တစ်ခါသုံး ပလတ်စတစ် ရောင်းချမှုကို ပိတ်ပင်သွားတော့မယ့် ဗြိတိန်

shutterstock_637004260.jpg

ဗြိတိန်နိုင်ငံတွင်း ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုကို ပိုမိုဆိုးရွားလာစေတဲ့ အခြေအနေကြောင့် ယင်းတို့အနေနဲ့ တစ်ခါသုံး ပလတ်စတစ် ရောင်းချမှုကို ပိတ်ပင်တားမြစ်ခြင်းအထိ လုပ်ဆောင်ပြီး သဘာဝပတ်ဝန်းကျင်အတွက် အားကြိုးမာန်တက် ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ် လို့ ဗြိတိန်ရဲ့ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး မိုက်ကယ်ဂို့ဗ်ကပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကျင်းပတဲ့ နှစ်နှစ်တစ်ကြိမ် ကျင်းပနေကျ CHOGM ထိပ်သီးညီလာခံ အစည်းအဝေးအတွင်း ကြေငြာသွားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ ကြီးထွားမြင့်တက်လာတဲ့ ပလတ်စတစ်အမှိုက်တွေရဲ့ ပြဿနာဟာ ပေါ့ဆစရာ မဟုတ်တော့ပါဘူး။ တစ်နှစ်ကို ပလတ်စတစ်အမှိုက်ပမာဏ ၈.၅ ဘီလီယံအထိ စွန့်ပစ်ကြတာကြောင့် ပင်လယ်နဲ့မြစ်ချောင်း ဝန်းကျင်ကို များစွာ ထိခိုက်ညစ်ညမ်းစေနေတာပဲ ဖြစ်ပါတယ်။

လက်ရှိစုပုံနေတဲ့ ပလတ်စတစ်အမှိုက်တွေကို ဖယ်ရှားသန့်စင်သွားစေဖို့အတွက်လည်း ဗြိတိန်ဟာ ဘက်ဂျက်အနေနဲ့ ပေါင် ၆၁သန်း ပမာဏသုံးစွဲပြီး ကြိုးစားဖြေရှင်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

“တစ်ခါသုံး ပလတ်စတစ်တွေက ပင်လယ်ဝန်းကျင်သဘာဝကို ထိခိုက်ပျက်စီးအောင် ညှင်းပန်းနှိပ်စက်နေကြတာပဲ။ ရေသတ္တဝါတွေကို ကျွန်တော်တို့ ဒီ့ထက်ပိုပြီး အဆုံးရှူံးခံလို့ မဖြစ်တော့ဘူး။ ဒါကို အရေးတကြီးကိစ္စရပ်အနေနဲ့ ကိုင်တွယ်သွားဖြေရှင်းသွားရတော့မှာပါ။ ပလတ်စတစ်အိတ် သုံးစွဲမှု လျော့သထက် လျော့လာဖို့ ကျွန်တော်တို့ သေသေချာချာလေး ကြပ်မတ်ပြီးပြီ။ အခု အာရုံစိုက်လုပ်သွားချင်တာက တစ်ခါသုံးပလတ်စတစ် အသုံးပြုမှုကို ပိတ်ပင်သွားဖို့ပါပဲ။ ဒီထဲမှာ အရည်သောက်ပလတ်စတစ်ပိုက်၊ ဖျော်ရည်မွှေ ပလတ်စတစ်ပိုက်တံ နဲ့ ပလတ်စတစ်ဂွမ်းတံ၊ ဘယ်လိုမှ ထပ်တလဲလဲ Recycle လုပ် အသုံးပြုဖို့ မဖြစ်တဲ့ တစ်ခါသုံး ပလတ်စတစ် ကော်ဖီခွက် စတာတွေ အကုန်ပါဝင်မှာပါ ” လို့ ဝန်ကြီးက ပြောဆိုသွားပါတယ်။

“တချို့စတိုးဆိုင်၊ ဘား နဲ့ စားသောက်ဆိုင် တွေမှာ ပလတ်စတစ်အသုံးလျော့တာ မြင်လာရတာ ဝမ်းသာစရာပဲ။ အဓိကကတော့ နောက်မျိုးဆက်တွေအထိ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ဖို့အရေးဆိုတာ အစိုးရရော၊ စီးပွားရေးလုပ်ငန်းတွေဘက်ကေရာ၊ ပြည်သူတွေဘက်ကပါ အားလုံး တက်ညီလက်ညီ ပါဝင် လက်တွဲပေးကြမှ ဖြစ်လာမယ့်ကိစ္စပါ။ ပလတ်စတစ်တွေကို ပြတ်သားဆန့်ကျင်ဖို့ ကိုယ်စီ တာဝန်ကျေကြကြရမှာက အမှန်ပါပဲ ” လို့ ဂို့ဗ်က ထပ်လောင်းပြောရင်း မေတ္တာရပ်ခံသွားခဲ့ပါတယ်။

Ref: UK businesses make world-first pact to ban single-use plastics

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top