စတော့ဈေးကွက်မှာ ကန်ဒေါ်လာ (၁.၆) သန်းရအောင်လုပ်ပြီး ဝန်ထမ်းတွေကို ခွဲဝေပေးခဲ့တဲ့ စီအီးအို

4-5-2020-yyl-002.jpg

ကန်ဒေါ်လာ (၁.၆) သန်းဆိုတဲ့ ပမာဏဟာ ကားအကောင်းစား၊ ဇိမ်ခံအိမ်ကြီးတွေ ဝယ်ယူလို့ရနိုင်ပါတယ်။ အိုဟိုင်းယိုးပြည်နယ်က အိမ်ခြံမြေကုမ္ပဏီ The Connor Group ရဲ့ပိုင်ရှင် လာရီ ကွန်နာဟာ အဲဒီငွေပမာဏကို ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ်အတွင်း စတော့ဈေးကွက်မှာ ရအောင် လုပ်ပြီး သူ့ဝန်ထမ်းတွေကို ဘောနပ်အနေနဲ့ ပေးဖြစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူဟာ သူ့ဝန်ထမ်းတွေကို ဘောနပ်တွေပေးမယ်ဆိုတာကို ဗီဒီယိုနဲ့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဝန်ထမ်းတွေက ဗီဒီယိုကနေ အဲဒါကို ကြားပြီး တအံ့တသြဖြစ်ခဲ့ရသလို တချို့ဆို ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျမိကြပါတယ်။

လာရီ ကွန်နာရဲ့ ကုမ္ပဏီက ဝန်ထမ်း (၄၀၀) ရှိပြီး COVID-19 ဖြစ်ပွားချိန်အတွင်းမှာ ဇိမ်ခံတိုက်ခန်းတွေ ရောင်းချမှုကို ဆက်လက်ဖွင့်ထားခဲ့ပါတယ်။ “ဒီအချိန်အခါက စိန်ခေါ်မှုတွေများနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဝန်ထမ်းတွေ တုံ့ပြန်လိုက်ပုံက ဟီးရိုးတွေလို့ပါပဲ။ ကျွန်တော်တို့ရဲ့ နံပါတ်ဝမ် းဦးစားပေးက မှန်ကန်တဲ့အရာကို လုပ်တာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ဝန်ထမ်းတွေ နေ့တိုင်းလုပ်တဲ့ အရာတွေနဲ့ယှဉ်ပြီး ပိုက်ဆံတွေကို ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားလိုက်တဲ့အခါမှာ ဘောနပ်တွေပေးတာက လုပ်ဖို့အတွက် မှန်ကန်တဲ့အရာဖြစ်ခဲ့ပါတယ်” လို့ စီအီးအို ကွန်နာက ပြောပါတယ်။

ကုမ္ပဏီက ဒေါ်လာ ၂၀၀၀ ကနေ ဒေါ်လာ ၉၀၀၀ ထိစဉ်ပြီး ဘောနပ်တွေကို ပေးမှာဖြစ်ပါတယ်။ ဘောနပ်တွေကို ရာထူးနဲ့လုပ်သက်ပေါ်မူတည်ပြီး တွက်ချက်ပေးသွားမှာဖြစ်ပြီး လစာအလယ်လတ်ရရှိတဲ့ဝန်ထမ်းက ဒေါ်လာ ၄၂,၀၀၀ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ “မိသားစုကို ဦးစားပေးပါတယ်။ ကုမ္ပဏီနဲ့ပတ်သက်ပြီး ကျွန်တော် အဲဒါကို ချစ်ပါတယ်။ ဒါက ကျွန်တော်ကို ဒီနေရာမှာ ဆက်လက်ရှိနေစေခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို ဂရုစိုက်ရုံသာမက ကျွန်တော်တို့မိသားစုရဲ့ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုကိုလည်း ဂရုစိုက်တယ်လို့ ကျွန်တော့်ကို အမြဲခံစားရစေပါတယ်။ သူတို့က ကူညီဖို့ အမြဲရှိနေပါတယ်” လို့ The Connor Group ကုမ္ပဏီမှာ လုပ်သက် (၁၃) နှစ်နီးပါးရှိတော့မယ့် စီနီယာနည်းပညာရှင် မီမို အယ်ဘာက ပြောပါတယ်။ သူက ဘောနပ် ဒေါ်လာ ၆၀၀၀ကို အိမ်ကို ပြန်ပြင်ဖို့၊ သူ့ဇနီး၊ ကလေးတွေနဲ့ ဖလော်ရီဒါကို ခရီးထွက်ဖို့နဲ့ သူ့ဇနီးနဲ့အတူ ညစာစားဖို့ အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်လာ (၁.၆) သန်းက အခွန်ဆောင်ပြီးသားဖြစ်ပြီး ဘောနပ်အပြင် The Connor Groupက ဝန်ထမ်းတွေ အားလုံးအတွက် ကလေးစောင့်ရှောက်မှု ကုန်ကျစရိတ်နဲ့ ချေးငွေအတွက် ပေးခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စီအီးအို ကွန်နာကလည်း “ကျွန်တော်တို့ ရှေ့ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ခက်ခဲနေတဲ့အချိန်မှာ ပြဿနာအကြောင်း ပြောနေတာထက် လုပ်ရပ်နဲ့ သက်သေပြနေတာပါ” လို့ ဆိုပါတယ်။

Ref: A real estate CEO made $1.6 million in the stock market in 8 days. He gave the money to his employees

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top