ်ပေးပါတဲ့” ရုပ်ရှင်ရုံအပြင်ရောက်တော့ ရုံထဲက သူ့လူတွေလိုက်လာတယ်… ရုပ်ရှင်ရုံအရှေ့အပေါက်မှာ ကားတစ်စီး ဆိုင်ကယ်တချို့က သူတို့ လူတွေတချို့လည်း ဖြစ်နိုင်တယ်…အဲဒီအချိန်မှာ မိန်းမသားဖြစ်တဲ့ ကျွန်မအတွက်တော်တော်လေး အန္တရာယ်ဖြစ်နေပြီ….အဲဒီမိန်းမဆွဲကြိုးကို အားနဲ့ဆွဲထားရင်းကြိုးပျက်သွားပြီး ချိတ်နဲ့အပျက်တစ်ပိုင်းက ကျွန်မလက်ထဲမှာ…အဲဒါကို သက်သေအဖြစ် မိမိရရကိုင်ထားပြီး ..ရုပ်ရှင်ရုံရဲ့ ဘေးပေါက်လမ်းထဲက အားသွန်ခွန်စိုက် လူတွေရှိတဲ့နေရာကို ထွက်ပြေးခဲ့တယ်…သူတို့က အနောက်ကအုပ်စုလိုက် ဆွဲကြိုးလုပြေးတယ်ဆိုပြီး အနောက်က အသည်းအသန်လိုက်လာကြတယ်…လူတွေကိုအကူအညီတောင်းလည်း လူအများစုက သူတို့ပြောတာကိုပဲယုံမယ်ဆိုတာ ကျွန်မသိပါတယ်…။

အဲဒီလို လုယက်လုပ်စားနေတဲ့အုပ်စုကို ကျွန်မအမြစ်ဖြတ်ချင်တာ… ရဲစခန်းရှိတဲ့နေရာက ကျွန်မရောက်နေတဲ့နေရာနဲ့ ဝေးလွန်းတယ်…ပြေးရင်စဉ်းစားတယ် ကိုယ့်အတွက်လုံခြုံပြီး သူတို့အကြောင်းကိုပြောပြလို့ရမယ့်ဌာနမျိုး…အတွေးတစ်ခုဝင်လာပြန်တယ် ဈေးနားမှာဆို မီးသတ်ဌာနရှိနေကျပဲဆိုပြီး မီးသတ်ရုံးရှိရာကိုအစွမ်းကုန်ပြေးခဲ့တယ်…သူတို့ကလည်နောက်ကနေ အော်ပြီးလိုက်ကြ..လူတွေကဝိုင်းကြည့်ပြီး ဝေဖန်သံအမျိုးမျိုးကို နားထဲကြားနေရတယ်…..။

မီးသတ်ရုံးထဲ ကျွန်မရောက်သွားတဲ့အခါမှ စိတ်အေးသွားရတယ်..သေချာတာကသူတို့ ကျွန်မကိုအနိုင်ကျင့်လို့မရတော့ဘူး….ဒီတစ်ခါ တော့ ကလိမ်ကကျစ်လုပ်စားရတဲ့သူတွေကို ဆုံးမရမယ့် ကျွန်မအလှည့်ပဲလေ….။

မေအက်စတာ@May Aster (ရိုးရာလေးပရိသတ်)

www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top